■အာဏာသိမ်း မြန်မာ စစ်ကောင်စီဟာ စားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ သုတေသီတွေကို ဖမ်းဆီး ထိန်းသိမ်းခဲ့သလို ထောက်ပံ့ကူညီရေး ဝန်ထမ်းတွေကိုလည်း မြန်မာနိုင်ငံမှာ လူဦးရေ သန်းနဲ့ချီပြီး ဆိုးရွားတဲ့ ဆာလောင်မွတ်သိပ်မှု (ငတ်မွတ်ခေါင်းပါးမှု) ဒဏ် ကြုံတွေ့ ခံစားနေရတယ်ဆိုတဲ့ အချက်အလက်တွေ မထုတ်ပြန်ဖို့ သတိပေးထားပါတယ်။ဝန်ထမ်းတွေကို အငြှိုးထား ရန်မူတာ ခံရမှာ စိုးရိမ်တဲ့အတွက် အကူအညီပေးရေး အဖွဲ့အစည်းတွေ အနေနဲ့လည်း သူတို့ ရှာဖွေတွေ့ရှိထားတဲ့ အချက်အလက်တွေကို မထုတ်ပြန်ရဲပါဘူး။
-People’s Spring ဘာသာပြန်ဆိုသည်။
မြန်မာနိုင်ငံ အနှံ့မှာ စားနပ်ရိက္ခာ အကျပ်အတည်းက ပြင်းပြင်းထန်ထန် ရိုက်ခတ်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းအချက်အလက်မှန်ကို စစ်ကောင်စီက ဖုံးကွယ်ထားပါတယ်။ နိုင်ငံအာဏာကို အဓမ္မ သိမ်းယူထားတဲ့ စစ်တပ်ဟာ သုတေသီတွေ အနေနဲ့ လူထုရဲ့ ဆာလောင်မွတ်သိပ်မှု(ငတ်မွတ်ခေါင်းပါးမှု) ပြဿနာအကြောင်း အချက်အလက် ကောက်ယူတာတွေ မလုပ်ဖို့၊ အကူအညီပေးရေး အဖွဲ့အစည်း ဝန်ထမ်းတွေ အနေနဲ့ အဲဒီ အချက်တွေကို မထုတ်ပြန်ဖို့ ဖိအားပေး အကျပ်ကိုင်ထားတယ်လို့ Reuters (ရိုက်တာ) သတင်းဌာနက စုံစမ်း တွေ့ရှိထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်တာ အတောအတွင်း တွေ့ဆုံ ဆွေးနွေးမှုတွေထဲမှာ အာဏာသိမ်း စစ်တပ်ရဲ့ ကိုယ်စားလှယ်တွေက မြန်မာပြည်သူတွေ သန်းနဲ့ချီပြီး ငတ်မွတ်လုနီးပါး ဆာလောင်မှု ပြဿနာတွေ၊ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ကြုံနေတယ်ဆိုတဲ့ အချက်အလက် အမှန်တွေ၊ စစ်ဆေးသုံးသပ်ချက်တွေကို မထုတ်ပြန်ဖို့ တောက်လျှောက် ခြိမ်းခြောက် သတိပေးနေခဲ့ပါတယ်။
အဲဒီ အချက်အလက်ပိုင်းရဲ့ ထိလွယ်ရှလွယ် ရှိမှုကို မြင်သာစေတဲ့ ကိစ္စတစ်ခုအဖြစ် နိုင်ငံတကာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ဆာလောင်မွတ်သိပ်မှု အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ဦးဆောင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ the Integrated Food Security Phase Classification (IPC)ဟာ ဆာလောင်မှု ပြဿနာ ကြုံနေတဲ့ နိုင်ငံတွေ စာရင်းကို ပြသထားတဲ့ကမ္ဘာ့မြေပုံကနေမြန်မာရဲ့အရောင်သတ်မှတ်ချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ပြန်ပြောင်းလဲခဲ့ရပါတယ်။ အကြောင်းရင်းက ရိုးရိုးလေးပါ။ IPCဟာ အဖွဲ့အစည်းရဲ့ သုတေသီတွေအပေါ် အငြှိုးထား ရန်ပြုမှုတွေ ရှိလာမှာကို စိုးရိမ်တာကြောင့်ပါပဲ။
ယုတ်ကန်းရက်စက်တဲ့ စစ်ကောင်စီရဲ့ စက်ကွင်းထဲကို အဖွဲ့အစည်းရဲ့ အချက်အလက် ကောက်ယူသူတွေ ကျရောက် မသွားစေဖို့ IPCက နောက်ထပ် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ရတဲ့ ကိစ္စတစ်ခုကတော့ အရှေ့တောင်အာရှ ဒေသတွင်းက ပြည်တွင်းစစ်ဒဏ်သင့် နိုင်ငံအကြောင်း ပြုစုထားတဲ့ အသေးစိတ် ဆန်းစစ်မှု အစီရင်ချက် သုံးခုကို လုံးဝ မထုတ်ပြန်ခြင်းပါပဲ။ တစ်ချိန်ကတော့ မြန်မာဆိုတာဟာ အာရှတိုက်ရဲ့ ဆန်အိုးတွေထဲက တစ်ခုလို့တောင် တင်စားခံရဖူးပေမယ့် အခုတော့ ကမ္ဘာပေါ်မှာ စားနပ်ရိက္ခာ အကျပ်အတည်း အကြီးမားဆုံး ကြုံနေတဲ့ နိုင်ငံတစ်ခု ဖြစ်လာပါပြီ။
ရိူက်တာဟာ ထောက်ပံ့ကူညီရေး အဖွဲ့အစည်းတွေရဲ့ ဝန်ထမ်းတွေ၊ သုတေသီတွေ၊ နောက်ပြီး ကုလသမဂ္ဂ အရာရှိတွေနဲ့ သံတမန် အစုအဖွဲ့တွေကို မြန်မာနိုင်ငံရဲ့ ဆာလောင်မွတ်သိပ်မှု ပြဿနာအကြောင်း ချဉ်းကပ်စုံစမ်း မေးမြန်းခဲ့ပါတယ်။ အများစုက သတင်းဌာန တစ်ခုဆီ တိုက်ရိုက်ဖြေကြားတဲ့ သဘောတရားမျိုးကို ငြင်းဆန်ပြီး အလွတ်သဘော (off the record)ပဲ မှတ်ချက်ပေးခဲ့ကြပါတယ်။ အားလုံးလိုလိုက စစ်ကောင်စီရဲ့ အညှိုးထား လက်တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်ကြတယ် ဆိုတာကို ဝန်ခံခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဒီမိုကရေစီ အစိုးရကို စစ်တပ်က အကြမ်းဖက် အာဏာသိမ်း ဖယ်ရှားလိုက်ချိန် ကတည်းက မြန်မာဟာ ဘေးဒုက္ခတောထဲ ကျရောက်သွားခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းမှုကို လူထုရဲ့ ဆန့်ကျင် တော်လှန်မှုဟာ ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေ အဆင့်ကနေ နိုင်ငံအနှံ့မှာ လက်နက်ကိုင် ခုခံစစ်ပွဲတွေ ဆင်နွှဲကြတဲ့ အဆင့်ထိ ကူးပြောင်းရောက်ရှိလာခဲ့ပါတယ်။
ရိုက်တာဟာ အခုဆောင်းပါးနဲ့ ပတ်သက်ပြီး မြန်မာ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနဆီ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်မှု မရခဲ့ပါဘူး။
IPCက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အထူးကောက်နုတ်ချက် တစ်ခုကို နိုဝင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပြီး ရိုက်တာက ဆန်းစစ်ကြည့်ခဲ့ပါတယ်။ အဲဒီ ကောက်နုတ်ချက်အရ မြန်မာနိုင်ငံ လူဦးရေရဲ့ လေးပုံတစ်ပုံလောက်နဲ့ ညီမျှတဲ့ ပြည်သူ ၁၄.၄ သန်းလောက်ဟာ အခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလတွေကစလို့ အထူးစိုးရိမ်ရတဲ့ စားနပ်ရိက္ခာ မဖူလုံမှု (acute food insecurity) အခြေအနေမျိုး ကြုံနေရပြီလို့ သိရပါတယ်။ ဒီနေရာမှာ acute food insecurity ဆိုတဲ့ ဝေါဟာရဟာ လူ့အသက်တွေ၊ ဒါမှမဟုတ် စားဝတ်နေရေးကို လက်တွေ့ ခြိမ်းခြောက်နိုင်တဲ့ အဆင့်မျိုး စားနပ်ရိက္ခာ ချို့ငဲ့တာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အဲဒီ ကောက်နုတ်ချက်မှာတော့ လာမယ့် နွေရာသီလောက်ကျရင် နိုင်ငံသား ၁၅ သန်းလောက်ထိ အဲဒီ အခြေအနေမျိုး ကြုံနေရလောက်တယ်လို့ သုံးသပ်ပြထားပါတယ်။
အဲဒီ အစီရင်ခံစာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကုလသမဂ္ဂ လက်အောက်ခံ ဝက်ဘ်ဆိုက်တစ်ခုမှာ ပြီးခဲ့တဲ့လက ဖော်ပြထားခဲ့ပေမယ့် နောက်တော့ လုံခြုံရေး စိုးရိမ်ရလို့ဆိုပြီး ပြန်ဖြုတ်ချသွားခဲ့ပါတယ်။ အခုတော့ အဲဒီ ဝက်ဘ်ဆိုက် စာမျက်နှာလင့်ခ်ကို ဝင်ကြည့်ရင် ‘Page not found’ဆိုတဲ့ စာသားကိုပဲ တွေ့ရပါတော့တယ်။
လူထုရဲ့ ဆာလောင်မွတ်သိပ်မှု အခြေအနေတွေကို ဆန်းစစ် စာရင်းကောက်နေတဲ့ ပုဂ္ဂိုလ်တွေက ရိုက်တာနဲ့ အင်တာဗျူးခဲ့တဲ့ အခါမှာတော့ စိုးတထိတ်ထိတ် လုပ်ဆောင်ရတဲ့ အလုပ်အကိုင် ပတ်ဝန်းကျင် အခြေအနေတွေ အကြောင်းကို ပြောပြခဲ့ပါတယ်။ အဲဒီ အချက်အလက် ကောက်ယူမှုတွေကို ခိုးကြောင်ခိုးဝှက် သိုသိုသိပ်သိပ် လုပ်ခဲ့ရသလို ထောက်ပံ့ရေး အေဂျင်စီ အသီးသီးဟာ သူတို့ ရှာဖွေ တွေ့ရှိထားတဲ့ အာဟာရ ချို့တဲ့မှုနဲ့ စားနပ်ရိက္ခာ မဖူလုံမှုဆိုင်ရာ အချက်အလက်တွေကို လူသိရှင်ကြား ထုတ်ပြန်ဖို့ ကြောက်ရွံ့နေကြရပါတယ်။ ယုတ်စွအဆုံး အဖွဲ့အစည်း အချင်းချင်းတောင်မှ အပြန်အလှန် ဝေငှပြီး အသိပေးတာမျိုးတွေ မလုပ်ရဲကြပါဘူး။
သူတို့တွေ ဒီလို ကြောက်ရွံ့ကြတယ် ဆိုတာကလည်း မလွန်လှပါဘူး။ စစ်ကောင်စီဟာ စားနပ်ရိက္ခာ ဖူလုံမှုဆိုင်ရာ စစ်တမ်းပြုစု ကောက်ယူသူတွေကို ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိတယ်ဆိုတာ နီးစပ်သူတွေကလည်း အတည်ပြုထားပါတယ်။ ပြီးတော့ အဲဒီ ဖမ်းဆီးမှုတွေကို လူမသိ လူမသိ လုပ်ဆောင်ပြီး သတင်းဖျောက်ဖျက်ထားပြန်ပါတယ်။ အဖမ်းခံထားရသူတွေရဲ့ အခြေအနေ ဘယ်လိုဘယ်ပုံ ရှိသလဲ ဆိုတာကို ရိုက်တာက စုံစမ်းလို့ မရသေးပါဘူး။
မြန်မာပြည်သူတွေရဲ့ ဆာလောင်မွတ်သိပ်မှု ပြဿနာနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် သုတေသနပြု ဆန်းစစ်ထားတဲ့ အချက်အလက်တွေ ရှားပါး ပြတ်လပ်နေတဲ့အခါ ထောက်ပံ့ရေး အဖွဲ့အစည်းတွေကလည်း လူသားချင်း စာနာမှုဆိုင်ရာ ရန်ပုံငွေတွေ စုဆောင်းပေးနိုင်ဖို့ အခက်ကြုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြဿနာက ဘယ်လောက် သေရေးရှင်းရေးအဆင့် ကြီးထွားနေသလဲ ဆိုတာကို လက်ဆုပ်လက်ကိုင် ပြသနိုင်မယ့် အထောက်အထားတွေ မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သံတမန် အသိုက်အဝန်းထဲက ပုဂ္ဂိုလ် တဦးက မှတ်ချက်ပေးခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှုဆိုင်ရာ တုံ့ပြန် ဆောင်ရွက်မှုတွေထဲမှာ မြန်မာနိုင်ငံက အရေးအကြီးဆုံး ခေါင်းစဉ်တစ်ခု ဖြစ်သင့်ပေမယ့် ထောက်ပံ့ငွေ စုဆောင်းပေးနိုင်စွမ်း အနည်းဆုံး ဖြစ်နေပါတယ်။ အခုနှစ်ထဲမှာ ကုလသမဂ္ဂဟာ နိုင်ငံတကာ အလှူရှင်တွေဆီကနေ မြန်မာ့အရေးအတွက် ဒေါ်လာ ၁ ဘီလီယံလောက် စုဆောင်းရရှိခဲ့ပေမယ့် ရည်မှန်းထားတဲ့ ပမာဏရဲ့ သုံးပုံတစ်ပုံလောက်သာ ဖြစ်ခဲ့တာပါ။
“လူတွေက စားနပ်ရိက္ခာမဖူလုံမှုနဲ့ အာဟာရ ချို့တဲ့မှုလို ကိစ္စတွေကိုတောင် ထုတ်ပြောရမှာ ကြောက်ရွံ့နေတဲ့ မြန်မာနိုင်ငံလို အနေအထားမျိုး ကျွန်တော် ကြုံခဲ့ဖူးတာ မရှိသလောက်ပဲ”လို့ Ruetersနဲ့ စကားပြောဖြစ်ခဲ့တဲ့ သံတမန် အရာရှိက ဆိုပါတယ်။
နောက်ပြီး စစ်ကောင်စီဟာ လူထုကို တမင်တကာ ငတ်သထက်ငတ်အောင် ရိက္ခာ ဖြန့်ဝေမှု လမ်းကြောင်းတွေကို ပိတ်ပင်တာ၊ ရိက္ခာတွေကို ကြားဖြတ် သိမ်းယူတာတွေ လုပ်ဆောင်ခဲ့တဲ့ ဖြစ်စဉ်တွေထဲက ၄ ခုကို ရိုက်တာက ဖော်ထုတ် အတည်ပြုထားနိုင်ခဲ့ပါတယ်။
အဲဒီထဲက တစ်ခုဟာ နိုင်ငံ အနောက်ပိုင်းမှာ တည်ရှိတဲ့ ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ အာရက္ခတပ်တော် (AA)နဲ့ မြန်မာ စစ်တပ်ကြားက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပြိုလဲသွားတဲ့နောက် ရခိုင်ပြည်နယ်ထဲမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။ ရခိုင်ပြည်နယ် ဆိုတာဟာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် စစ်တပ်က ဖိနှိပ် ဖြိုခွင်းမှုတွေ ကျူးလွန်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။စစ်ကောင်စီဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရခိုင်ပြည်နယ်ထဲ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ တင်သွင်းမှုကို တင်းတင်းကျပ်ကျပ် တားမြစ်လာခဲ့တာကြောင့် ကလေးတွေမှာ အာဟာရ ချို့တဲ့မှုတွေ ကြုံတွေ့လာစေသလို တစ်နေရာမှာဆိုရင် ကာလဝမ်းရောဂါ ကူးစက်မှုတွေနဲ့ ရုန်းကန်ရတဲ့ အခြေအနေတွေတောင် ရှိခဲ့တယ်လို့ အကူအညီပေးရေး ဝန်ထမ်းတွေက ပြောပြခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ စားနပ်ရိက္ခာ အကျပ်အတည်းဟာ အရမ်းဆိုးရွားနေသလို အခုနှစ်ထဲမှာ ဒုက္ခသည် ၇၀၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေး တိမ်းရှောင်သွားခြင်းရဲ့ အကြောင်းတရားတွေထဲက တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီ အရေအတွက်ဟာ မူလက ဖော်ပြထားတာထက် ၅၀ ရာခိုင်နှုန်းနီးပါး ပိုများနေခဲ့တာပါ။ နိုဝင်ဘာလမှာ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်(UNDP)က ရခိုင်ပြည်နယ်ဟာ စိုးရိမ်စရာ အငတ်ဘေး ဆိုက်မှုနဲ့ ကြုံရလုနီးပါး ဖြစ်လာနေတယ်လို့ သတိပေးခဲ့ပါတယ်။ တစ်နည်းအားဖြင့် လူဦးရေ ၂ သန်းလောက်ဟာ ဆိုးဆိုးရွားရွား အငတ်ဘေး ဆိုက်သွားနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က စစ်ကောင်စီဟာ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့တဲ့ ကဏ္ဍတွေကို စနစ်တကျ ကန့်သတ် တားဆီးနေတာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ လုပ်ရပ်ကြောင့်လည်း ကာလဝမ်းရောဂါနဲ့ တခြားသော ကူးစက်ရောဂါဆိုးတွေ ပျံ့နှံ့မှုကို ပိုပြီး အားပေးရာ ရောက်နေခဲ့ပါတယ်။ အင်ဒရူးစ်က သူရရှိထားတဲ့ သတင်း အချက်အလက်တွေ အရဆိုရင် သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နိုင်ငံတကာ အထောက်အပံ့ ပစ္စည်းတွေနဲ့ အဆက်ပြတ်နေပြီး အငတ်ဘေး ကြုံလုနီးပါး ဖြစ်နေတယ်လို့လည်း ရိုက်တာကို ပြောပြခဲ့ပါတယ်။
နောက်ပြီး စစ်ကောင်စီရဲ့ ကြီးစိုးအုပ်ချုပ်မှုဟာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှု ကဏ္ဍတွေအပေါ် အကြီးအကျယ် ပျက်စီးကိန်း ဆိုက်စေခဲ့တယ်လို့ ရန်ကုန်မှာရှိတဲ့ ဗြိတိန် သံရုံးရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က မှတ်ချက် ပေးခဲ့ပါတယ်။ “ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရ ချို့တဲ့မှုဒဏ် ခံရတဲ့ ပြည်သူလူထု အရေအတွက်ဟာ တစ်နေ့တခြား တိုးလာနေပါတယ်။ သန်းပေါင်းများစွာဟာ ဆင်းရဲမွဲတေမှုဒဏ်ကြောင့် ရုန်းကန်နေကြရပါတယ်”လို့ သူက ဆိုတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လူသားတွေရဲ့ ဆာလောင်မှု ပြဿနာ၊ ပြီးတော့ အငတ်ဘေး ဖြစ်နိုင်ခြေကို တားဆီးဖို့အတွက် ကုလသမဂ္ဂ အေဂျင်စီတွေ၊ အန်ဂျီအိုတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေ၊ အလှူရှင် နိုင်ငံတွေက လက်ခံ ကျင့်သုံးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကျင့်သုံးနေမှု နည်းစနစ်တွေမှာ ဘယ်လို ဟာကွက်တွေ ရှိနေသလဲ ဆိုတာကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက ကမ္ဘာပေါ်မှာ ရှိနေတဲ့ နိုင်ငံပေါင်း ၅၉ ခုထဲက လူပေါင်း ၂၈၂ သန်းလောက်ဟာ သတိကြီးကြီး ထားသင့်လောက်တဲ့ acute food insecurity အခြေအနေတွေနဲ့ ရုန်းကန်နေခဲ့ရပါတယ်။ Reutersဟာ ဆူဒန်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေကစပြီး ကမ္ဘာတလွှားက ဆလောင်မွတ်သိပ်မှုဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး ခြေရာခံ မှတ်တမ်းပြုစုမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဆာလောင်မွတ်သိပ်မှု ပြဿနာကို ဆန့်ကျင်တိုက်ဖျက်ရာမှာ အဓိက အကျဆုံး အဟန့်အတား တစ်ခုကတော့ သက်ဆိုင်ရာ နိုင်ငံအလိုက် အစိုးရတွေဟာ အကူအညီပေးရေးဆိုင်ရာ အားထုတ်မှုတွေကို ကဖျက်ယဖျက် လုပ်နေကြခြင်းပါပဲ။ အဲဒီထဲမှာ အာဟာရ ဖြည့်တင်းမှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေ စာရင်းကောက်ယူတဲ့ ကိစ္စတွေကို တားဆီးတာလည်း ပါဝင်ပါတယ်။
ရည်ရွယ်ချက်ကတော့ အဲဒီ အုပ်စိုးသူ အစုအဖွဲ့တွေက သူတို့ရဲ့ ညံ့ဖျင်းမှုကို လူသိရှင်ကြား ထုတ်မပြချင်လို့ ဖြစ်နိုင်သလို တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေဆီ ထောက်ပံ့ရေး ပစ္စည်းတွေ ရောက်မသွားစေချင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မြန်မာအပြင် စားနပ်ရိက္ခာ ပြဿနာ ကြုံနေတဲ့ နိုင်ငံတွေ စာရင်းထဲက အီသီယိုးပီးယား၊ ယီမင်နဲ့ ဆူဒန်တို့မှာလည်း အစိုးရ၊ ဒါမှမဟုတ် သူပုန်အဖွဲ့အစည်းတွေက IPCရဲ့ အချက်အလက် ကောက်ယူမှုတွေကို ပိတ်ပင်တာ၊ ဒါမှမဟုတ် ရှာဖွေ တွေ့ရှိချက်တွေကို လွှမ်းမိုးဖို့ အားထုတ်တာ၊ အချက်အလက် အမှားတွေနဲ့ ပြောင်းလဲဖို့ ကြိုးစားတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
နောက်ပြီး ကုလသမဂ္ဂ အရာရှိတွေနဲ့ သီးသန့် တွေ့ဆုံ ဆွေးနွေးမှုတွေမှာ စစ်ကောင်စီဖက်က ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံရဲ့ ဆာလောင်မွတ်သိပ်မှု အကျပ်အတည်းနဲ့ ပတ်သက်လို့ အချက်အလက်တွေ ထုတ်ပြန်တာကို ဝေဖန်ခဲ့ကြတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက မြန်မာဟာ ကျရှုံးနိုင်ငံ တစ်ခုရဲ့ အသွင်သဏ္ဍန် ဖြစ်နေမှာ၊ ဒါမှမဟုတ် ယူကရိန်း နဲ့ ဂါဇာကမ်းမြှောင်ဒေသတို့လို စစ်ဘေးသင့် နယ်မြေအဖြစ် ပုံဖော်ခံရမှာ မလိုလားကြပါဘူး။ နေပြည်တော်က အစည်းအဝေး တစ်ခုမှာတော့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဟာ စားနပ်ရိက္ခာ မဖူလုံမှု ပြဿနာအကြောင်း ဆွေးနွေးတဲ့အခါ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးက မုန့်ပဲသရေစာ ပန်းကန်တွေကိုတောင် တည်ခင်းဧည့်ခံခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ မဖူလုံမှု ပြဿနာရှိမနေပါဘူးလို့ ဝန်ကြီးကပြောခဲ့ကြောင်းအဲဒီ အစည်းအဝေးနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ အဲဒီ အကြောင်းကို ရိုက်တာက အီးမေးလ်ပေးပို့ပြီး မေးမြန်းတဲ့အခါ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနတွေဆီက အကြောင်းပြန်မှု မရှိခဲ့ကြပါဘူး။ နောက်ပြီး စစ်ကောင်စီက နိုင်ငံတကာ လူသားချင်း စာနာမှု အဖွဲ့အစည်းတွေကို လုံးဝ ပိတ်ပင်မှု မရှိကြောင်းနဲ့ အကူအညီ လိုအပ်နေသူတွေဆီ ထောက်ပံ့ရေး ပစ္စည်းတွေ ချောချောမွေ့မွေ့ ရောက်ရှိနိုင်ရေး ကူညီပေးနေပါကြောင်း အသံကောင်း ဟစ်ထားပါသေးတယ်။
ရခိုင်ပြည်နယ်ထဲကနေ ခက်ခဲကြမ်းတမ်းလှတဲ့ ခရီးစဉ်နဲ့ စွန့်စားထွက်ခွာဖို့ သူရွေးချယ်ခဲ့တာဟာ စစ်ပွဲတွေကြောင့် မဟုတ်ဘဲ ဆာလောင်မွတ်သိပ်မှုဒဏ်ကြောင့် ဖြစ်တယ်လို့ ကိုယ်ဝန် အရင့်အမာနဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ဂျူဟာရာ ဘီဂမ်က ပြောပါတယ်။ သူနဲ့မိသားစုဝင်တွေဟာ ကာလတချို့မှာ သစ်ရွက်တွေနဲ့ အလေ့ကျပေါက်တဲ့ ဟင်းသီးဟင်းရွက်တွေကိုတောင် စားသောက်ရင်း အသက်ရှင်ခဲ့ရတယ်လို့ ဘီဂမ်က ဆိုပါတယ်။ စားစရာ မရှိတဲ့အခါ တော့တီးတော့တ လမ်းလျှောက်တတ်စ သားအကြီးလေးက ငိုပါတယ်။ ဘီဂမ်တို့ မိသားစုဟာ ကလေးကို အဆာပြေ စုပ်နေနိုင်အောင် ငှက်ပျောအူတောင့် တစ်ခုပဲ ပေးထားနိုင်ခဲ့ပါတယ်။
“ငရဲကျနေသလို ခံစားခဲ့ရတာပါ”လို့ အခုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားမြို့နားက ဒုက္ခသည် စခန်းတစ်ခုဆီ ရောက်နေတဲ့ ဘီဂမ်က ဆိုပါတယ်။ သူဟာ တစ်နေ့လုံးလုံး ခြေလျင်လမ်းလျှောက်ခဲ့တဲ့နောက် အဲဒီစခန်းကို နိုဝင်ဘာလမှာ ရောက်လာခဲ့တာ ဖြစ်ပါတယ်။
စခန်းကို လောလောလတ်လတ် ထပ်ရောက်လာသူတွေထဲမှာ အသက် ၂၃ နှစ်အရွယ် ကက်စ်မီဒါ ဘီဂမ်၊ သူ့ရဲ့ ခင်ပွန်းဖြစ်သူ ဆူလိုင်မန်နဲ့ ကလေးနှစ်ယောက်တို့လည်း အပါအဝင် ဖြစ်ပါတယ်။ အစားအသောက် ရှားပါး ငတ်မွတ်လွန်းတော့ ကလေးတွေကို နို့တိုက်ချင်တာတောင် နို့မထွက်ဘူးလို့ အမျိုးသမီးက ဖွင့်ဟခဲ့ပါတယ်။ “ကျွန်မကိုယ်တိုင်က တချိန်လုံး ဆာလောင်နေမှတော့ နို့လည်း ဘယ်ထွက်တော့မလဲ”လို့ သူကဖွင့်ဟပါတယ်။
မြန်မာနိုင်ငံဟာ ဆယ်စုနှစ်တွေနဲ့ချီ ကြာညောင်းအောင် စစ်တပ် အုပ်စိုးမှုအောက် ကျရောက်နေခဲ့ပါတယ်။ နောက်တော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အစီအမံတွေနဲ့အတူ ၂၀၁၅ ခုနှစ်မှာတော့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရ အာဏာရလာခဲ့ပါတယ်။ သူ့ရဲ့ အစိုးရဟာ နိုင်ငံတကာ အထောက်အပံ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နိုင်ငံအနှံ့မှာ အာဟာရဓာတ် ဖြည့်တင်းနိုင်ရေး အစီအမံတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ အဲဒီ အပေါင်းလက္ခဏာ ဆန်မှုတွေဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ အစိုးရကို ဖယ်ရှားဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကစလို့ ဦးစိုက်ကျွမ်းပြန် ဖြစ်ကုန်ပါတော့တယ်။ မင်းအောင်လှိုင်က သူ့ကိုယ်သူ ဝန်ကြီးချုပ် ရာထူး ခန့်အပ်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နေပြည်တော် အကျဉ်းထောင်မှာ တိုက်ပိတ်ခံထားရတယ်လို့ သားဖြစ်သူက ဆိုပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်ရာက ဖြစ်ပေါ်လာတဲ့ လူထုအုံကြွ ဆန္ဒပြမှုတွေကို စစ်ကောင်စီက အင်အားသုံး အကြမ်းဖက် ဖြိုခွင်းလိုက်တဲ့နောက် မြန်မာနိုင်ငံမှာ နှစ်ရှည်လများ တည်တံ့ရပ်တည်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်ကို တော်လှန်မယ့် တော်လှန်ရေး အင်အားစုတွေ အလျှိုအလျှို ပေါ်ထွက်လာကြပါတယ်။ စစ်ဘောင် ကျယ်လာတာနဲ့အမျှ စစ်ကောင်စီဟာ လက်ဆုပ်လက်ကိုင် ထိန်းချုပ်နယ်မြေတွေကို ဆက်တိုက် လက်လွတ် ဆုံးရှုံးလာရပါတော့တယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ သောင်းဂဏန်းကို မတရားချုပ်နှောင် ဖမ်းဆီးခဲ့ပါတယ်။ ညှင်းပန်းနှိပ်စက်မှုတွေကိုလည်း နေရာအနှံ့ ကျူးလွန်ခဲ့ကြတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ဆိုပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားပြီးချိန် ကတည်းက လူပေါင်း ၃.၄ သန်းလောက်ဟာ နေရပ်စွန့်ခွာပြီး စစ်ရှောင်ခဲ့ကြရပါတယ်။ အဲဒီ အခြေအနေကလည်း ဆာလောင်မွတ်သိပ်မှု အကျပ်အတည်းအတွက် အဓိက အကြောင်းတရားတစ်ခု ဖြစ်စေခဲ့ပြန်သလို ရေလွှမ်းမိုးမှုတွေနဲ့ တခြား ပြင်းထန်တဲ့ ရာသီဥတု ဖောက်ပြန်မှု ပြဿနာတွေကလည်း အခြေအနေတွေကို ဆိုးသထက် ဆိုးစေခဲ့ပါတယ်။
နောက်ပြီး စစ်ကောင်စီဟာ အန်ဂျီအို အဖွဲ့အစည်းအားလုံး အာဏာပိုင်တွေဆီမှာ မှတ်ပုံတင်ရမယ်ဆိုတဲ့ ဥပဒေ တစ်ခုကို ပြဋ္ဌာန်းခဲ့ပြီး ချိုးဖောက်ရင် ထောင်ဒဏ် ချမှတ်နိုင်တယ် ဆိုတာမျိုး ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီတော့ အန်ဂျီအိုတွေဟာ ကွင်းဆင်း သုတေသန ကိစ္စတွေ လုပ်ဆောင်တာမျိုး ကိစ္စတွေကအစ အာဏာပိုင်တွေဆီက ခွင့်ပြုချက် လျှောက်ထားရပါတယ်။ ပြီးတော့ သူတို့ရဲ့ လျှောက်ထားမှု အများစုကို စစ်ကောင်စီ လက်ပါးစေ အာဏာပိုင်တွေက ပယ်ချလိုက်တာချည်းပါပဲ။ အထူးသဖြင့် စားနပ်ရိက္ခာနဲ့ အာဟာရ ကိစ္စလိုမျိုး အကြောင်းအရာတွေဆိုရင် ပယ်ချခံရဖို့ ကျိန်းသေသလောက်ပဲလို့ လူသားချင်းစာနာမှု ထောက်ပံ့ရေး ဝန်ထမ်းတွေက ပြောပြပါတယ်။
သူတို့တွေနဲ့ Reutersက အင်တာဗျူးတွေ လုပ်ကြည့်တဲ့အခါ ဝန်ထမ်းတွေက သူတို့ကိုယ်တိုင်ရော၊ မိတ်ဖက် အဖွဲ့အစည်းတွေရဲ့ အလုပ်သမားတွေကပါ ကိုယ့်အလုပ်ကိုယ် ပွင့်ပွင့်လင်းလင်း မလုပ်ရဲကြကြောင်း ဖွင့်ဟခဲ့ကြပါတယ်။အကြောင်းကတော့ သူတို့တွေ အဖမ်းခံရမှာ၊ ဒါမှမဟုတ် သူတို့ရဲ့ လုပ်ငန်း လည်ပတ်မှုတွေ ပိတ်ပင်ခံရမှာကို စိုးရိမ်ကြတာကြောင့်ပါ။ အန္တရာယ် ကြုံနိုင်ခြေကို အနိမ့်ဆုံး အဆင့်ထိ လျှော့ချဖို့အတွက် ကွင်းဆင်းပြီး သုတေသနပြုနေ၊ အချက်အလက် ကောက်ယူနေတဲ့ ဝန်ထမ်းတွေ ဘယ်သူဘယ်ဝါ ဆိုတာကို တစ်ခါတလေမှာ အချင်းချင်းတောင် လျှို့ဝှက်ထားလေ့ ရှိကြတယ်လို့ ဝန်ထမ်းတွေက ပြောပြပါတယ်။
●ဒုတိယပိုင်းကို ဒီဇင်ဘာ ၂၂ ရက်မှာဆက်လက်ဖော်ပြပါမယ်
(Reuters သတင်းဌာနရဲ့ Myanmar junta intimidates aid groups in effort to hide hunger crisis အထူးဆောင်းပါးကို လူထုနွေဦးက ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြထားပါတယ်)
(စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ငတ်မွတ်ခေါင်းပါးမှုအခြေအနေဟာပိုဆိုးလာနေပါတယ်။စစ်ကောင်စီကိုယ်တိုင်က ပြည်သူတွေကို စားနပ်ရိက္ခာအပါအဝင် ဖြတ်လေးဖြတ်လုပ်တာတွေရှိပါတယ် ။ WFP လိုအဖွဲ့က ထိခိုက်ခံစားရနိုင်ခြေများတဲ့ ပြည်သူတွေကိုပေးတဲ့ အကူအညီတွေကိုတောင်စစ်တပ်က ရယူအသုံးပြုခဲ့ပါတယ် ။စစ်တပ်ရဲ့ မောင်တော နခခ(၅)ကို AA သိမ်းယူအပြီး ဂိုဒေါင်တစ်ခုမှာတွေ့ရတဲ့ ပြည်သူတွေအတွက် WFP ကပေးမယ့်ဆန်အိတ်တွေကိုစစ်ကောင်စီတပ်တွေက ယူဆောင်အသုံးပြုခဲ့တာကိုဒေသတွင်းသတင်းဌာန ABNကရုပ်သံမှတ်တမ်းနဲ့တကွဖော်ထုတ်နိုင်ခဲ့ပါတယ်။ဓါတ်ပုံ-ရိုက်တာ၊ABN ၊ File Photo )