လက်ရှိ ကွန်ဂိုမှာ ကြုံတွေ့နေရတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေဟာ နိုင်ငံသမိုင်းတလျှောက် ကြုံဖူးသမျှ ကူးစက်မှုတွေထဲမှာ မြန်နှုန်း အမြင့်ဆုံး ဖြစ်လာနေတယ်လို့ သိရပါတယ်။
အခုအခါ အီဘိုလာကြောင့် သေဆုံးသူ ၁၅၀၀ နီးပါးလောက်ထိ ရှိလာပြီဖြစ်ပြီး ကူးစက်နှုန်းကို လျှော့ချဖို့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အပတ်တကုတ် ကြိုးပမ်းမှုတွေကလည်း ခက်ခဲတဲ့ အတားအဆီးပေါင်း များစွာနဲ့ ကြုံနေရပါတယ်။
ဒီတစ်ကြိမ် အီဘိုလာ ကူးစက်မှုတွေဟာ ဘွန်ဒီဘူဂျိုဆိုတဲ့ ဗိုင်းရပ်စ်မျိုးကွဲကြောင့် ဖြစ်ပါတယ်။ အီဘိုလာ ရောဂါအတွက် ကာကွယ်ဆေးတချို့ ရှိပေမယ့် အဲဒီဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ အမျိုးအစား အတွက်တော့ ကာကွယ်ဆေးရော၊ ကုသဆေးပါ ထွက်ပေါ်မလာသေးပါဘူး။ ဒါကြောင့်လည်း ဆရာဝန်တွေဟာ လူနာတွေရဲ့ ရောဂါ လက္ခဏာတွေ လျော့ပါးစေဖို့သာ အဓိက ကူညီပေးနေရပါတယ်။
အခုအခါ ကွန်ဂို အရှေ့ပိုင်းက ပြည်နယ် ၅ ခုမှာ ရောဂါပျံ့နှံ့ ဖြစ်ပွားသူ ၃၃၆၀ ထိ အတည်ပြု တွေ့ရှိထားပြီး ၁၄၈၇ ဦး သေဆုံးခဲ့ပါတယ်။ ဒါကြောင့် သေနှုန်းဟာ ရောဂါဖြစ်ပွားသူ ဦးရေရဲ့ ၄၇ ရာခိုင်နှုန်းလောက် အချိုးအစားထိ မြင့်တက်နေပါတယ်။

Public Service Announcement
ကွန်ဂို အရှေ့ပိုင်း ဒေသတွေမှာ အစိုးရစစ်တပ်နဲ့ ခွဲထွက်ရေး ပြောက်ကျားအဖွဲ့တွေကြား စစ်ခင်း တိုက်ခိုက်နေပြီး ပြောက်ကျားတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကူးစက်မှုတွေ ဖြစ်ပေါ်နေတာကြောင့်လည်း ရောဂါ တားဆီးရေး ဆောင်ရွက်မှုတွေမှာ အဟန့်အတားတွေ ကြုံတွေ့နေပါတယ်။
ကွန်ဂိုမှာ အရင်က အီဘိုလာရောဂါ ကူးစက်မှုတွေ အခါအားလျော်စွာ ဖြစ်ပွားခဲ့ဖူးတာ ၁၆ ကြိမ် ရှိခဲ့ဖူးပါတယ်။ မေလ ၁၅ ရက်နေ့မှာ ကွန်ဂို ကျန်းမာရေး အာဏာပိုင်တွေက တရားဝင် ကြေညာလိုက်တဲ့ ၁၇ ကြိမ်မြောက်မှာတော့ ကူးစက်နှုန်းဟာ အရင်အကြိမ်တွေထက် သိသိသာသာ ပိုမို မြန်ဆန်လာခဲ့တာ ဖြစ်ပါတယ်။ ဥပမာ အရင်က အဆိုးဆုံးလို့ သတ်မှတ်ထားတဲ့ ကူးစက်မှုတွေဟာ ၂၀၁၈ ကနေ ၂၀၂၀ ပြည့်နှစ်ကြားမှာ ၂ နှစ်ဝန်းကျင်လောက် ဖြစ်ပွားပြီး လူပေါင်း ၃၄၇၀ ကူးစက် ခံခဲ့ရပါတယ်။ အခုတော့ နှစ်လခွဲလောက် အကြာမှာတင် အဲဒီဦးရေကို လိုက်မီလုနီးပါးထိ ဖြစ်လာခဲ့တာပါ။
ကွန်ဂို အီဘိုလာ ကူးစက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို အဓိက ဦးဆောင်နေသူ ပါမောက္ခ ပီယေး အကီလီမာလီက ကူးစက်နှုန်းဟာ ဆက်လက် ကျယ်ပြန့် မြန်ဆန်နေပြီး ဘယ်အချိန်မှာ ကူးစက်မှု အမြင့်ဆုံးအဆင့်ကို ရောက်မလဲဆိုတာ မခန့်မှန်းနိုင်သေးကြောင်း ပြောပါတယ်။ ရောဂါတစ်ခုရဲ့ ကူးစက်မှု အမြင့်ဆုံး အချိန် ဆိုတာဟာ အဲဒီကာလကို ကျော်ဖြတ်ပြီးရင် ကူးစက်နှုန်း ပြန်လျော့သွားတဲ့ အပိုင်းအခြားကို ဆိုလိုတာပါ။
အီဘိုလာဟာ အပြင်းဖျားတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနဲ့ အဆစ်အမြစ်တွေ ကိုက်ခဲတာ၊ အားနည်းပြီး မောပန်းနွမ်းနယ်တာ၊ လည်ချောင်းနာတာ၊ ခံတွင်းပျက်တာ၊ အပြင်းအထန် ပျို့အန်တာ၊ ဗိုက်အောင့် ရင်ဘတ်အောင့်တာ၊ သွေးဝမ်းသွားတာ၊ သွေးအန်တာ၊ ခန္ဓာကိုယ်အနှံ့ အဖုအပိန့်တွေ ထွက်ပေါ်တာစတဲ့ ရောဂါ လက္ခဏာတွေ ပြသတတ်ပါတယ်။ ရောဂါ ပြင်းထန်တဲ့ အခြေအနေမှာတော့ ကျောက်ကပ်နဲ့ အသည်းတွေပါ ပျက်စီးပြီး အသက်ဆုံးရှုံးရပါတယ်။
အဲဒီရောဂါဟာ သွေး၊ အကျိအချွဲတွေ အပါအဝင် လူ့ခန္ဓာကိုယ်က ထွက်ပေါ်လာတဲ့ အရည်တွေကနေတဆင့် အဓိက ကူးစက်လေ့ ရှိပါတယ်။
ဘွန်ဒီဘူဂျို ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ အီဘိုလာ ရောဂါအတွက် ကာကွယ်ဆေးကို အခုအခါ ဆေးရုံဆေးခန်းတွေမှာ လက်တွေ့ စမ်းသပ်တဲ့အဆင့် စတင်လုပ်ဆောင်နေပြီ ဖြစ်ပေမယ့် ရလဒ်တွေကို အတည်ပြုဖို့ လပိုင်းလောက် အချိန်ယူရဦးမှာ ဖြစ်ပါတယ်။
အခုသီတင်းပတ် အစောပိုင်းတုန်းက ပြည်တွင်း အီဘိုလာ ကူးစက်မှုတွေ ရှိနေတာကို တရားဝင် အတည်ပြု ကြေညာခဲ့တဲ့ အိမ်နီးချင်း ယူဂန္ဓာ အစိုးရကတော့ နောက်ဆုံး ကူးစက်လူနာကို တွေ့ရှိတာ ၁၂ ရက် ကြာမြင့်ခဲ့ပြီလို့ ပြောပါတယ်။ ပြီးတော့ ယူဂန္ဓာရဲ့ အီဘိုလာ တုံ့ပြန်တိုက်ဖျက်ရေး ပညာရှင်တွေကိုလည်း ကွန်ဂိုဆီ အကူအညီပေးဖို့ စေလွှတ်ထားကြောင်း သိရပါတယ်။
ကိုးကား: Guardian

















































