Connect with us

Hi, what are you looking for?

ဘာသာပြန်ဆောင်းပါး

စစ်​ရေး ပဋိပက္ခ​တွေ နဲ့ မွန်းကြပ်နေတဲ့ နိုင်ငံထဲက အပျော်ခရီးများ

စစ်ရေး ပဋိပက္ခနွံထဲ နစ်မြုပ်နေခဲ့တာ နှစ်တွေနဲ့ချီ ကြာမြင့်လာပြီ ဖြစ်ပေမယ့် အပျော်ခရီးတွေ ထွက်ကြခြင်းကတော့ မွန်းကြပ်နေတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားနေဆဲပါ။ ဒါပေမဲ့ ခရီးသွား အများစုဟာ နိုင်ငံရဲ့ ပိုင်နက် နယ်နိမိတ်ထဲက နေရာတွေကိုပဲ အဓိက ရွေးချယ်နေကြပါတယ်။

People’s Spring

စစ်ရေး ပဋိပက္ခနွံထဲ နစ်မြုပ်နေခဲ့တာ နှစ်တွေနဲ့ချီ ကြာမြင့်လာပြီ ဖြစ်ပေမယ့် အပျော်ခရီးတွေ ထွက်ကြခြင်းကတော့ မွန်းကြပ်နေတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားနေဆဲပါ။ ဒါပေမဲ့ ခရီးသွား အများစုဟာ နိုင်ငံရဲ့ ပိုင်နက် နယ်နိမိတ်ထဲက နေရာတွေကိုပဲ အဓိက ရွေးချယ်နေကြပါတယ်။

စီးပွားရေးမြို့တော် ရန်ကုန်ရဲ့ အနောက်ဖက် ကီလိုမီတာ ၂၀၀ လောက် အကွာမှာတည်ရှိတဲ့ နာမည်ကျော်ငွေဆောင် ကမ်းခြေဟာ နှစ်သစ်ကူး ကာလမှာ ရှိသမျှ ဟိုတယ် အားလုံးရဲ့ အခန်းတွေအကုန် ဘွတ်ကင်ပြည့်ခဲ့တယ်လို့ ပြည်တွင်း ခရီးသွား အေဂျင်စီ လုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ် တစ်ဦးက Nikkeiကို ပြောခဲ့ပါတယ်။

ငွေဆောင်ကမ်းခြေ တည်ရှိရာ ဧရာဝတီတိုင်းဟာ မြောက်ပိုင်းကနေ ဆင်းလာတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစု (အာရက္ခတပ်တော် – AA) စတင် စိမ့်ဝင် ထိုးဖောက် တိုက်ခိုက်မှုကို ကြုံနေရတဲ့ နယ်မြေပါ။ အခုတော့ စစ်ရေး အခြေအနေ တင်းမာလာခြင်းနဲ့အတူ လတ်တလော ကာလမှာတော့ ငွေဆောင်ကို သွားရောက်ဖို့ စီစဉ်ထားသူ တချို့ဟာ ခရီးစဉ်တွေကို ပြန်ပယ်ဖျက်နေကြပါတယ်။

Public Service Announcement

Public Service Announcement

အပျော်ခရီးစဉ် package တွေအတွက် သူတို့ဟာ ငွေအပြည့် ပြန်အမ်းတာမျိုးတော့ မရခဲ့ကြပါဘူး။ ဒါပေမဲ့ တချို့ကလည်း နောက်လူတွေဆီ လျှော့စျေးနဲ့ လက်လွှဲရောင်းချတာမျိုး ရှိနေပြီး အဲဒီအတွက် လက်ဆင့်ကမ်း ဝယ်မယ့်သူကို ရှာဖို့လည်း သိပ်မခက်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ စျေးကတော့ အတော်အနှိမ်ခံရပါတယ်။ ဥပမာ လူ ၄ ယောက်အတွက် ကျပ်ငွေ ၁၀ သိန်း၊ တစ်နည်းအားဖြင့် ဒေါ်လာ ၂၀၀ ကျော်လောက် ပေးချေရတဲ့ packageဟာ ကျပ် ၃ သိန်းလောက်နဲ့ ပြန်ရောင်းရတာမျိုး ဖြစ်တယ်လို့ အထက်မှာ ဖော်ပြထားတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ ဒီလို ကိစ္စတွေကတော့ ကြုံနေကျလို့လည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။

ပုဂံဟာ ရှေးဟောင်းလက်ရာ ဂူဘုရားတွေ အများအပြား တည်ရှိပြီး ကမ္ဘာ့အမွေအနှစ် နယ်မြေ တစ်ခုအဖြစ် အသိအမှတ်ပြု ခံထားရတာကြောင့် ထင်ရှားပါတယ်။ လက်ရှိ အခြေအနေ အရတော့ ပုဂံဟာ ခရီးသွားဖို့ လုံခြုံနေဆဲ နေရာတစ်ခုလို့လည်း ယူဆ ခံထားရပါတယ်။ Nikkeiရဲ့ အဖွဲ့သား တစ်ယောက်တောင်မှ ပုဂံကို သွားပြီး ရင်သပ်ရှုမောစရာ နေဝင်ချိန် အလှကို ခံစားရင်း သူ့သူငယ်ချင်းတွေနဲ့အတူ လက်မှာ ကနုတ်ပန်းအလှတွေ ဆေးရေးခြယ်တာ (ဒါန်းဆိုးတာ) ခံခဲ့ပါသေးတယ်။

ပုဂံမှာ နိုင်ငံခြားခရီးသွား ဧည့်သည်တချို့ ရှိပေမယ့်လည်း စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ မတိုင်ခင်တုန်းကနဲ့ ယှဉ်ရင်တော့ အများကြီး လျော့ကျသွားခဲ့ပါပြီ။ ဒါပေမဲ့ ပုဂံရဲ့ ကျန်တဲ့ မြင်ကွင်းတွေကတော့ အာဏာ မသိမ်းခင်တုန်းကနဲ့ ယှဉ်ရင် ကြီးကြီးမားမား အပြောင်းအလဲ သိပ်မရှိပါဘူး။

မြန်မာ အမျိုးသား လေကြောင်း (MAI)ဟာလည်း ပြည်တွင်း ခရီးစဉ်တွေ ပျံသန်းပြေးဆွဲမှုကို မြှင့်တင်ပြီး ဝင်ငွေ ပိုရအောင် အားထုတ်လာပါတယ်။ ရန်ကုန်ကနေ ဧရာဝတီ၊ ပုဂံ၊ မန္တလေး ခရီးစဉ်တွေကို MAIက ချဲ့ထွင်လာခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ Global New Light of Myanmar သတင်းစာနဲ့ အင်တာဗျူးမှာတော့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် အရာရှိ တစ်ယောက်က ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာ ခရီးသွား လှုပ်ရှားမှုတွေ သိသိသာသာ မြင့်တက်လာတာ မြင်ရနိုင်တယ်လို့ (ဧရာဝတီတိုင်းမှာ တိုက်ပွဲတွေ အရှိန်မြင့်မလာခင်) ပြီးခဲ့တဲ့ လတုန်းက မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီတုန်းက ကမ်းခြေတွေမှာ အရမ်းလူစည်ပြီး ပုဂံက ဟိုတယ်တွေ အခန်းပြည့်နေတဲ့ အကြောင်းကို သူက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ အာဏာသိမ်းမြန်မာစစ်တပ်ဟာစစ်မှုမထမ်းမနေရ ဥပဒေကိုအသက်သွင်းခဲ့တာကြောင့် လူငယ်အများအပြားဟာ မြန်မာနိုင်ငံကို စွန့်ခွာ ထွက်ပြေးကုန်ပါတယ်။ အဲဒီ အခြေအနေကို တန်ပြန်တဲ့ အနေနဲ့ စစ်ကောင်စီ အာဏာပိုင်တွေဟာ ပြည်ပ ထွက်ခွာမှု ခရီးစဉ်တွေအပေါ် ဖိနှိပ် ကန့်သတ်မှုတွေ အရှိန်မြှင့်တင်လာခဲ့ပါတယ်။

ဖိစီးမှုတွေ များလာတဲ့ အခြေအနေကနေ ခဏတာ လွတ်မြောက်ချင်လို့ပဲဖြစ်ဖြစ် ပြည်သူတွေဟာ ပြည်တွင်း အပျော်ခရီးစဉ်တွေကို အလျဉ်းသင့်သလို ရွေးချယ်လာကြတာ ဖြစ်ပါတယ်။

အဲဒီလိုမျိုး စိတ်ထွက်ပေါက် ရှာချင်ကြတဲ့ သဘောတရားကို ရန်ကုန်နဲ့ တခြားသော မြို့ကြီးပြကြီး ဧရိယာတွေမှာ အထင်အရှား တွေ့နိုင်ပါတယ်။ ရုံးပိတ်ရက်တွေဆိုရင် စျေးဝယ်စင်တာတွေနဲ့ နာမည်ကြီး ဘုရားပုထိုးတွေဟာ လူတွေ စည်ကား ထူထပ်နေလေ့ ရှိပါတယ်။

စျေးဝယ်စင်တာကြီး တစ်ခုထဲမှာတော့ ဒိန်းမတ် နိုင်ငံထုတ် ဘီယာအမှတ်တံဆိပ် Carlsbergဟာ လူအများကို ဆွဲဆောင်နေနိုင်တာ တွေ့ရပါတယ်။ နှစ်သစ်ကူးကို ကြိုတဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ ဆိုရင်တော့ ပုံမှန်အားဖြင့် ညပိုင်းတွေမှာ ခြောက်ကပ် တိတ်ဆိတ်သွားတတ်တဲ့ လမ်းတွေမှာ စျေးဆိုင်တန်းတွေ၊ လည်ပတ်သူတွေနဲ့ စည်ကားသွားပြန်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ပြည်သူလူထု လုံခြုံရေး အခြေအနေ တိုးတက်လာပြီး ကောင်းကောင်း စီမံထိန်းသိမ်းထားနိုင်တယ်လို့ ပုံဖော်ချင်တဲ့ ဆန္ဒအတွက်တော့ ပြည်တွင်း အပျော်ခရီးတွေ တိုးပွားလာတာက တိုက်ရိုက် အားဖြည့်ပေးနေပါတယ်။ ဒါပေမဲ့လည်း တကယ်တမ်းကျတော့ ခရီးသွားတွေ ကိုယ်တိုင်တောင် အချိန်မရွေး တိုက်ပွဲတွေကြား ညပ်သွားနိုင်တဲ့ အခြေအနေကို ရတက်မအေးနိုင်ကြပါဘူး။

မကြာသေးခင်က ကရင်ပြည်နယ်၊ ဘားအံမြို့မှာရှိတဲ့ မိသားစုဆီ အလည်ပြန်သွားခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသား တစ်ယောက်က လမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေမှာ ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ အတွေးမျိုး ဖိစီးနေခဲ့ရကြောင်း ပြောပြပါတယ်။

စစ်ကောင်စီ အာဏာပိုင်တွေက ဘားအံနဲ့ အနီးတဝိုက်ဟာ ကျေးလက်နဲ့ သဘာဝဆန်တဲ့ ရှုခင်းတွေ ပေါများရာ ခရီးသွား နယ်မြေဖြစ်တယ်လို့ သတ်မှတ်ထားပေမယ့် ကရင်ပြည်နယ်ရဲ့ တချို့သော အစိတ်အပိုင်းတွေမှာ ပြင်းထန်တဲ့ စစ်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အဲဒီလို သတ်မှတ်ချက်ကြောင့် အမေရိကန် ဒေါ်လာတွေ ပြည်နယ်ထဲ ဝင်ရောက်လာမယ်လို့တော့ ပြည်သူတွေက မျှော်လင့်ချက်မြင့်မြင့် ထားနေလို့ မရနိုင်ပါဘူး။

နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ ကင်းမဲ့လာမှုကလည်း ပြည်တွင်း ခရီးသွား လုပ်ငန်းတွေကို မြှင့်တင်ဖို့ ပိုမိုကြီးမားတဲ့ အားထုတ်မှု ဖြစ်လာစေပြန်ပါတယ်။ အောက်တိုဘာလမှာ ဂျပန်နဲ့ တောင်ကိုရီးယားကနေ ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေအတွက် ဆိုက်ရောက် ဗီဇာ ထုတ်ပေးမှုကို စစ်​ကောင်စီဖက်က ပြန်အစပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ နိုင်ငံသား အများစုရဲ့ မြန်မာခရီးစဉ်ဟာ အလုပ်ကိစ္စအတွက်ပဲ ရည်ရွယ်ထားလေ့ ရှိပြီး ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကဏ္ဍတစ်ခုလုံး သိသိသာသာ ပြန်ဦးမော့လာမယ့် အလားအလာတော့ မမြင်ရပါဘူး။

တိုက်ပွဲတွေက နိုင်ငံအနှံ့မှာ ဖြစ်ပွားနေတဲ့တိုင် ခရီးသွား ဧည့်သည်တွေကို မျှော်သူတွေကတော့ ရိုးရာ နှစ်သစ်ကူး ရေသဘင် ပွဲတော်ဖြစ်တဲ့ သင်္ကြန်ကို အားခဲ စောင့်ဆိုင်းနေကြဦးမှာပါ။ ဒီဇင်ဘာလတုန်းက ယူနစ်စကို အဖွဲ့ကြီးရဲ့ ယဉ်ကျေးမှု အမွေအနှစ် အသိအမှတ်ပြု စာရင်းမှာ မြန်မာ့သင်္ကြန် ပါဝင်လာခဲ့တဲ့နောက် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအတွက် အထောက်အကူ ဖြစ်စေမယ်လို့ မျှော်လင့်ချက် ထားသူတွေလည်း ရှိနေကြမှာ ဖြစ်ပါတယ်။ ။

(Nikkei Asia ၏ Myanmar domestic tourism remains popular as war leaves people isolated ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

ဆောင်းပါး

ရန်ကုန်၊ မန္တလေးက ခရီးသည်တင်ယာဥ်တွေဆိုက်ပြီး အနားယူချိန်ဆို ယာဥ်မောင်းအချင်းချင်း နှုတ်ဆက်တဲ့စကားက "ဒီနေ့ပါသေးလား"ဆိုတဲ့ စကားတောင် ဖြစ်နေပြီလို့​ စုံစမ်းသိရပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်နယ်စပ်တလျှောက်ရှိ ဧရာဝတီတိုင်း မြို့နယ် ၇ခုကို ခရီးသွားလာခြင်းမပြုရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့(ဇန်နဝါရီ ၂၂ရက်)ထုတ်ပြန်ကြေညာသည်။

သတင်း

ပြင်ဦးလွင်မြို့ကိုသွားရောက်လည်ပတ်သူနည်းလာတာကြောင့် မန္တလေး − ပြင်ဦးလွင်ပြေးဆွဲနေတဲ့ခရီးသည်တင်ကားတွေ တဝက်လောက်အထိလျော့ချပြေးဆွဲနေရတယ်လို့ အဲဒီကားဂိတ်တွေဆီက သိရပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုဂံညောင်ဦး ခရီးသည်တင်ဘတ်စ် ကားဟာ အောင်မင်္ဂလာအဝေးပြေးဝန်းကနေ မနက် ၇ နာရီခွဲမှာ စထွက်ပါတယ်။ မနက် ၈ နာရီမထိုးခင် ရန်ကုန်-မန္တလေးအမြန်လမ်းအစ ဇီးရိုးမိုင်ကို ရောက်လာခဲ့တယ်။