Connect with us

Hi, what are you looking for?

ကဗျာ

‘နံရံတွေ တန်းဖြုတ်မယ့်နေ့’

◼️သွင်ဦး

တဝေါဝေါ ဖြတ်မောင်းသွားတဲ့
ကားသံတွေရဲ့ နေရာမှာ
လော်စပီကာက ထွက်ကျလာတဲ့ ဘုရားရှိခိုးသံ
တန်းစီခရာမှုတ်သံ
မဂ်လာပါဆိုတဲ့ အသံတွေနဲ့
နံနက်ခင်းဟာ နိုးထခဲ့၊

အရောင်ဆိုးထားတဲ့ ထမင်းလှော်
အရည်များများ အဖက်နဲနဲ
ခပ်ကျဲကျဲဆန်ပြုတ်ဟာ
ငါတို့ရဲ့ နံမည်ကျော် မနက်စာတွေပေါ့၊

ညိုညစ်ညစ်ထမင်းတွေနဲ့ နယ်ဖတ်လို့
ငါတို့ထမင်းပွဲမှာ တည်ခင်းဖို့
ပဲဟင်းတလှည့် တာလပေါတလှည့်
ခင်ဗျားမျက်နှာ မမဲ့နဲ့လေ၊

Public Service Announcement

Public Service Announcement

ကြံဖန်ပြီး ကျေးဇူးတင်ချင်ရင်တော့
ကျုပ်တို့ရဲ့ညစာမှာ
ရေထဲကငါးကို
တစ်ပါတ်တစ်ကြိမ် မြင်ခွင့်ရနေတာကိုပေါ့၊

ဒီနေရာမှာတော့
‘ကိုယ်’ ကျန်းမာရေးအတွက် လမ်းလျှောက်
‘စိတ်’ ကျန်းမာရေးအတွက် စာဖတ်
ကျုပ်လည်း ဒါပဲ တတ်နိုင်တယ်၊

မတ်တပ်ရပ်နေတဲ့ စာကြည့်တိုက်လေးရယ်
သတင်းစာဖတ်ဖတ်ပြတဲ့ ‘ဆက်ရက်’လေးတွေရယ်က
ငါတို့အိမ်မက်ရဲ့ ဇာတ်ညွှန်းရေးဆရာတွေပေါ့လေ၊

ဒီနေရာမှာ
ငါတို့ထက်ပိုဇာတ်နာ
ငါတို့ထက် ပိုကြေကွဲစရာကောင်းတာက
နှစ်ပေါင်းများစွာ သတိစွဲပြီးရပ်နေရရှာတဲ့
ညိုမွဲမွဲ နံရံကြီးတွေပေါ့၊

ဒီလိုနဲ့ပဲ
တော်လှန်ရေးဟာ တစ်ရက်ပြီးတစ်ရက်
ရေချိန်မြင့်တက်လာတာနဲ့အမျှ
ပဲခူးရိုးမပေါ်က
ရခိုင်ရိုးမပေါ်က
ရှမ်းရိုးမပေါ်က
မြေပြန့်လွင်ပြင် ဆီက
သမိုင်းတွေ တစ်ပိုင်းပြီးတစ်ပိုင်းရေးဖို့
လှိုင်းတွေ တစ်လှိုင်းပြီးတစ်လှိုင်း လာချေပေါ့၊

အဲ့ဒိလှိုင်းတွေ
ဒီမြို့ကိုဝင်ဆောင့်မယ်နေ့
အဲ့ဒီနေ့
ငါတို့စောင့်မျှော်နေတဲ့နေ
ထောင်ရဲ့နံရံတွေ တန်းဖြုတ်မဲ့နေ့။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘သွင်ဦး’ ရဲ့ “နံရံတွေ တန်းဖြုတ်မယ့်နေ့” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...