Connect with us

Hi, what are you looking for?

Short Story

“ အမဲရိုးရယ်မှ အားမနာ”

◼️မောင်သုခင် (တမာမြေ)

၁။

“ ဘာဟင်းတွေနဲ့ စားကြသတုန်း”

ထမင်းစားပြီဆို ဟိုဘက်အိမ်က ဒေါ်ရိုး ရောက်လာပြီ။ အကောင်းလာတာ မဟုတ်ဘူး။ ကျုပ်တို့မိသားစု ဘယ်လို စားသောက်နေလဲ လာစပ်စုတာ။ ဇွန်းသံခွက်သံကြားရင် ကြောင်အိုကြီး ဖိုးညိုလိုပဲ ထမင်းဝိုင်းအနား ရောက်လာပြီ။

Public Service Announcement

Public Service Announcement

“ လက်ဘက်သုပ်နဲ့ပါ၊ စားလှည့်ပါဦး”

“ စားတော့စားချင်သားအေ့ ညည အိပ်မပျော်မှာစိုးသဟဲ့”

အမြဲတမ်း ဟင်းကိုကြည့်ပြီး အကြောင်းပြချက်အမျိုးမျိုး ပြတတ်တာလည်း သူ့အကျင့်။ ငါးပိရည်မြင်ရင် သွေးတိုးလို့၊ ကြက်ဥကြော်မြင်ရင် ညှီတော့ မစားတတ်လို့၊ အသီးအရွက်ပဲပါရင် အသားဟင်းမပါရင် စားမဝင်ဘူးတို့ ဆိုသလို မဲ့ကာရွဲ့ကာ ပြောပြီ။

ဒေါ်ရိုးနဲ့ စကားပြောရတာ ကောင်းညှင်းစားပြီး ပုလွေမှုတ်ရသလိုပဲ လက်ပေါက်ကပ်တယ်။ အသက်ခြောက်ဆယ် ကျော် အရွယ်ကြီးနဲ့ တုပပြီး ရန်ဖြစ်ရအောင်ကလည်း မသင့်တော်။

“ ညည်းတို့မို့ စားတတ်သအေ ခြောက်ခြောက်ကပ်ကပ်နဲ့ ငါတော့ မစားနိုင်ပါအေ”

“ မစားနိုင်လည်း စားရတာပဲ ဒေါ်ရိုးရေ၊ အိမ်ကကျောင်းဆရာ လစာမရတာ CDM လုပ်ပြီးကတည်းကဥစ္စာ”

“ ဟုတ်မှာပေါ့အေ” လို့ ပြောပြီး ပြန်သွားတယ်။ သူကြားချင်တဲ့စကား ကြားရပြီကိုး။

ကျုပ်ဖြင့် မြင်ယောင်သေးတယ်။ တူရာတူရာစုပြီး ကျုပ်တို့ထမင်းဝိုင်းအကြောင်း ဖောက်သည်ချတော့မယ်ဆိုတာ။

အမည်ကသာ ဒေါ်ရိုး၊ ရှုပ်တဲ့နေရာမှာ အမည်နဲ့မလိုက် အရွယ်နဲ့မလိုက်အောင် ရှုပ်တာ။ အမည်နဲ့ လုပ်ပုံက အသားတခြား အရိုးတခြားဆိုသလို။ အင်းလေ သူက ပြောအားရှိမှာပေါ့။ သူ့သမီးနဲ့သားမက်က CDM ဝင်ပြီး မြို့က ကိုယ်ပိုင် ကျောင်း သွား စာသင်နေတာကို။ ဝင်ငွေလေး ဖန့်ဖန့်ရလေတော့ ဒေါ်ရိုးတို့ တနေ့တမျိုး မရိုးရအောင် ကြွားအားရှိတာပေါ့။

“ တို့အိမ်ကသူတွေလည်း စီဒီအန်ဝင်တာပါပဲအေ၊ သူများတွေလို အစားဆင်းရဲ အနေဆင်းရဲမရှိပေါင်” ဆိုပြီး တိုးတိုးတခါ ကျယ်ကျယ်တလှည့်နဲ့ သူ့သားမက်နဲ့သမီး စီဒီအန် စီဒီအန် ဆိုပြီး အန်ပြီးရင်း အန်နေတော့တာပါပဲ။ တအန်အန် နဲ့ ကျုပ်တို့မိသားစုကို ထိုးနှက်နေတာ။ ကြာတော့ သည်းခံစိတ်ကုန်လာပြီ။ သို့ပေသိ ခေတ်မကောင်းရတဲ့ကြား စကားမများချင်တာနဲ့ သည်းခံရတာပါပဲ။

သူ့သမီးနဲ့သားမက် CDM ဝင်တယ်ဆိုတာ လူကြားကောင်းအောင်ဝင်တာ မသိတာမှတ်လို့။ သူတို့အကြောင်း ပေါ်မှာစိုးတာနဲ့ ရွာတောင်မနေရဲတာသာ ကြည့်။ ဒါကို ဒေါ်ရိုးက ဘယ်လိုကြံဖန်ပြောသလဲဆို –

“ တရွာမပြောင်း သူကောင်းမဖြစ်တဲ့”

၂။

သရဲကားသာ ညလုံးပေါက် ကြည့်လိုက်ချင်ပါရဲ့၊ ဆန်အိုးထဲ ရဲရဲ ငုံ့မကြည့်ရဲဘူး။ အဟုတ် သည်းထိတ်ရင်ဖိုမှ သည်းထိတ်ရင်ဖို အစစ်။လှတောသူ ရှယ်ခိုင်ပြောတဲ့ ကြွက်ငိုရမယ့် ဆန်အိုး။ ဆီဆိုတာ ပုလင်းဝ လက်မနဲ့ ဖိလိုက်ဟလိုက် နဲ့ ဟင်းအိုးပေါ် စွန်ဝဲသလို လေးငါးပတ်လောက် ဝဲလိုက်ရရင် အာသာပြေသေးတယ်။ ဆန်ကို အဲ့ဒီလို ဝဲလို့ရတာမှာ မဟုတ်တာ။

“ ကိုသာထွန်း လာဦး၊ ပြောစရာရှိလို့”

ဆန်နည်းတဲ့အကြောင်းလည်း စိတ်လိုလက်ရ အော်ပြောလို့ကမဖြစ်။ ဒေါ်ရိုးနားက ပါးပါဘိသနဲ့။ နှစ်ကိုယ်ကြား တီးတိုးပြောရတာများ ရုပ်ရှင်ထဲ ကိုယ်ဝန်ရခါစမင်းသမီးက မင်းသားကို ရှက်စနိုးနဲ့ပြောတဲ့ ဇာတ်ဝင်ခန်းလိုပါပဲ။ တခုပဲကွာတာ ရုပ်ရှင်ထဲကမင်းသားက ငါလူဖြစ်ပြီကွလို့ ဝမ်းသာအားရ ထအော်တယ်။ ကျုပ် ကိုသာထွန်းခမျာမှာတော့ မျက်နှာလေးကို ငယ်သွားတာပဲ။

“ အင်း”

“ အင်းတွေ အိုင်တွေ လုပ်မနေနဲ့ ကြံဦး တော့”

ပြောလို့သာပြောရတာ ကိုသာထွန်းကိုလည်း သနားတယ်။ ဆန် ဆီအကြောင်းပြောရင် သူ့မျက်နှာခမျာ ကုန်းခေါင် ခေါင်ပေါက်တဲ့ ဆီးပင်က ဆီးရွက်သာသာလောက် ရှိတတ်တာရယ်။

“ တော့်အမျိုးတွေ ပြောကြည့်ပါလား”

“ မရလောက်ပါဘူးကွာ”

“ ပြောမင့်မပြောရသေးဘူး မရဘူးက စတာပဲ”

“ တခါက နှစ်ခါ မပြောချင်ဘူး၊ မရရင် နှစ်ဘက်စလုံး အနေခက်တယ်”

ဒါလည်းဟုတ်တာပါပဲ။ သူ့အမျိုးအရင်း ကျုပ်အမျိုးအရင်း ချမ်းသာတာကများတယ်။ မတတ်သာတဲ့အဆုံး အကူအညီတောင်းဖူးပါရဲ့ ခနနော် နောက်မှပြန်ခေါ်လိုက်မယ်ဆိုပြီး အဆက်အသွယ်မရတာများ သေသလားရှင်သလားတောင်မသိ။

ခဏနော်ဆိုပြီး အဆက်အသွယ်ဖြတ်လိုက်ကြတာ။ သွယ်ဝိုက်သောနည်းနဲ့ ဘလော့တာပါပဲ။ တအူတုံဆင်းတွေ ပိုဆိုးသေး။ ကျုပ်စိတ်ကလည်း အစတုန်းကဆို ရွာအဝင် မြေလမ်းလိုပါပဲ၊ မိုးမရွာခင်တော့ မာမာထင်ထင်ပဲ။ အခုတော့ မဖြစ်သာလို့ ပျော့နေရတာ။ နောက်မှ သတင်းကြားရတာက ထောက်တော့ ထောက်ပံ့ပေးချင်တယ် အဖမ်းခံရမှာကြောက်လို့ တဲ့။ ဒါကြောင့် ကိုသာထွန်းက –

“ ချမ်းသာတဲ့သူနဲ့ ရာထူးကြီးတဲ့သူအများစုက သူတို့ဖာသာ လွတ်လွတ်ကင်းကင်း နေကြတာများတယ်၊ ကြားနေဝါဒ ကျင့်သုံးကြတယ်” တဲ့။ ကျောင်းဆရာဆိုတော့ အပေါင်းအသင်းကလည်း ကျောင်းဆရာပဲ ရှိတာမဟုတ်လား။ အများစုက CDMers တွေပဲ။ တယောက်စိတ် တယောက်ဖတ်ရင်း စိတ်နဲ့ပဲ အားပေးကူညီကြရတာ မဟုတ်လား။

“ သူငယ်ချင်းတွေကလည်း ကျပ်တည်းနေတာ၊ ခနခန အပူတိုက်ရတာလည်း မျက်နှာပူသကွာ” လို့ ကိုသာထွန်းက ခနခန ညည်းရှာတယ်။ မတတ်နိုင်ဘူးတော်၊ လင်မျက်နှာပူမှ ထမင်းအိုး ဖင်ပူရတာမို့လား။ မဖြစ်ပေဘူး၊ ထမင်းအိုး ဖင်အမြဲပူဖို့ တခုခုတော့ ရောင်းမှဖြစ်မယ်။

မုန့်တီ မုန့်ဟင်းခါးလေး ရောင်းရမလားပေါ့။ခက်တာက အုန်းအုန်းဒက်ဒက်ဆို ဆိုင်လေးပစ်ပြီး ပြေးရရင်လည်း အရင်းကပြုတ်ဦးမယ်။

အရေးထဲ အဆင်မပြေတဲ့အကြောင်းကို လူနှစ်ယောက်‌ကြားအောင် မပြောရဲဘူး။ တယောက်က ဒေါ်ရိုး။ နောက်တယောက် လူပျိုပေါက်ဖြစ်လာတဲ့ ကျုပ်ရဲ့ တဦးတည်းသောသား ရွှေတိုး။ သူ ရှက်မှာ၊ အားငယ်သွားမှာ စိုးရသေးတယ်လေ။

၃။

ဒေါ်ရိုးမှာ သီသီခိုင်ဆိုတဲ့ မြေးမလေးရှိတယ်။ သီသီခိုင်က သူ့မိဘတို့၊ သူ့အဘွားတို့လို မဟုတ်ဘူး။ စိတ်ရင်းကောင်းတယ်။ ငယ်သေးလို့လားမသိဘူး စိတ်ရင်းလှတယ်။ ရွှေတိုးနဲ့က ကျောင်းနေဘက်လေ။ သူတို့တောင် အပျိုလူပျိုအရွယ် ရောက်တော့မှာပါလား။

သီသီခိုင်က တလခြား တခါလောက်ဆိုသလို မြို့ကနေ သူ့အဘွားဆီ အလည်ပြန်လာတတ်တယ်။ သူ့မိဘတွေတော့ မပါဘူး။ သီသီခိုင်ပဲ ပြန်လာတာများတယ်။ ပြန်လာတိုင်း ကျုပ်တို့အိမ်ဘက် အလည်လာစမြဲပဲ။ အဲဒါကို ဒေါ်ရိုးက

မကြိုက်ဘူး။ သူ့မြေးကို ဆိုလားငေါက်လားလုပ်တယ်။ တွေးနေတုန်း မချိုအသံကြားရတယ်။

“ အမဲရိုးတွေ ကောင်းတာအေ့ ညည်းအတွက်ချန်ထားတာ “

မချိုက ဈေးတောင်းဖုတ်ခနဲချပြီး အမဲရိုးတွေပေးတယ်။ မချိုက အရင်ကဆို ကျောင်းဈေးရောင်းတယ်။ ကျောင်းတွေပိတ်တော့ ကုန်စိမ်းဘက် လှည့်ရောင်းတယ်။

“ အများကြီးပါလား”

“ ယူသာယူစမ်းပါအေ၊ ငါလည်း ငါတတ်နိုင်တာပဲ ပေးရတာ”

“ ဒီတခါတော့ ပိုက်ဆံယူအေ ငါ အားနာလှပြီ”

ကျုပ်က မနေသာလို့ အဲဒီလိုပြောတိုင်း မချိုက –

“ ယူစရာလားအေ၊ ငါတို့မိသားစု ကျောင်းဈေးနဲ့ပဲ ရပ်တည်လာရတာ၊ ညည်းတို့ ကျောင်းကျေးဇူး အများကြီးရှိခဲ့တာလေ” ဆိုပြီ ငြင်းတာပါပဲ။ မချိုနဲ့ ကျုပ် စကားကောင်းနေတုန်း –

“ မိသီ ဟိုဘက်အိမ် ခနခနသွားတာ ငါမကြိုက်ဘူးနော်”

ဒေါ်ရိုးရဲ့အသံ စီခနဲ ထွက်လာတယ်။

“ အဘွားကလည်း အရင်ကလည်း သွားနေကြကို အခုမှ အဆန်းလုပ်လို့”

“ ဟဲ့ အရင်နဲ့မတူလို့ ပြောနေတာပ၊ ညည်း ကလေးမဟုတ်တော့ဘူး၊ အပျိုဖြစ်ပြီသိရဲ့လား ရှင်မိသီ”

အံမယ် သူ့‌လေသံက ဘာသဘောပါလိမ့်။ သူ့မြေးကို ကျုပ်သားနဲ့ မတူမတန်တဲ့လေသံ။ ဒီကလည်း သူတို့လို သန္ဓေမမှန်၊ ရေခံမြေခံမကောင်းတဲ့ အမျိုးညံ့တွေရဲသမီးကို ချွေးမ မတော်နိုင်ပေါင်။

“ အဘွားကလည်း”

“ အဘွားကလည်းလုပ်မနေနဲ့၊ ရှုပ်ရှုပ်ယှက်ယှက် စက်ကွင်းမိနေရင် အခက်သား၊ အကြမ်းဖက်အားပေးဆိုပြီ လက်တို့လိုက်ရင် ဘယ်နှယ့်လုပ်မလဲ”

ဒေါ်ရိုးရဲ့ အကြမ်းဖက် ဆိုတဲ့စကားက ကျုပ်တကိုယ်လုံးကို တုန်ခါသွားတယ်။ ကိုသာထွန်းနဲ့ CDMers တွေအားလုံးကို စော်ကားလွန်းရာကျတယ်။ ကျုပ် ကျုပ်လေ ဒေါသထွက်လိုက်တာများ ဘာပြောရမှန်း မသိအောင်ပါပဲ။ သည်းခံနိုင်စွမ်း မရှိတော့တဲ့အဆုံး –

“ အမယ်လေးတော် … ဟင်းအိုးနဲ့ အမဲရိုးမှ အားမနာ အားရယ်မှ မနာတော်” လို့ အမဲရိုး‌တွေ ဘယ်ညာဆုပ်ကိုင်ပြီး အသံကုန် အော်လိုက်တယ်။

“ ညည်းပြောနေတာ မှားနေတယ်၊ အမဲရိုးက ဟင်းအိုးအားမနာ လေ”

မချိုက တိုးတိုးလေး လက်တို့ပြောတာကို ကျုပ်က ဟော့ဒီလို အော်ပြောလိုက်တယ်။

“ မမှားဘူး မမှားဘူးဟေ့ … ဟော့ဒီအမဲရိုးက သန့်တယ် … မသန့်တာက ဟင်းအိုး … ဟင်းအိုးဟေ့ … ရေခံမြေခံမကောင်းတဲ့ဆီက ထွက်လာတဲ့ ဟဲ့ဒီလို မြေဟင်းအိုး ဟေ့ .,.” လို့ဆိုပြီး အနီးအနား‌တွေ့တဲ့ မြေအိုးကိုယူပြီး ပေါက်ခွဲပစ်လိုက်တယ်။

“ ဟင်းအိုးနှယ် အမဲရိုးမှ အားမနာတော် … အမဲရိုးရယ်မှ အားမနာတော် …” လို့ ဒေါ်ရိုးအိမ်ဘက် လှည့်လို့အော်လိုက်တယ်။

အကြာကြီးငြိမ်ခံလာသမျှ မကျေနပ်ချက်တွေ အတိုးအရင်း စုပုံ အန်ထုတ်လိုက်ရတာ ပေါ့ပါးသွားတာပဲ။ အရသာရှိချက်။ ဟိုသီချင်းထဲကလို ဘာတဲ့ … သိပ်လှတဲ့ သက်တံကြီးတောင် ကွေးသွားတယ် … ဆိုတာထက်တောင် ပိုသေး။

((The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘မောင်သုခင် (တမာမြေ)’ရဲ့ “ အမဲရိုးရယ်မှ အားမနာ” ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “ The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ငြိမ်းကိုငြိမ်း ဆိုင်ပူးက ငါးတန်းကျောင်းသူ။ ငါးတန်းမှာရှိတာက ယောကျာ်းလေး တယောက် မိန်းကလေး လေးယောက်။ အဲ့ငါးယောက်ထဲမှာမှ သူကစာအတော်ဆုံးလို့ပဲ ပြောရမယ်။ မနှစ်က လေးတန်းတုန်းကလည်း ဆုပေးပွဲမှာ ပထမဆုရထားတာ။ စာသင်တဲ့အခါတိုင်း ဘာသာရပ်တိုင်းကို အမြဲအာရုံစူးစိုက်သင်ယူလေ့ရှိတဲ့ ကလေး။ စကားကို အမြဲနားထောင်ပြီး ပြောသမျှကိုလည်း ဂရုတစိုက်အမြဲနာခံတတ်သူ။ ချစ်တာပေါ့...

ကဗျာ

မောင်တင်သစ် ငါ့ဌာနေကသစ်ပင်တွေအိုပြီအိုပေမင့်ရှင်နေသမျှခြမတက် ဖေ၁၁၂၆ . Public Service Announcement . . (The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ’​မောင်တင်သစ်’ ရေးဖွဲ့တဲ့ “​​​ရှင်​နေသမျှ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “ The Call – ​ခေါ်သံ”...

ဝတ္ထုတို

အဲဒီနေ့က အဲဒီနေရာမှာ သူမကိုစောင့်ရင်း အဲဒီအပင်အကြောင်း အတွေးက ခေါင်းထဲ ရုတ်တရက်ကြီး ပေါ်လာခဲ့တယ်။ အဲဒီနေ့က တနင်္လာနေ့လား၊ အင်္ဂါနေ့လား ဒါမှမဟုတ် အခြားနေ့တခုခုလား သူသေချာမမှတ်မိပေမယ့် အဲ ဒီနေရာကိုရောက်ပြီး သူမကိုဘာကြောင့် စောင့်နေခဲ့ရတာလဲ ဆိုတာကိုလည်း သူ ဝေဝေဝါးဝါးဖြစ်နေမိတယ်။

ကဗျာ

ညီ Z အဲဒီနေ့ မနက်မှာတင်နိုင်ငံရေးဆို လေသံတောင် မဟနဲ့ ဆိုတဲ့ငါ့အဖွားလေးကို မုန်းမိတာပဲ ။ သူတို့က ခဏထိန်းရုံပါဆိုတဲ့ ဦးလေးကိုလည်းငါ မျက်မှောင်ကုပ် ကြည့်မိ ။ အလကား မင်းမဲ့စရိုက်တွေဆူပူနေကြတာ ဆိုတဲ့မြေညီထပ်က ရပ်ကွက်လူကြီးကိုလည်းအဲဒီ မနက်ကတည်းက ငါနှုတ်မဆက်တော့ဘူး ။ Public Service...