Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

ခေတ်ဆိုးအမွေ

Raakh(၂၀၂၆)

ဝဇီရာ/People’s Spring

၁၉၇၈ ခုနှစ်က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရဲ့ ညနေခင်းတစ်ခု။ဆူမန်နဲ့ ဆာဟေးဆိုတဲ့ မောင်နှမနှစ်ယောက်ဟာ အသံလွှင့်ရုံံကို သွားဖို့ ပြင်ဆင်နေကြတယ်။ အသံလွှင့်ရုံမှာ ဆူမန်ကသီချင်းဆိုရမှာပါ။မိခင်ကTaxi ခပေးလိုက်တယ်။ညကျအဖေလာကြိုမယ်တဲ့။မောင်နှမနှစ်ယောက် ပျော်ပျော်ရွင်ရွှင်ပဲ ထွက်ခွာသွားတယ်။

ညဘက်ကျ မောင်နှမနှစ်ယောက်ရဲ့မိဘနှစ်ပါးဟာရေဒီယိုရှေ့ကနေသူ့သမီးလေး သီချင်းဆိုမှာကို အားပေးဖို့ တမျှော်မျှော်နဲ့ စောင့်နေခဲ့တယ်။ ဒါပေမယ့် အစီအစဥ်သာ ပြီးသွားတယ်။ သူတို့သမီးလေးသီချင်းဆိုတာ လွှင့်မလာခဲ့ဘူး။

ဒါနဲ့ ဖခင်ဖြစ်သူလည်း ဆိုင်ကယ်လေးထုတ်ပြီးအသံလွှင့်ရုံဆီ ပြေးတော့တယ်။ဟိုရောက်တော့ သမီးလေးတို့မောင်နှမနှစ်ယောက်လုံး အသံလွှင့်ရုံကို ရောက်မလာခဲ့ဘူးတဲ့။ ဖခင်ကော မိခင်ပါ ခေါင်းမီးတောက်ရပြီ။

Public Service Announcement

Public Service Announcement

ရဲစခန်းသွားပြီး တိုင်ချက်ဖွင့်တယ်။ သူတို့အမှုကို လိုက်ရမှာက အတွေ့အကြုံနည်းသေးတဲ့ ရဲအရာရှိ ဂျေပရာကတ်ရှ်ပါ။ ဒါပေမယ့် သူက စိတ်အားထက်သန်မှုရှိသူပါ။ မောင်နှမနှစ်ယောက် ပျောက်ဆုံးမှုကို လိုက်လံစုံစမ်းဖော်ထုတ်ပါတယ်။ နောက်ဆုံးတော့ မောင်နှမနှစ်ယောက်ရဲရုပ်အလောင်းကို တောထဲတနေရာမှာ ရုပ်ပျက်ဆင်းပျက် တွေ့လိုက်ရပါတယ်။ ရဲအရာရှိဟာ တရားခံကို ဖမ်းဆီးရမိဖို့ ရေကုန်ရေခမ်း ကြိုးစားပါတော့တယ်။

ဒီဇာတ်လမ်းဟာ အဲဒီကာလက တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို စီးရီးအဖြစ် ပြန်လည်ရိုက်ကူးထားတာပါ။ အဓိက တရားခံ ဘာဘူအဖြစ် သရုပ်ဆောင်တဲ့ Akash Makhija ဟာ အတော်လေးရွံစရာကောင်းအောင် သရုပ်ဆောင်သွားတာ တွေ့ရပါတယ်။ သူ့ကိုကြည့်ရတာ တကယ့်အောက်တန်းစားတစ်ယောက်ကို ကြည့်နေရသလိုပါ။ သူ့ရဲ့ သွေးအေးပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ဗီလိန်ဇာတ်ကောင် ပုံစံကြောင့် ပရိသတ်တွေကြားမှာ အထူး ရေပန်းစား လူသိများလာခဲ့ပါသတဲ့။

ဒီဇာတ်ကားကြည့်ပြီး ဆွေးနွေးချင်တာကတော့ လူတွေရဲ့ဘဝတွေအပေါ် နိုင်ငံရေးအခြေအနေက ဘယ်လောက်အထိ ရိုက်ခတ်သလဲဆိုတာပါ။ဘာဘူ ဘာကြောင့် ဒီလောက်အထိ ရက်စက်ခွင်၊ ဆိုးသွမ်းခွင့် ရခဲ့တာလဲ။

ဇာတ်ကားထဲမှာမပါတဲ့ အိန္ဒိယနိုင်ငံရဲ့ အဲဒီကာလ နိုင်ငံရေးအခြေအနေဟာ ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီလက်ထက် ၁၉၇၅ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ ၂၁ လတိတိ ကြာမြင့်ခဲ့တဲ့ နိုင်ငံတော် အရေးပေါ်အခြေအနေကျင့်သုံးခဲ့မှုကြီး ပြီးခါစအချိန် ဖြစ်ပါတယ်။

အရေးပေါ်ကာလအတွင်း အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ လူ့အခွင့်အရေး ဆိုင်းငံ့ခံရမှုတွေကြောင့် ပြည်သူတွေကြားမှာ အစိုးရနဲ့ အာဏာပိုင်တွေအပေါ် မကျေနပ်ချက်တွေ၊ စိုးရိမ်ပူပန်မှုတွေ အများကြီး ကျန်ရစ်နေခဲ့ပါတယ်။

အစိုးရပြောင်းလဲမှု၊ စီးပွားရေးကျပ်တည်းမှုနဲ့ အလုပ်လက်မဲ့ ပြဿနာတွေကြောင့် မြို့ကြီးတွေအထူးသဖြင့် နယူးဒေလီမြို့ မှာ လူငယ်တွေနဲ့ အလွှာပေါင်းစုံကြား မရေရာမသေချာမှုတွေ မြင့်တက်နေပါတယ်။ ရဲတပ်ဖွဲ့နဲ့ တရားဥပဒေ စိုးမိုးရေး ယန္တရားတွေအနေနဲ့လည်း ခေတ်ကာလရဲ့ဖိအားတွေ၊ရာဇဝတ်မှု အသစ်အဆန်းတွေကို ရင်ဆိုင်ဖြေရှင်းနေရချိန် ဖြစ်ပါတယ်။

အရေးပေါ်အခြေအနေ ပြီးခါစ ကာလဖြစ်တာနဲ့အညီ အစိုးရယန္တရားနဲ့ ရဲတပ်ဖွဲ့တွေဟာ အပြောင်းအလဲတွေကြားမှာ ရှုပ်ထွေးနေပြီး စနစ်တကျ မရပ်တည်နိုင်သေးပါဘူး။ ဒီလို ဥပဒေစိုးမိုးရေး အားနည်းချက်နဲ့ ကွက်လပ်ကြီးတွေ ရှိနေတာက ရာဇဝတ်ကောင်တွေအတွက် “ငါတို့ ဒီပြစ်မှုကနေ လွတ်မြောက်နိုင်တယ်၊ ဘယ်သူမှ သေချာကိုင်တွယ်နိုင်မှာ မဟုတ်ဘူး” ဆိုတဲ့ ယုံကြည်ချက်ကို ပိုပေးလိုက်သလို ဖြစ်စေပါတယ်။

​မြို့ပြကြီးတွေမှာ စီးပွားရေး ကျပ်တည်းမှု၊ အလုပ်လက်မဲ့ ပြဿနာနဲ့ မရေရာမသေချာမှုတွေ မြင့်မားနေချိန်မှာ လူငယ်တွေနဲ့ အလွှာပေါင်းစုံကြားထဲမှာ “ဘယ်လိုပဲဖြစ်ဖြစ် ရှင်သန်ရမယ်၊ ဖြတ်လမ်းနည်းနဲ့ ငွေရှာရမယ်” ဆိုတဲ့ အဆိုးမြင် စိတ်ဓာတ်တွေ ကိန်းအောင်းလာခဲ့ပါတယ်။ ဓနဥစ္စာ မညီမျှမှုနဲ့ လူမှုရေး ဖိနှိပ်မှုတွေက လူတွေရဲ့ ကိုယ်ကျင့်တရားကို ပျက်ပြားစေပြီး လူ့အသက်ကို တန်ဖိုးမထားတော့တဲ့ သွေးအေးတဲ့ စိတ်နေသဘောထားကို မွေးထုတ်ပေးလိုက်တော့တာပါ။

ကျနော်တို့ နိုင်ငံမှာလည်း စစ်တပ်ရဲ့ တကျော့ပြန်အာဏာသိမ်းမှု ၅ နှစ်ကျော်လာတဲ့အချိန် ဇာတ်ကားထဲက ဘာဘူတို့လို့ လူယုတ်မာတွေ အများကြီး ပေါ်ထွက်လာစေခဲ့တာ အများမျက်မြင်ပါ။ ပြည်သူတွေ အားကိုးရမယ့် ရဲတပ်ဖွဲ့ကလည်း ပြည်သူကို ရန်သူထင်ဖိနှိပ်၊ ခေတ်ပျက်ထဲငွေရှာဖို့ပဲခေါင်းထဲရှိနေခဲ့တယ်။ ကျနော်တို့ ပြည်သူတွေဟာ စစ်အာဏာရှင်အပြင် ခေတ်ဆိုးက မွေးဖွားပေးလိုက်တဲ့ လူယုတ်မာတွေကိုပါ ရင်ဆိုင်နေရတဲ့အချိန်ပါ။ ပြည်သူတွေဟာ ကိုယ့်လုံခြုံရေး ကိုယ်တာဝန်ယူနေရတဲ့အချိန် ရောက်နေပါတယ်။

စာဖတ်သူ။ သတိနဲ့နေပါ။ ကျနော်တို့ ပတ်ဝန်းကျင်မှာ ဘာဘူလိူလူတွေ ဝိုင်းနေတယ်။

ဆက်စပ်သတင်းများ

ရုပ်ရှင်ခံစားမှု

ကိုဂျီဟာ တိုကျိုမြို့က တက္ကစီသမားတစ်ယောက်ပါ။ ကိုဂျီမှာ ဇနီးနဲ့ ဆယ်ကျော်သက်အရွယ် သမီးလေးတစ်ယောက်ရှိတယ်။ သမီးဖြစ်သူဟာ ကျောင်းဝင်ကြေးနဲ့ လခ အရမ်းများတဲ့ ဂီတအထက်တန်းကျောင်းကို တက်ချင်နေခဲ့တယ်။ ပြီးတော့ အိမ်ငှားခကလည်း စာချုပ်ပြည့်လို့ ထပ်ချုပ်ရဦးမယ်။ တက္ကစီကလည်း သက်တမ်းထပ်တိုးရမယ်။ အဲဒီအထွေထွေကုန်ကျမယ့်စရိတ်တွေကြောင့် တက္ကစီသမားကြီး ကိုဂျီ မရယ်နိုင် မပြုံးနိုင်ခဲ့ဘူး။

ရုပ်ရှင်ခံစားမှု

ဒီတစ်ပတ်တော့ ကြည်မိတဲ့ တောင်ကိုရီးယားစီးရီး the Scarecrow ထဲက ဇာတ်ကောင်တချို့အကြောင်း စိတ်ထဲရှိနေမိတယ်။ ဒီဇာတ်လမ်းတွဲက ပြီးခဲ့တဲ့ ဧပြီနဲ့ မေလက ထုတ်လွှင့်ပြသခဲ့တာမို့ အတော်များများ ကြည့်ပြီးကြပါပြီ။ ဒီဇာတ်ကားဟာ တချိန်က တောင်ကိုရီးယားနိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဟွာဆောင်းကွင်းဆက်လူသတ်မှုဖြစ်စဥ်ကို အခြေခံပြီး ဇာတ်အိမ်တည်ဆောက်ထားတာပါ။ ဒီဖြစ်ရပ်ကိုပဲ မှီငြမ်းပြီး...

ရုပ်ရှင်ခံစားမှု

အသက် ၁၀ နှစ်အရွယ် ကလေးမ လေးချိဟိရို ဟာ မိဘတွေနဲ့အတူ မြို့သစ်ဘက်ကို ကားလေးတစ်စီးနဲ့ ပြောင်းရွှေ့လာခဲ့တယ်။ ကားကိုမောင်းတဲ့သူ့ဖေဖေဟာ လမ်းမှားပြီး ဆန်းကြယ်တဲ့ လိုဏ်ခေါင်းတစ်ခုထဲသို့ ရောက်ရှိသွားခဲ့တယ်။အဖေကောအမေပါ လိုဏ်ခေါင်းထဲဝင်ပြီး စပ်စုကြတော့ သူလည်း ကြောက်ကြောက်နဲ့ လိုက်ခဲ့ရတယ်။

ရုပ်ရှင်ခံစားမှု

ကျမနာမည် ယဲ့ရှုးရိုပါ။ မြေပိုင်ရှင် သူဌေးသမီးလေးတစ်ယောက်ပေါ့။ သူနဲ့စဆုံတုန်းက သူကော ကျမပါ အသက် ၁၇ နှစ်လောက်ပဲ ရှိသေးတယ်။ မှတ်မိပါသေးတယ်။ အဲဒီအချိန်က ဂျပန်ကိုတိုက်ထုတ်ပြီးချိန် ကျမတို့ရွာမှာ ဘုရားပွဲတွေ ပြန်ကျင်းပတော့ အလှည့်လှည့်ချိန် ကျမက ရှေ့ဆုံးကနေ အလံကိုင်ရတယ်။ အဲဒီလို အလံကိုင်ပြီး လှည့်ချိန်မှာ...

Trending

Facebook