Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

ခေတ်ပြောင်းသူ

De Gaulle: Part I (La Bataille de Gaulle : L’Âge de fer) ၂၀၂၆

ဝဇီရာ/People’s Spring

​၁၉၄၀ ပြည့်နှစ်၊ မေလ — ပြင်သစ်နိုင်ငံ

နာဇီဂျာမနီတပ်မတော်ရဲ့ လျှပ်တစ်ပြက် ထိုးစစ်ဆင်မှုအောက်မှာ ပြင်သစ်စစ်တပ်ကြီး ပြိုလဲပျက်စီးနေခဲ့တယ်။ ပြင်သစ်စစ်ဗိုလ်ချုပ်ကြီးတွေ အများစုကတော့ စစ်ရှုံးပြီလို့လက်ခံပြီး ဟစ်တလာရဲ့ နာဇီတွေဆီ လက်နက်ချ အညံ့ခံဖို့ ပြင်ဆင်နေချိန်မှာပဲ ရှေ့တန်းစစ်မြေပြင်က သံချပ်ကာတပ်မဟာမှူး ဗိုလ်မှူးချုပ် ချားလ်စ်ဒီဂေါတစ်ဦးတည်းကသာ တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေခဲ့တယ်။

ဒီဂေါရဲ့ စစ်မြေပြင် စွမ်းဆောင်ရည်ကြောင့် ပြင်သစ်ဝန်ကြီးချုပ် Paul Reynaud က သူ့ကို ဒုတိယကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်။ ဒါပေမယ့် အစိုးရအဖွဲ့အတွင်းမှာ စစ်သူကြီး ပီတိန်းဦးဆောင်တဲ့ လက်နက်ချလိုတဲ့ အုပ်စုက အင်အားကြီးမားလာခဲ့တယ်။

Public Service Announcement

Public Service Announcement

ပြင်သစ်အစိုးရက ဂျာမန်တွေနဲ့ စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ဒီဂေါဟာ နိုင်ငံတော် သစ္စာဖောက်အဖြစ် သတ်မှတ်ခံရမယ့် အန္တရာယ်ကြားကနေ ဗြိတိန်နိုင်ငံ၊လန်ဒန်မြို့ကိုလေယာဉ်နဲ့တိတ်တဆိတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

လန်ဒန် ရောက်ချိန် ဒီဂေါမှာ ငွေကြေးမရှိ၊ စစ်တပ်မရှိ၊ နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ ထောက်ခံမှုလည်း မရှိသေးတဲ့ သာမန်ပြည်ပြေး စစ်ဗိုလ်တစ်ဦးပဲ ဖြစ်နေခဲ့တယ်။ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီရဲ့ မရေမရာတဲ့ ထောက်ခံမှုကို ရယူဖို့ ကြိုးပမ်းရင်း ၁၉၄၀ ပြည့်နှစ် ဇွန်လ ၁၈ ရက်နေ့မှာ BBC ကနေ ပြင်သစ်ပြည်သူတွေဆီ “စစ်ပွဲတစ်ပွဲ ရှုံးနိမ့်သွားပေမယ့် စစ်ကြီးတစ်ခုလုံး မရှုံးနိမ့်သေးတဲ့အကြောင်း” သမိုင်းဝင် တော်လှန်ရေး မိန့်ခွန်းကို ပြောကြားခဲ့တယ်။ ဒီဂေါရဲ့ အဲဒီမိန့်ခွန်းကြောင့်ပဲ ပြင်သစ်ပြည်သူတွေ နိုးထလာခဲ့ကြတယ်။

​လက်ရှိ မြန်မာပြည်မှာလည်း အာဏာသိမ်းကာလအစောပိုင်းကနေ အခုအချိန်ထိ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရ၊ သတင်းအမှောင်ချခံရချိန်မှာ လွတ်လပ်တဲ့ သတင်းဌာနတွေ၊ လူမှုကွန်ရက်ကနေ တစ်ဆင့်ချင်း ပျံ့နှံ့လာတဲ့ သတင်းတွေ၊ CDM ဝန်ထမ်းတွေနဲ့ ပြည်သူတွေရဲ့ မလျှော့သော ဇွဲတို့ဟာ မြန်မာပြည်သူတွေအတွက် ထိုစဉ်က ဘီဘီစီ ရေဒီယိုလိုပါပဲ။ လူတွေရဲ့ ရင်ထဲမှာတော်လှန်ရေးကို ဆက်ရှင်သန်စေခဲ့ပါတယ်။

ဆက်လက်ပြီး ဒီဂေါဟာ လန်ဒန်မှာ လွတ်လပ်တဲ့ ပြင်သစ်တပ်ဖွဲ့ကို ခက်ခက်ခဲခဲ စတင်ဖွဲ့စည်းပုံတွေဟာ အသည်းတယားယား ရင်တဖိုဖိုပါပဲ။ ​ဒီဂေါရဲ့ ရုန်းကန်ရမှုတွေကို ကြည့်ရတာဟာ ကျနော်တို့နိုင်ငံက တော်လှန်ရေး ဦး​ဆောင်သူတွေကို သတိရမိစေပါတယ်။

မြန်မာနိုင်ငံရဲ့အနေအထားကိုကြည့်ရင်လည်း ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံး အမှောင်ကျသွားသလို ခံစားခဲ့ရချိန်မှာ၊ ဘာလက်နက်မှ၊ ဘာအင်အားမှ မရှိသေးဘဲ ရရာလက်နက်ကိုင်ပြီး သွေးမအေးဘဲ ဆန့်ကျင်ထွက်လာကြတဲ့ လူငယ်တွေ၊ PDF တွေနဲ့ ပြည်သူတွေရဲ့ ပုံရိပ်ဟာ ဒီဂေါရဲ့ အစောပိုင်း ရုန်းကန်မှုတွေနဲ့ ထပ်တူကျနေပါတယ်။ ပြင်သစ် GZ လူငယ်တွေရဲ့ စိတ်အားထက်သန်မှုတွေ၊ ရဲဝံ့ စွန့်စားမှုတွေကလည်း ကျနော်တို့ နွေဦးတော်လှန်ရေးက ညီအကိုတွေကို မျက်စိထဲ ပြေးမြင်စေခဲ့တယ်။

​ဇာတ်ကားထဲမှာ ဒီဂေါဟာ ပြင်သစ်နိုင်ငံထဲက လက်နက်ချလိုသူတွေနဲ့ရော၊ မဟာမိတ်ဖြစ်တဲ့ ဗြိတိန်ဝန်ကြီးချုပ် ချာချီတို့နဲ့ပါအမြဲလိုလို အာဏာချင်း၊သဘောထားချင်း ထိပ်တိုက်တွေ့နေရပါတယ်။ကိုယ့်လူမျိုးအချင်းချင်းတောင် လမ်းကြောင်းမတူလို့ သစ္စာဖောက်အဖြစ် သတ်မှတ်ခံရတဲ့ ဒဏ်ရာတွေကို ခံစားရပါတယ်။

​မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း အမျိုးသားရေး၊ ဖက်ဒရယ်ဒီမိုကရေစီရေးနဲ့ နယ်မြေဒေသအသီးသီးက အင်အားစုတွေကြား နိုင်ငံရေးအရအပေးအယူလုပ်ရတာ၊ ယုံကြည်မှုတည်ဆောက်ရတာတွေဟာ ဒီဂေါ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ အလွန်တူလှပါတယ်။ ခေါင်းဆောင်တစ်ယောက်၊ ဒါမှမဟုတ် တော်လှန်ရေး အင်အားစုတစ်ခုအတွက်စစ်မြေပြင်က တိုက်ပွဲထက် နိုင်ငံရေးစားပွဲဝိုင်းကတိုက်ပွဲကပိုခက်ခဲတယ်ဆိုတာကို ဒီဇာတ်ကားက ပေါ်လွင်စေပါတယ်။

​ဒီဂေါ ရုပ်ရှင်ကို ထိုင်ကြည့်နေရင်း ကိုယ့်နိုင်ငံရဲ့ လက်ရှိ အခြေအနေကို ပြန်မြင်မိတဲ့အခါ သမိုင်းဆိုတာ အလွယ်တကူ အဆုံးသတ်သွားတာ မဟုတ်ဘဲ၊ မှန်ကန်တဲ့ ယုံကြည်ချက်နဲ့ ဆက်လျှောက်နေသမျှ ကာလပတ်လုံး ဘယ်လို အမှောင်ထဲမှာမဆို အလင်းရောင် ပေါ်လာတတ်တယ်ဆိုတဲ့ ခံစားချက်ကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

​မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲမှာလည်း ဒီဂေါလိုပဲ အရာရာ ဆုံးရှုံးနေချိန်မှာတောင် ခေါင်းမာမာနဲ့ ရပ်တည်ကာ လွတ်လပ်မှုကို တမ်းတနေကြတဲ့ ပြည်သူတွေနဲ့ တော်လှန်ရေး ရဲဘော်တွေရဲ့ ပုံရိပ်ဟာ ဒီရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေနဲ့ တစ်ထပ်တည်း ကျနေပါတော့တယ်။ ဇာတ်ကားထဲမှာ ဒီဂေါပြောသွားတဲ့စကားတစ်ခွန်း မှတ်မှတ်သားသား ရှိမိတယ်။ “ငါတို့ဟာ သံမဏိခေတ်ဆိုးထဲ မွေးဖွားလာခဲ့ပေမယ့် ဒါကို ရွှေခေတ်အဖြစ် ပြောင်းရမယ်”တဲ့။ ။

ဆက်စပ်သတင်းများ