Connect with us

Hi, what are you looking for?

နိုင်ငံတကာ

NATO ဝင်ခွင့်ကို ပိုင်နက်နယ်မြေတွေနဲ့ အလဲအလှယ်လုပ်ဖို့ ယူကရိန်းကို အမေရိကန် အကြံပြုခဲ့တယ်လို့ဆို

NATO စစ်မဟာမိတ် အဖွဲ့ဝင် ဖြစ်ခွင့်ကို နိုင်ငံအရှေ့ပိုင်း နယ်မြေတွေနဲ့ အလဲအလှယ်လုပ်သင့်ကြောင်း အမေရိကန်က တိုက်တွန်း အကြံပေးခဲ့ကြောင်း ယူကရိန်း သမ္မတက ပြောပါတယ်။

ဓာတ်ပုံ - AP

NATO စစ်မဟာမိတ် အဖွဲ့ဝင် ဖြစ်ခွင့်ကို နိုင်ငံအရှေ့ပိုင်း နယ်မြေတွေနဲ့ အလဲအလှယ်လုပ်သင့်ကြောင်း အမေရိကန်က တိုက်တွန်း အကြံပေးခဲ့ကြောင်း ယူကရိန်း သမ္မတက ပြောပါတယ်။

ယူကရိန်းဟာ NATO အဖွဲ့ဝင် ဖြစ်ခွင့်အတွက် ဒွန်းဘက်စ်ဒေသထဲက လက်ကျန်နယ်မြေတွေကို စွန့်လွှတ်ပြီး တပ်တွေ ရုပ်သိမ်းသင့်တယ်လို့ အမေရိကန်က ဆွေးနွေး အကြံပြုခဲ့ကြောင်း နိုဝင်ဘာ ၁၄ ရက်နေ့မှာ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဖွင့်ဟခဲ့ပါတယ်။ အမေရိကန်ဟာ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို ရပ်စဲနိုင်စေဖို့ ကြားဝင် စေ့စပ်ပေးနေပါတယ်။

ဇီလန်စကီးရဲ့ မှတ်ချက်နဲ့ ပတ်သက်လို့ အမေရိကန်ဖက်ကတော့ ဘာမှ မတုံ့ပြန်သေးပါဘူး။ စစ်ရပ်စဲရေး ဖြစ်နိုင်ခြေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးရမယ့် စိတ်ကူးတွေကတော့ အများကြီး ရှိကြောင်း၊ ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ နှစ်ဖက်စလုံး လက်ခံနိုင်တဲ့ အခြေအနေ ဖြစ်ဖို့လိုကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ကျယ်ပြန့်တဲ့ ဒွန်းဘက်စ်ဒေသရဲ့ အစိတ်အပိုင်း အများစုကို ရုရှားတပ်တွေက သိမ်းပိုက်ထားပါတယ်။ ဒါပေမဲ့ တချို့နေရာတွေကို ယူကရိန်း စစ်တပ်က ထိန်းချုပ်ထားပြီး ကြံ့ကြံ့ခံနေဆဲပါ။ ဇီလန်စကီးကတော့ ယူကရိန်းဟာ စစ်ပွဲကို ရပ်တန့်နိုင်ဖို့အတွက် အချုပ်အခြာ အာဏာပိုင် နယ်မြေတွေနဲ့ အလဲအလှယ် မလုပ်ချင်ကြောင်း ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ဖက်က မေးခွန်းတစ်ခုကို တင်ပြလာကြောင်း၊ ယူကရိန်း အနေနဲ့ NATO အဖွဲ့ထဲမှာ ပါဝင်ခွင့် ရဖို့အတွက် ဒွန်းဘက်စ်ကနေ တပ်တွေ ရုပ်သိမ်းပေးမလား ဆိုတာဖြစ်ကြောင်း၊ ဒီစိတ်ကူးကို အမေရိကန်ဖက်က ပထမဆုံးအကြိမ် ထုတ်ပြောလာတာဖြစ်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

သူက အဲဒီကိစ္စကို လက်ခံမခံ အတိအကျ မပြောပေမယ့် တကယ်လို့ ယူကရိန်းရဲ့ အနာဂတ် လုံခြုံရေးအတွက် တိကျတဲ့ အာမခံချက်တွေ၊ နိုင်ငံပြန်လည် ထူထောင်ရေးအတွက် သင့်တော်တဲ့ ရန်ပုံငွေ ထောက်ပံ့မှုတွေ ရှိပြီး နိုင်ငံရဲ့ စစ်အင်အား တည်ဆောက်မှုကိုလည်း ထိန်းချုပ်ကန့်သတ်တာမျိုး မရှိဘူးဆိုရင် လူထုဆီက အဆုံးအဖြတ်ယူဖို့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတစ်ခု ပြုလုပ်ပေးသွားမယ်လို့ ပြောပါတယ်။

ဇီလန်စကီးဟာ အခုသီတင်းပတ်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် စေလွှတ်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီမတိုင်ခင် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ ရုရှားဖက်ကတော့ စစ်ပြေငြိမ်းချင်ရင် ယူကရိန်း စစ်တပ်ရဲ့ အင်အားကို ကန့်သတ်ဖို့၊ ယူကရိန်း အရှေ့ပိုင်း နယ်မြေတွေကို ရုရှားက ရရှိဖို့၊ ယူကရိန်း အနေနဲ့ စစ်ပြီးကာလမှာ NATOနဲ့ မပေါင်းစည်းဘဲ ကြားနေမူဝါဒကို ဆက်လက် ထိန်းသိမ်းထားဖို့ ဆက်လက် တောင်းဆိုထားပါတယ်။

ယူကရိန်းကတော့ အဲဒီအချက်တွေကို ပယ်ချထားပြီး လိုက်လျောလိုက်မယ်ဆိုရင် အနာဂတ်မှာ ကြုံလာမယ့် နောက်ထပ် ကျူးကျော်မှုကို ခုခံဖို့ အင်အားမရှိဘဲ ဖြစ်သွားလိမ့်မယ်လို့ ထောက်ပြထားပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်ကလွဲလို့ တခြား NATO အဖွဲ့ဝင် နိုင်ငံအများစုက ယူကရိန်းရဲ့ NATO အဖွဲ့ဝင် ဖြစ်နိုင်ခြေကို စိုးရိမ်နေပြီး ယူကရိန်း အစိုးရ ကိုယ်တိုင်ကပါ ဒီကိစ္စဟာ လက်တွေ့ကျပါ့မလားလို့ သံသယ ဝင်နေပါတယ်။

လေ့လာသူ တချို့ကတော့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ ယူကရိန်း အနေနဲ့ ဘယ်အတိုင်းအတာထိ လိုက်လျော လက်ခံနိုင်မလဲ၊ ဘယ်အပိုင်းကိုတော့ လုံးဝ အထိမခံနိုင်သလဲဆိုတဲ့ red lineတွေကို တိတိကျကျ သိရအောင် စူးစမ်းနေတာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။

ဇီလန်စကီးက အမေရိကန်ရဲ့ စေ့စပ်ရေး အရာရှိတွေဟာ ယူကရိန်း အနေနဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် နယ်မြေတွေ စွန့်လွှတ်သင့်တယ်ဆိုတဲ့ စိတ်ကူးမျိုးကိုလည်း အတော်လေး အလေးပေးပြီး ပြောဆိုလာခဲ့ကြောင်း မကြာသေးခင်က ထုတ်ပြောခဲ့ဖူးပါတယ်။

၅ နှစ်နီးပါး ကြာမြင့်လာတဲ့ စစ်ပွဲအတွင်း ရုရှားဟာ ဒွန်းဘက်စ်ခ်ဒေသ တစ်ခုလုံးနီးပါး အပါအဝင် ယူကရိန်း နိုင်ငံ အကျယ်အဝန်း စုစုပေါင်းရဲ့ ၅ ပုံ ၁ ပုံစာလောက် ကျယ်ဝန်းတဲ့ နယ်မြေတွေကို သိမ်းယူထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ