Connect with us

Hi, what are you looking for?

သတင်း

ရာမွန်မက်ဆေဆေဆုရ ဦးဘိုကြည်က ကျဆုံးသူရဲကောင်းတွေအမည်ရေးထားတဲ့ ဝတ်ရုံဝတ်ပြီး ဆုလက်ခံယူ

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) အတွင်းရေးမှူး ဦးဘိုကြည်ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ ရာမွန်မက်ဆေဆေဆုပေးပွဲအခမ်းအနား တက်ရောက်ဆုလက်ခံရယူရာမှာ ကျဆုံးသူရဲကောင်းတွေရဲ့ အမည်ရေးထိုးထားတဲ့ ဝတ်ရုံဝတ်ဆင်ခဲ့ပါတယ်။

Screenshot

နိုဝင်ဘာ-၁၅၊ ၂၀၂၆။ထားမြတ်/People’s Spring

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) အတွင်းရေးမှူး ဦးဘိုကြည်ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ ရာမွန်မက်ဆေဆေဆုပေးပွဲအခမ်းအနား တက်ရောက်ဆုလက်ခံရယူရာမှာ ကျဆုံးသူရဲကောင်းတွေရဲ့ အမည်ရေးထိုးထားတဲ့ ဝတ်ရုံဝတ်ဆင်ခဲ့ပါတယ်။

လူ့အခွင့်အရေးကာကွယ်မြှင့်တင်မှုနဲ့ နိုင်ငံရေးအကျဉ်းသားတွေကူညီစောင့်ရှောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ ဦးဘိုကြည်ဟာ ၂၀၂၆ ပေးအပ်တဲ့ ရာမွန်မက်ဆေဆေဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဆုရရှိသူတွေအမည်စာရင်းကို ဩဂုတ်လကုန်ပိုင်းကတည်းက ကြေညာခဲ့တာဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ဒီကနေ့ နိုဝင်ဘာ ၁၅ရက်မှာ ကျင်းပခဲ့ရာ ဦးဘိုကြည်တက်ရောက်ဆုယူခဲ့တာဖြစ်ပါတယ်။

ဆုပေးပွဲမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ ဦးဘိုကြည်က သူဝတ်ဆင်ထားတဲ့ အင်္ကျီကို အာရုံစိုက်ပေးဖို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒီအင်္ကျီပေါ်မှာ မြန်မာစစ်အုပ်စုရဲ့ သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူပေါင်း ၈,၀၀၀ ကျော်ရဲ့ အမည်တွေကို ဖော်ပြထားပါတယ်။အသက်အငယ်ဆုံးကတော့ ၂ လခွဲအရွယ် ကလေးငယ်လေးဖြစ်ပြီး အသက်အကြီးဆုံးကတော့ ၁၀၅ နှစ်အရွယ် ဖြစ်ပါတယ်” လို့ ဦးဘိုကြည်က ရှင်းပြပါတယ်။

အခုလို ဆုပေးအပ်မှုအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားပြီး ရရှိခဲ့တဲ့ ဆုဟာ အကျဉ်းထောင်တွေထဲ ဆက်လက်ထိန်းသိမ်းခံထားရကာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီအတွက် ကြိုးပမ်းနေကြတဲ့ နိုင်ငံရေးအကျဉ်းသား တွေအားလုံးကိုယ်စားလက်ခံရယူတာလို့ ဦးဘိုကြည်က ဆိုပါတယ်။

ဒ့ါအပြင် မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးအောက်ရှိ အကျဉ်းသားတွေဟာ လူ့ဂုဏ်သိက္ခာကို ဖျက်ဆီးတဲ့ အခြေအနေတွေကို ရင်ဆိုင်နေကြရကြောင်း ဦးဘိုကြည်က အသိပေးပြောကြားခဲ့ပါတယ်။

အခု ပေးအပ်တဲ့ ရာမွန်မက်ဆေဆေဆုဟာ ဖိလစ်ပိုင်သမ္မတဟောင်း ရာမွန်မက်ဆေဆေကို ဂုဏ်ပြုပြီး ၁၉၅၈ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာပါ။ အဲဒီဆုဟာ အာရှတိုက်ရဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုအဖြစ် တင်စားကြပါတယ်။ ၂၀၂၆အတွက် ရာမွန်မက်ဆေဆေဆုကို စင်ကာပူနိုင်ငံက တွန်မီကို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရူနာခမ်း၊ မြန်မာနိုင်ငံက ဦးဘိုကြည်တို့ ရရှိခဲ့တာလို့ ရာမွန်မက်ဆေဆေဆုဖောင်ဒေးရှင်းက ကြေညာခဲ့ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ဟာ ပြည်သူအပေါ် ဖိနှိပ်ကျူးလွန်မှုတွေဟာ စစ်အာဏာရှင်အဆက်ဆက် အဆိုးဝါးဆုံးအရက်စက်ဆုံးဖြစ်ကြောင်း ဦးဘိုကြည်က ဩဂုတ်ပထမပတ်အတွင်းက People’s Springနဲ့ အမေးအမြေကဏ္ဍမှာ သုံးသပ်ပြောကြားထားပါတယ်။

“တရားလက်လွတ်သတ်ဖြတ်မှု၊ မတရားဖမ်းဆီးနှိပ်စက် အကျဉ်းချမှု၊ ရပ်ရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေကအရင်အာဏာသိမ်းမှုတွေမှာကျူးလွန်မှုတွေထက်အဆမတန်ဆိုးရွားပါတယ်။အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှု အပါအဝင် အခြားနည်းလမ်းပေါင်းစုံ တိုက်ခိုက်မှုကလည်း ယခင်လို တိုင်းရင်းသားဒေသတွေသာမက မြန်မာပြည်အလယ်ပိုင်းအပါအဝင် တနိုင်ငံလုံးအနှံ့ ကျူးလွန်နေတာကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုတွေ့နေရပါတယ်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု အပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုူများကိုပါ ကျူးလွန်တဲ့အဆင့်ထိ ဆိုးရွားလာပါတယ်” လို့ ဦးဘိုကြည်က ပြောပါတယ်။

အဲ့ဒီလိုဆိုးရွားလာရတဲ့အကြောင်းကလည်း အာဆီယံ အပါအဝင် နိုင်ငံတကာက ဒီလိုရာဇဝတ်မှု ကျူးလွန်သူတွေကို အရေးယူမှု ပျက်ကွက်နေခြင်းက သူတို့ကိုပိုပြီးအတင့်ရဲလာစေတာဖြစ်ကြောင်းလည်း ဦးဘိုကြည်က ပြောပါတယ်။

ဦးဘိုကြည်တာဝန်ယူနေတဲ့ AAPPဟာ စစ်အုပ်စုက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေအပေါ် မှတ်တမ်းကောက်ယူတာ၊ ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးတာ၊ မိသားစုဝင်များနှင့်တွေ့ဆုံပြီး ဆွေးနွေးနှစ်သိမ့်ပေးခြင်းနဲ့ နိုင်ငံရေးအကျဉ်းသားများရဲ့ လိုအပ်ချက်များ အကူအညီပေးတာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

ဥပဒေပိုင်းဆိုင်ရာ အထောက်အထားများကိုမှတ်တမ်းသက်သေများအဖြစ် စုဆောင်းခြင်း၊ အကျဉ်းထောင်များကို အနီးကပ် စောင့်ကြည့်နေပြီး အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရိုက်နှက်ညှဥ်းပန်း၊ တိုက်ပိတ်မှုများ အပါအဝင် အကျဉ်းထောင်များရဲ့ ထူးခြားဖြစ်စဉ်များကို နေ့စဉ်မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်နေကြောင်းလည်း AAPPက အသိပေးထားပါတယ်။

ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများစာရင်း၊ အဖမ်းခံရစဉ်၊ စစ်ကြောရေးနဲ့ အကျဉ်းထောင်အတွင်း ကျဆုံး နိုင်ကျဉ်းစာရင်းများ မှတ်တမ်းတင်ခြင်း၊ AAPP ရဲ့ Website မှာ နေ့စဉ်ဖေါ်ပြခြင်းတို့လည်း လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ လွတ်မြောက်စေရေးအတွက် အာဆီယံ အပါအဝင် နိုင်ငံတကာ ကို အစဉ်လှုံ့ဆော်တိုက်တွန်းမှုများပြုလုပ်လျှက်ရှိသလို အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို လည်း မှတ်တမ်းတင်ပြီး အစီရင်ခံစာများ ထုတ်ပြန်ခြင်းတို့ကို တောက်လျှောက်ပြုလုပ်နေကြောင်း အသိပေးထားပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများကို လိုအပ်နေတဲ့ အကူအညီတွေ အတတ်နိုင်ဆုံး ထောက်ပံ့ ပေးသလို လိုအပ်လျှင် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသလို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုများကို ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ