နိုဝင်ဘာ-၁၅၊ ၂၀၂၆။ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ မိုးများလို့ စိုက်ပျိုးသီးနှံ ဧကထောင်ချီ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကနေ ၁၁ ရက်အထိ ၄ ရက်ဆက် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဝက်လက်မြို့နယ်က တောင်သူတွေ စိုက်ပျိုးထားတဲ့ ဂျုံ၊ကုလားပဲ၊နံနံ၊နှမ်း စတဲ့ သီးနှံဧကပေါင်း ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဝက်လက်ပကဖက ပြောပါတယ်။
“ရေကြီးတာတော့မဟုတ်ဘူး။ မိုးဆက်သွားတော့ သီးနှံခင်းတွေထဲ ဝင်တော့ပျက်စီးကုန်တာပါ”လို့ ဝက်လက်ပကဖအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ဝက်လက်မြို့နယ်အပြင် ရွှေဘိုခရိုင်က အခြားမြို့နယ်အချို့မှာလည်း သီးနှံတွေ ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်အတွင်းကလည်း ရွှေဘိုခရိုင်မှာ ဝက်လက်မြို့နယ်အပါအဝင် ကျေးရွာအများအပြား ရေကြီးခဲ့လို့ သီးနှံတွေ ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပြီး ၃ လအကြာမှာ ယခုလို ထပ်မံပျက်စီးမှုနဲ့ ကြုံရတာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၈ ရက်ကနေ ၁၁ ရက်အထိ ၄ ရက်ဆက် ရွာသွန်းခဲ့တဲ့ မိုးကြောင့် မန္တလေးတိုင်း၊ စစ်ကိူင်းတိုင်းနဲ့ မကွေးတိုင်းက သီးနှံတွေ အများအပြား ပျက်စီးခဲ့ပါတယ်။





















































