Jo
ရန်ကုန်အကြောင်းငါပြောပြမယ်။
မြက်ရိုင်းတွေထူလာတယ်

Public Service Announcement
တောကြောင်တွေပေါလာတယ်
နေဝင်စောတဲ့ဆောင်းရာသီမှာ
မမှောင်ခင်အိမ်ပြန်ရောက်မှ စိတ်တွေဟာတပူငြိမ်းတယ်။
ရန်ကင်းပန်းခြံထဲ ဂီတာထိုင်တီးတဲ့သူတွေမရှိတော့ဘူး
လှည်းတန်းဂုံးတံတားအောက် စကိတ်မစီးကြတော့ဘူး
နေ့မှာမျက်နှာသေတွေနဲ့ ပြေးလွှားနေကြရတဲ့သူတွေက
ညရိပ်သန်းတာနဲ့ အမှောင်ကြောက်တဲ့ဇွန်ဘီတွေလိုပဲအလျှိုလျှိုပျောက်သွားလိုက်ကြတာ
မြို့တော်ဟာ တိတ်ဆိတ်ခြောက်ကပ်လို့။
အဆိုးဆုံးအပိုင်းက
သူငယ်ချင်းတွေထွက်သွားကြတာပဲ
တချို့က လေယာဉ်ပျံကြီးစီးလို့
တချို့က ကူးတို့ခ ငါးမူးငုံလို့
တချို့က အချုပ်ထဲထောင်ထဲ
တချို့ကျတော့လည်း တောထဲတောင်ထဲ။
ဟေ့ရောင်တွေ… ဘယ်တော့ပြန်ဆုံမလဲလို့အမေး
ကံမကုန်ရင်ပေါ့တဲ့ ပြန်ဖြေကြတယ်
ဒါပေမယ့် ပြန်လာမယ်လို့ ဘယ်သူကမှ ရေရေရာရာ ကတိမပေးခဲ့ကြတော့
ရန်ကုန်ဟာ တအိအိအထီးကျန်လာတယ်
ရန်ကုန်ဟာ တရိရိဆွေးမြည့်လာတယ်
ဒီလိုနဲ့ ရန်ကုန်ဟာ တဖြည်းဖြည်းကွယ်ပျောက်သွားရင် ဘယ်လိုလုပ်မလဲလို့
ရန်ကုန်ကို ပွေ့ဖက်ထားရင်း ငါစိတ်ပူတယ်။
(The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘JO’ ရဲ့ “ရန်ကုန်မှာငေး ရန်ကုန်ဟာဆွေး”
ကဗျာကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
