◼️ခွန်းနီ
မီးတွေ မီးတွေ
ဒီနိူင်ငံမှာမီးတွေကြီးပဲ
မချိမဆန့်လောင်မြိုက်နေကြတာ
တွေ့လား
တွေ့ကြရဲ့လား။
မီးတွေကပြောတယ်
ငါတို့ကိုအသက်ညှာဆုံးဝါးမြိုပစ်မယ်တဲ့
လေပူတွေကနေတစ်ဆင့်ငါသတင်းရတယ်
နားကြားမှားတာလို့နှစ်သိမ့်သူမရှိပါဘူး
အရိုးပြိုင်းပြိုင်းနဲ့အိမ်တိုင်အတိုအရှည်တွေဟာ
မသေပဲကျန်ခဲ့တဲ့သူရဲကောင်းတွေလို
ခေါင်းတွေမော့ထားလျှက်။
ဆုံးရှုံးခဲ့တဲ့ဘဝတွေအတွက်
သူဆယ်ယူပေးနိူင်ခဲ့တာဒါပဲရှိမယ်
မီးကျွမ်းပြီးကျန်ခဲ့တဲ့အိမ်တိုင်တွေမှန်း
ရိပ်မိလာတဲ့အခါခေါင်းတွေပြန်ငုံ့သွားတယ်
ဒုတိယအကြိမ်လောင်ကျွမ်းခံဖို့ခက်နေရှာမှာ။
စစ်တလင်းမှာကိုယ်ကျိုးနည်းခဲ့ကြသူတွေ
ပြာထုတ်တွေပိုက်ပြီး
ဘဝတွေကိုဆန်ပြာသလိုပြာကြည့်နေရှာတယ်
မျက်ရည်တွေသာတစ်ဖွဲဖွဲကျလာပြီး
ဘဝတွေဟာပြာတွေနဲ့ရောထွေးသွားပြီ။
ပေါ့ပါးပါစေဘဝတွေရေ
တစ်ကယ်ပေါ့ပါးလွတ်မြောက်ကြပါစေ
ထွက်သွားသူတွေလဲပေါ့ပါးပါစေ
ငါတို့မှာတော့လေးလံနေရဆဲ
မသေနိူင်သေးလို့ဖြစ်မှာပါ။
အသက်ရှုရတာခက်သလောက်
သေရတာကျလွယ်လွန်းတဲ့နိူင်ငံမှာ
အားလုံး အားလုံး ပေါ့ပါးကြပါစေ
နာရေးသတင်းတွေထုံမွှန်းထားတဲ့
မနက်ဖြန်တွေလဲပေါ့ပါးနိူင်ကြပါစေ
အဓမ္မတရားတွေလဲပေါ့ပါးစွာထွက်ခွာနိူင်ပါစေ
ဓမ္မတရားတွေလဲပေါ့ပါးစွာရောက်ရှိနိူင်ပါစေ
ကမ္ဘာကြီးလဲပေါ့ပါးပါစေ…..။ ။
(The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’
‘ရေးဖွဲ့တဲ့ “ပေါ့ပါးနိူင်ကြစေ” ကဗျာ ကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































