ကျော်သုခမွန်(မကွေး)
ပြည်တွင်းစစ်မီးတွေ
ကိုယ်တို့ကိုပူလောင်စေတဲ့ကိစ္စဟာ
သိပ်ပြီးဘဝင်ကျစရာတော့မကောင်းဘူး မြတ်နိုးဧကရီရေ

Public Service Announcement
စစ်ပွဲတွေကြားထဲမှာမှ
ကိုယ့်အလွမ်းနာက လာလာကိုက်ခဲပြတဲ့အခါ
ဘယ်သူ့ကိုလွမ်းသလဲလို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးမိတယ်
အားနာပါတယ်
မြတ်နိုးဧကရီကို ကိုယ်တကယ်အားနာခဲ့ပါတယ်
လူတွေအားလုံးဟာ
လောဘရမ္မက်ကိုဘယ်တော့မှအတောမသတ်နိုင်တဲ့
သတ္တဝါတွေချည်းပါပဲ
အချစ်ကိုကိုးကွယ်တဲ့ကောင်လို့ပဲဆိုဆို
ပေးသလောက်ပြန်မရခဲ့ရင်တောင်မှ
ကိုယ်ဟာ အချစ်ကိုတကယ်ရူးသွပ်ခဲ့တဲ့
ပြည်တွင်းစစ်ပွဲထဲက
လူငယ်သူပုန်ကဗျာရေးသူတစ်ယောက်အဖြစ်
မြတ်နိုးဧကရီရဲ့အသိအမှတ်ပြုခြင်းကိုရချင်သေးတယ်
ကိုယ်တို့နိုင်ငံမှာ
စစ်ပွဲတွေမရှိတော့တာကြာခဲ့ပြီ မြတ်နိုးဧကရီရေ
ခုချိန်ကာလမှာတော့
ကိုယ်တို့လူမှန်းသိတတ်စအရွယ်ကတည်းက
ကြားဖူးနားဝမရှိသေးတဲ့ပြည်တွင်းစစ်ပွဲတွေ
နေ့ချင်းညချင်းဖြစ်ပေါ်လာခဲ့တာ
ဘယ်သူမှမယုံကြည်နိုင်လောက်အောင်ပါပဲ
လွမ်းလွမ်းဆွေးဆွေး ကြေကြေကွဲကွဲပေမယ့်
တစ်ယောက်လက်ကိုတစ်ယောက်ဆွဲဖို့
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ဖို့
တစ်ယောက်အနမ်းတစ်ယောက်ဖလှယ်ဖို့
ကိုယ်တို့ ဘာမှမတတ်နိုင်သေးဘူး
လွမ်းတတ်ရင်လွမ်းနိုင်သလောက်
အလွမ်းတွေကို ကိုယ်တို့ဆွဲဆန့်ထားကြမယ်ကွယ်
ပြည်တွင်းစစ်ပွဲတွေဟာ
မြတ်နိုးဧကရီရှိတဲ့နယ်မြို့လေးကိုပါရောက်နေတယ်ဆိုတာ
ရုပ်မြင်သံကြားသတင်းကတဆင့် သိခွင့်ရခဲ့တယ်
စိတ်ပူပေးရုံကလွဲရင်
ကိုယ်တကယ်ဘာမှမတတ်နိုင်ခဲ့ဘူး
ဆယ်ကျော်သက်အရွယ်ကာလတွေမှာ
ကိုယ်တို့လိုလူငယ်ဘဝတွေဟာ
ပျော်ရွှင်ကြည်နူးစရာတွေနဲ့နေသားကျခဲ့ကြ
နှစ်ထိပ်စီးပြောင်းပြီးမကြာမီမှာတော့
ခေတ်ဆိုးစနစ်ဆိုးကိုတော်လှန်နေကြတဲ့
လူငယ်သူပုန်လေးတွေဖြစ်ခဲ့ရတာပေါ့
မြတ်နိုးဧကရီရေ
စိတ်မကောင်းစရာတွေပြောတယ်ဆိုပြီး
ကိုယ့်ကိုအပြစ်တင်မယ်ဆိုလည်း အဆင်သင့်ပါပဲကွယ်
ပြည်တွင်းစစ်ကြီးထဲမှာ
ဒါဟာ ကိုယ့်ရဲ့နောက်ဆုံးကဗျာဖြစ်နိုင်သလို
မြတ်နိုးဧကရီအတွက်နောက်ဆုံးရေးတဲ့စာလည်းဖြစ်နိုင်တယ်
ကျေးဇူးပြုပြီး
မျက်ရည်အကျမစောလိုက်ပါနဲ့ကွယ်
ကိုယ်တို့ဟာအောင်မြေနင်းမယ့်
ဒေါင်းသခင်မရဲ့မျိုးဆက်တွေဆိုတာနားလည်ပေးပါ
ကိုယ့်ဘက်က တကယ်ပြန်ဆုံချင်တယ်ဆိုတာလက်ခံပေးပါ
ကိုယ်တို့အချစ်တွေဟာလည်း
ဘေးအန္တရာယ်အပေါင်းကနေလွတ်မြောက်မယ်ဆိုတာ ယုံကြည်ပေးပါ
စစ်ကြီးပြီးသွားတဲ့အခါ
ကိုယ်တို့တကယ်ပြန်ဆုံနိုင်ပါ့မလားလို့
ကိုယ့်ကိုယ်ကိုယ်ပြန်မေးပြီး
သိမ်ငယ်စိတ်ပြင်းပြနေမိတာကိုတော့
မြတ်နိုးဧကရီကို မညာတမ်းဝန်ခံပါရစေ
ရာနှုန်းပြည့်အာမဘန္တေမခံရဲပေမယ့်
ကိုယ်တို့ပြန်ဆုံရမှာသေချာသလောက်ပါပဲ
ဒီစစ်ပွဲပြီးရင်
ကိုယ်တို့ တကယ်ပြန်ဆုံရမှာပါ
ကိုယ်တို့ တကယ်ပြန်ဆုံနိုင်ခွင့်ရကြမှာပါ
နယ်မြို့လေးက မြတ်နိုးဧကရီရေ . . .
ဘေးမသီ ရန်မခ
ပြည်တွင်းစစ်အန္တရာယ်မှကင်းဝေးပါစေကွယ် ။


















































