အာဏာသိမ်းစစ်ကောင်စီ ဝါဒဖြန့် ဖေစ်ဘွခ်စာမျက်နှာတစ်ခုဖြစ်သော သလ္လာရွှေမြေက စစ်ကိုင်းတိုင်းတွင် အလောင်းမင်းတရားအမည်ဖြင့် အထူးစစ်ဆင်ရေးစတင် သည်ဟု ရေးသားဖော်ပြသောနေ့တွင် ကောလင်းမြို့နယ် အတွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးကြောင်း ကောလင်းတော်လှန်ရေး(Kawlin Revolution-KR )က ဖော်ပြသည်။
ကောလင်းမြို့နယ်တွင် ယမန်နေ့(အောက်တိုဘာ ၂၈ )ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တေရာနှစ်နေရာတွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄၀ မှ ၆၀ အတွင်းသေဆုံးခဲ့သည်။ ထိုအပြင် အောက်တိုဘာ ၂၈ ရက်တွင် ကောလင်းမြို့နယ် အရှေ့ပိုင်းဖလဲရွာအနီးတိုက်ပွဲထပ်မံဖြစ်ပွားရာစစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးပြီး ၊ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့ကြောင်း Kawlin Revolution-KR ကဖော်ပြခြင်းဖြစ်သည်။ KR သည် ကောလင်းဒေသခံပြည်သူများ တော်လှန်ရေးသတင်းများသိရှိရန် စုံစမ်းထောက်လှမ်းဖော်ပြပေးနေသော ဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သား ၄၀ မှ ၆၀ အတွင်းသေဆုံးခဲ့သောတိုက်ပွဲတွင်အမှတ်(၁၀)ခြေမြန်တပ်ရင်းမှ ကြည်း (၄၃၉၈၀)ဗိုလ်မှူး ရဲထွဋ်ဦးပါဝင်ပြီး မသေဘဲကျန်သောစစ်ကောင်စီတပ်သားများက အလောင်းပိုဖြစ်သလို မြေမြုပ်သဂြိုဟ်ခဲ့ ကြောင်း KR က အမိန့်စာဓါတ်ပုံနှင့် တစ်ကွဖော်ပြသည်။
“သူ့မိသားစုအတွက်တော့ စိတ်မကောင်းပါဘူး ။သူတပည့်တွေက အလောင်တောင်ဖြစ်သလိုမြုပ်လို့ နယ်ခံတွေကသပ်သပ်ရပ်ရပ်သဂြိုလ်ပေးဖို့ပြန်ဖော်မှ ဗိုလ်မှူးမှန်းသိရတဲ့အဖြစ်ပါလား။ စိတ်မကောင်းပါဘူးဗိုလ်မှူးရေ ။ကတို့ခတစ်သောင်း ထည့်ပေးထားတယ်လို့လည်းသိရပါတယ်။ကောလင်းပြည်သူမှကောင်းမွန်စွာသဂြိလ်ပေးခဲ့တယ်လို့သိရပါတယ်”ဟု KRကဖော်ပြထားသည်။

Public Service Announcement
ထို့အပြင် အောက်တိုဘာ ၂၇ ရက်တိုက်ပွဲတွင် သေဆုံးခဲ့သောစစ်ကောင်စီတပ်သားများ၏ရုပ်အလောင်းများကိုဒေသခံအချို့က မီးသဂြိုဟ်ပေးခဲ့ကြောင်း KR ကဖော်ပြသည်။
ထို့ကြောင့် ကောလင်းဒေသတွင် နှစ်ရက်ဆက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ၆၀ဦးမှ ၈၀ အတွင်းသေဆုံးခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄၀ ဦးခန့်သေဆုံးခဲ့ခြင်းသတင်းကို NUG-အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၏ တိုက်ပွဲသတင်းများတွင်လည်းဖော်ပြထားသည်။ သို့သော် အောက်တိုဘာ ၂၈ တိုက်ပွဲသတင်းကိုမူဖော်ပြခြင်းမရှိသေးပေ။
စစ်ကိုင်းတိုင်းတွင် ဒေသခံ PDF များကခုခံတော်လှန်မှုကြောင့် အထိနာနေသည့်အာဏာသိမ်းစစ်ကောင်စီတပ်သည်အောက်တိုဘာလဆန်းမှစ၍ စစ်အင်အားတိုး၍ တိုက်ခိုက်နေသော်လည်း ဒေသအများစုတွင်နေ့စဥ်စစ်ကောင်စီတပ်သားများပင်သေဆုံး၊ဒဏ်ရာရသူများဖြင့်အထိ့နာနေသည်။ ထိုအချိန်တွင် စစ်ကိုင်းတိုင်းတွင်အလောင်မင်းတရားစစ်ဆင်ရေးအမည်ဖြင့် အထူးစစ်ဆင်ရေးဆင်နွှဲရန် စစ်သားများကို အောက်တိုဘာ ၂၈ ရက်မှစ၍ စစ်ရဟတ်ယာဥ်ဖြင့် ပို့ဆောင်သောပုံများဖြင့်ရေးသားဖော်ပြသောသတင်းကို စစ်ကောင်စီတပ်ဝါဒဖြန့် စာမျက်နှာတစ်ခုဖြစ်သော သလ္လာရွှေမြေက ဖော်ပြခဲ့သည်။


















































