Connect with us

Hi, what are you looking for?

ကဗျာ

‘ရခဲလှတဲ့လူ့ဘဝ’

◼️ခွန်းနီ

လူ့ဘဝဆိုတာရခဲတယ်ငါ့မြေးရဲ့

အဖွားရဲ့လက်သုံးစကားပဲ…

ငယ်ငယ်တုံးကအမြဲနားယဥ်တဲ့စကား

Public Service Announcement

Public Service Announcement

အခုရက်ပိုင်းတွေအဖွားကိုသတိရတယ်

ဟုတ်ပါတယ်ကျွန်တော်မေ့နေလို့ပါ

အဖွားမရှိတော့တာနှစ်ပေါင်းမနည်းတော့

အဖွားအဆုံးအမတွေနားထဲပြန်ပြန်ကြားနေရတယ်

လူ့ပြည်ကအပ်တစ်စင်းနဲ့မိုးပေါ်ကအပ်တစ်စင်း

ဒီအပ်နှစ်စင်းအပ်ဖျားချင်းထိမှ

လူ့ဘဝဆိုတာရတတ်တာတဲ့

အတော်ခက်တဲ့ကိစ္စပဲပေါ့…

အခုချိန်မှာအဖွားနဲ့ဒီအကြောင်းဆွေးနွေးချင်တယ်

အဖွားစကားကိုငြင်းချက်ထုတ်ချင်တယ်

တချို့တချို့များတော့လူ့အသက်တွေ

လူ့ဘဝတွေ၊လူ့အိမ်မက်တွေကို

ကြက်ကလေး၊ငှက်ကလေးများလို

သတ်လိုက်ဖြတ်လိုက်နဲ့အဖွားရေ

လွယ်လင့်တကူပါပဲလား….

အဖွားမလွယ်တဲ့ကိစ္စကိုသူတို့ဟာ

လွယ်လွယ်လေးနဲ့ဖျတ်စီးနေကြတယ်

ကဲ…အဖွားဘာပြောမလဲ…

အဖွားရှိရင်လဲဘာမှပြောနိူင်မှာမဟုတ်ဘူး

အဖွားတို့ခေတ်ကခေတ်ပျက်ကြီး

ငါမြေးတို့ခေတ်ကောင်းကြီးကြုံရတာ

ကံသိပ်ကောင်းတယ်ဆိုတဲ့အဖွား

အခုများတော့အဖွားတို့ခေတ်ပျက်ကြီးကို

ကျွန်တော်အလည်ရောက်နေတယ်

အဖွားရှိမလားရှာပါသေးတယ်

အဖွားမရှိပေမဲ့အဖွားသိခဲ့သလို

ကျွန်တော်သိလာရတယ်….

အဖွားမသိတာတစ်ခုကအဖွားခေါင်းချခဲ့တဲ့

အညာဟာအဖွားကိုညာနေခဲ့တာပဲ

ကျွန်တော့်ကိုလဲညာသွားတယ်

တမာရနံ့တွေသင်းရင်ပြန်လာမယ်ပြောပြီး

ယမ်းခိုးယမ်းငွေ့တွေနဲ့မီးလောင်ပြင်တွေကို

အထိတ်တလန့်နဲ့ဖြတ်ပြေးပြီး

အညာဟာအားလုံးကိုညာသွားတယ်

အဖွားဟာအညာသူအစစ်ဆိုတာယုံပါတယ်

ရိုးတယ်၊ရှင်းတယ်၊ဘွင်းဘွင်းကြီး

အဖွားချစ်တဲ့အညာဟာအခုတော့ခေတ်မှီလာပြီ

ခေတ်ပျက်ကြီးနဲ့ခေတ်ကျပ်ကြီးထဲ

တစ်လှည့်စီခိုဝင်ရင်းမျက်နှာများတတ်လာပြီ

လူမည်ကာမည်ယုံပဲရှိတဲ့ကောင်တွေ

အညာမှာခြေရှုပ်နေတာအဖွားသိလား

မိုးဦးကျချိန်ဆိုတော့ထယ်ထိုးနေရမှာ

အခုများတော့စစ်ကြောင်းတွေထိုးလို့

အလှူအတန်းဆိုရင်အညာဟာမီးခိုးတိတ်ပဲဆို

အခုများတော့မီးခိုးလုံးတွေနဲ့မိုးလုံးမှိုင်းလို့

ဗျောသံတွေအစားဗုံးသံတွေနဲ့အဖွားရေ

အဖွားတို့ခေတ်ကကျွဲညီနောင်ဆိုးတယ်ဆိုတာ

ဟုတ်လောက်မယ်…

ကျွန်တော်တို့ခေတ်မှာဒီခွေးတစ်ကောင်နဲ့ကို

တိုင်းပြည်ဟာအလုပ်ရှုပ်နေရတယ်…

မီးရှို့ခံရလို့ရွာတွေ၊အိမ်တွေဟာပြာအတိနဲ့

အပ်တိုတစ်ချောင်းတောင်မကျန်ရှာဘူး

မိုးပေါ်ကအပ်တစ်စင်းကျလာရင်တောင်

မြေပြင်ကအပ်ဟာအရည်ပျော်နေလို့

အပ်ဖျားချင်းထိစရာမရှိတော့ဘူး

အဖွားဆုတောင်းတဲ့ခေတ်ကောင်းကြီးမှာ

ဒီတိရစ္ဆာန်တွေမပါဖို့မျှော်လင့်ပါတယ်

အဖွားကိုလဲသတိရတယ်…

မီးခိုးညော်နံ့တွေနဲ့အညာကိုလဲလွမ်းပါတယ်…။

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘ခွန်းနီ’ ရဲ့ “ရခဲလှတဲ့လူ့ဘဝ” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။ အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်း သွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...