ဟားမားစ် ပြောက်ကျားတွေဟာ ဓားစာခံ ၄ ဦးရဲ့ ရုပ်အလောင်းတွေကို အစ္စရေးဖက် ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။
ဒါဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက အစ္စရေး ပိုင်နက်ထဲ ဟားမားစ်တွေ ကျူးကျော်တိုက်ခိုက်ပြီး ဓားစာခံ ၂၅၁ ဦးကို ဖမ်းဆီးသွားတဲ့နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ရုပ်အလောင်းတွေ ပြန်လည် လွှဲပြောင်းပေးခြင်းလည်း ဖြစ်ပါတယ်။
လက်ရှိ အစ္စရေးနဲ့ ဟားမားစ်ကြား အပစ်အခတ် ရပ်စဲထားတဲ့ ကာလအတွင်း ဟားမားစ် လက်ထဲက အစ္စရေး ဓားစာခံတွေနဲ့ အစ္စရေး ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို အလဲအလှယ် လုပ်နေပေမယ့် ရုပ်အလောင်းတွေ လွှဲပေးခြင်းကတော့ ဒါဟာ ပထမဆုံးပါပဲ။
လွှဲပြောင်းပေးတဲ့ထဲမှာ ဘီဘက်စ် မိသားစုဝင် ၃ ဦးရဲ့ အလောင်းတွေလည်း ပါဝင်ပါတယ်။ မိခင်ဖြစ်သူ ရှယ်ရီ ဘီဘက်ဇ်ဟာ ၄ နှစ်အရွယ် သားကြီး အေရီရယ်လ်၊ ၉ လအရွယ် သားငယ် ကေဖာတို့နဲ့အတူ လွန်ခဲ့တဲ့ ၁၆ လတုန်းက အစ္စရေးတောင်ပိုင်း၊ နာရ်အော့ဇ် ဘုံစိုက်ပျိုးရေး ကျေးရွာကနေ ဟားမားစ်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ဘီဘက်စ် ညီအစ်ကို နှစ်ဦးဟာ ဟားမားစ်တွေ ဖမ်းဆီးတာကို ခံခဲ့ရတဲ့ အသက်အငယ်ဆုံး ဓားစာခံတွေ ဖြစ်ခဲ့သလို သူတို့ရဲ့ သေဆုံးမှုဟာ အများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။

Public Service Announcement
သွားတောင်မပေါက်သေးတဲ့ ကေဖာလေး ပြုံးရယ်နေတဲ့ ဓာတ်ပုံဟာ ဓားစာခံတွေ လွတ်မြောက်ရေး တောင်းဆိုတဲ့ ကမ္ဘာတလွှားက ဆန္ဒပြ လှုပ်ရှားမှု ပိုစတာတွေမှာ မကြာခဏ တွေ့ရတဲ့ ပုံရိပ်တစ်ခုလည်း ဖြစ်ခဲ့ဖူးပါတယ်။
အေရီရယ်လ်နဲ့ ကေဖာတို့ရဲ့ ဖခင်ဖြစ်သူ ယာဒန်ကိုတော့ လက်ရှိ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရဲ့ အစိတ်အပိုင်းအဖြစ် ဟားမားစ်တွေက ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ယာဒန်ဟာ ဟားမားစ်တွေရဲ့ အကျဉ်းသား ဘဝမှာ ၄၈၄ ရက်ကြာ ဖြတ်သန်းခဲ့ရပါတယ်။ စစ်ပွဲကာလအတွင်း ဂါဇာမှာ အစ္စရေး လုပ်ဆောင်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဘီဘက်စ် မိသားစုဝင်တွေ သေဆုံးခဲ့တာလို့ ဟားမားစ်က စွပ်စွဲထားပေမယ့် အစ္စရေး စစ်တပ်ကတော့ အတည်မပြုပါဘူး။
အစ္စရေးဖက်ကို ပြန်လွှဲပေးတဲ့ စတုတ္ထမြောက် ရုပ်အလောင်းကတော့ အသက် ၈၃ နှစ်အရွယ် အငြိမ်းစား ဂျာနယ်လစ် အိုဒက် လစ်ဖ်ရှစ်ဇ် ဖြစ်ပါတယ်။ သူဟာ ဇနီးနဲ့အတူ ဟားမားစ်တွေ ပြန်ပေးဆွဲတာကို ခံခဲ့ရပေမယ့် သူ့ဇနီး ယော့ချီဗက် လစ်ဖ်ရှစ်ဇ်ကတော့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
ဟားမားစ်တွေဟာ အလောင်းတွေကို ပြန်မလွှဲပေးခင် ဂါဇာမှာရှိတဲ့ ခန်ယူနစ်မြို့မှာ အနက်ရောင် ခေါင်းတလား ၄ လုံးကို ပြင်ဆင်ထားခဲ့တာ တွေ့ရပါတယ်။ နောက်တော့ ခေါင်းတလားတွေကို နိုင်ငံတကာ ကြက်ခြေနီ အသင်း (ICRC)ရဲ့ ယာဉ်တွေပေါ် လွှဲပြောင်းတင်ဆောင်သွားခဲ့ပါတယ်။
ဟားမားစ်တွေ လွှဲပြောင်းပေးတဲ့ ရုပ်အလောင်းတွေကို တဲလ်အဗစ်ဗ်မြို့မှာရှိတဲ့ အဘူကာဘာ မှုခင်းဆေးပညာ ဌာနဆီ သယ်ဆောင်သွားမှာဖြစ်ပြီး သေမှုသေခင်းဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ အစ္စရေးက ကြေညာထားပါတယ်။
အစ္စရေး စစ်တပ်ဟာ စစ်ပွဲကာလတုန်းကလည်း ဂါဇာမှာ ဓားစာခံ တချို့ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကိုးကား: CNN


















































