Connect with us

Hi, what are you looking for?

သတင်း

TNLAထိန်းချုပ်ဒေသနမ့်ခမ်းကို MNDAAက အထူးဒေသ(၁)နယ်မြေအဖြစ်သတင်းထုတ်ပြန်

ဒေသတွင်း စစ်ရေးအခြေအနေရှုပ်ထွေးလာမှာကို ​ဒေသခံတွေက စိုးရိမ်​နေ

(MNDAA ကနမ့်ခမ်းမြို့နယ်အတွင်းလုံခြုံရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပစဥ်။ ဓါတ်ပုံ-The Kokang )

နိုဝင်ဘာ-၁၀၊၂၀၂၆။အိမ်သွင်/ People’s Spring

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်ကို ကိုးကန့်တပ် (MNDAA)က အထူးဒေသ(၁)နယ်မြေအဖြစ် သတ်မှတ်ထည့်သွင်းထားပြီး ‌ဒေသတွင်း စစ်ရေးအခြေအနေရှုပ်ထွေးလာမှာကို ​ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ရဲ့ သတင်းထုတ်ပြန်ရေးစာမျက်နှာ ကိုးကန့်သတင်းကွန်ရက်( The Kokang) မှာ အထူးဒေသ (၁) ကွတ်ခိုင်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်းနိုဝင်ဘာ ၉ ရက်ကဖော်ပြထားပါတယ်။

ဒီလိုဖော်ပြလာတာဟာ မြို့နယ်အတွင်း အုပ်ချုပ်ရေးယန္တရားအရှုပ်အထွေးဖြစ်နိုင်ပြီး မဟာမိတ်တွေဖြစ်တဲ့ TNLA နဲ့ MNDAA ကြားမှာ တင်းမာမှုတွေ ရှိလာမှာ စိုးရိမ်တယ်လို့ နမ့်ခမ်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ပြီးရင်းစစ်ပဲကြုံနေရရင်တော့မြို့က စုတ်ပြတ်သွားမှာပါ။တိုက်ပွဲတွေ မကြုံချင်တော့ဘူး။အရမ်းကြောက်ပါတယ်။ အုပ်ချုပ်ရေးယန္တရားကို စနစ်တကျ အဖြေရှာကြပါ”လို့ ၎င်းက ပြောပါတယ်။

နမ့်ခမ်းဟာတရုတ်နိုင်ငံနဲ့ နယ်စပ်မြို့ဖြစ်ပြီး ဒေသခံတွေရဲ့ စားဝတ်နေရေးအတွက် နယ်မြေအခြေအနေ တည်ငြိမ်ဖို့လိုအပ်တယ်လို့ မြို့ခံတွေက‌ပြောပါတယ်။

MNDAA ရဲ့ ထုတ်ပြန်ချက်ထဲမှာအထူးဒေသ (၁)ကွတ်ခိုင်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ဒေသတွင်းလုံခြုံရေးနဲ့ အုပ်ချုပ်ရေး အခြေခံအုတ်မြစ်ကို ခိုင်မာစေရန် ၊ ငြိမ်းချမ်းရေးတည်

ဆောက်မှု လုပ်ငန်းစဉ်တွေ ပုံမှန်အကောင်အထည်ဖော်ရန်၊ တိုင်းရင်းသားပြည်သူတွေ လုံခြုံရေးအသိသတိ၊ ဥပဒေရေးရာအသိပညာနဲ့ကျန်းမာရေးစောင့်ရှောက်မှုစွမ်းရည်တွေကို မြှင့်တင်ပေးရန်နဲ့ သဟဇာတဖြစ်ပြီး တည်ငြိမ်အေးချမ်း၊ လုံခြုံစနစ်ကျတဲ့ နေထိုင်မှုပတ်ဝန်းကျင်ကို ဆက်လက်ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပြီး လုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပါလို့ထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ ၇ ရက်နေ့မှာပြုလုပ်ခဲ့တဲ့အဲဒီအခမ်းအနားကို MNDAA ရဲ့ နမ့်ခမ်းမြို့နယ်ပါတီကော်မတီအတွင်းရေးမှူးအပြင် အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ဒေသခံ ၄၀၀ကျော်တက်ရောက်ခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။

ကျားဖြန့် ‌လိမ်လည်မှုတွေကာကွယ်ရေးနဲ့ တရားမဝင်ဘိန်းစိုက်ပျိုးမှုပပျောက်ရေးလုပ်ငန်းစဉ်ကို အဓိကထားတိုက်တွန်းခဲ့သလို ဖြစ်ကတတ်ဆန်း သဘောထားတွေကို စွန့်လွှတ်ပြီး ဥပဒေကို တင်းကြပ်စွာလိုက်နာကြဖို့လည်း MNDAA ရဲ့ နမ့်ခမ်းမြို့နယ်ပါတီကော်မတီအတွင်းရေးမှူးက ဒေသခံတွေကိုပြောကြားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

“သူတို့ပြောဆိုချက်တွေကတော့ နမ့်ခမ်းကို သူတို့အုပ်ချုပ်နေတဲ့ပုံစံပဲ။ မြေပြင်မှာတော့ TNLA က အုပ်ချုပ်နေတာပါ။ကျနော်တို့လည်း TNLA ကို အခွန်ပေးနေရတာပါ”လို့ မြို့ခံတဦးကပြောပါတယ်။

နမ့်ခမ်းမြို့နယ်ဟာ ၂၀၂၃ ခုနှစ်အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ဦး​ဆောင်တဲ့မဟာမိတ်​တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။ နိုဝင်ဘာလ၆ရက်နေ့က နမ့်ခမ်းမြို့မှာ တရုတ်ဘာသာစကားဒီပလိုမာ အပတ်စဉ် (၂) သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားကို TNLA က ကျင်းပခဲ့ပြီး TNLA ဒုဥက္ကဌ (၁) ဒုဗိုလ်ချုပ်ကြီး တာဂျုတ်ဂျား တက်ရောက်ခဲ့ပါတယ်။ ‌မြို့နယ်တွင်အုပ်ချုပ်ရေးယန္တရားဖော်ဆောင်နေကြောင်းနဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွေ၊တရားဥပဒေစိုးမိုးရေးလုပ်ဆောင်တာတွေကိုလည်း TNLA က မကြာခဏသတင်းထုတ်ပြန်ပါတယ်။

TNLA နဲ့ MNDAA ဟာ အာရက္ခတပ်တော်(AA)နဲ့အတူ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အဖြစ် ဖွဲ့စည်းထားတာပါ။၎င်းတို့က ၂၀၂၃ အောက်တိုဘာလ ၂၇ရက်မှာ ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ပြီးရှမ်းပြည်နယ်​မြောက်ပိုင်းမှာ စစ်တပ်ထိန်းချုပ်ထားတဲ့မြို့​ပေါင်း နှစ်ဆယ်​ကျော်ကိုသိမ်းပိုက်ထိန်းချုပ်နနိုင်ခဲ့ပါတယ်။

MNDAAက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္နီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ ဖိအားကြောင့် လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလမှာ စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရပါတယ်။သိန္နီနဲ့ ကွတ်ခိုင်အပါအဝင် ထိန်းချုပ်မြို့နယ်တွေကို စုစည်းပြီးခရိုင် (၄) ခု၊ မြို့တော် (၁) ခုအဖြစ် ကိုးကန့်အထူးဒေသကို ဖွဲ့စည်းထားပါတယ်။

TNLA က သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မိုးကုတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်းနှင့် မိုင်းငေါ့မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ အကူအညီနဲ့ သီပေါ၊ ကျောက်မဲ၊မိုးမိတ်၊ မိုးကုတ်မြို့တွေကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်သွားပါတယ်။လက်ရှိမှာ နှစ်ဖွဲ့စလုံးက စစ်ကောင်စီနဲ့အပစ်ရပ်ထားပြီး ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။

TNLA နဲ့ MNDAAဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့ သိမ်းပိုက်ခဲ့တဲ့မြို့တွေနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုနဲ့ စစ်ရေး တင်းမာမှုတွေရှိခဲ့ပါတယ်။TNLAထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ပြီးခဲ့တဲ့ မတ်လမှာ MNDAAက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ထိန်းချုပ်သွားခဲ့ပါတယ်။ အဲဒီအချိန်က နမ့်ခမ်းမြို့ဘက်ကိုလည်း ဦးတည်ပြီး MNDAAက စစ်ရေးဖော်ဆောင်ခဲ့ပေမယ့် ရက်အနည်းငယ်အကြာမှာပဲ တိုက်ပွဲတွေငြိမ်သက်သွားခဲ့ပါတယ်။

လက်ရှိမှာတော့ TNLA ဟာ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနဲ့ ဆက်စပ်တဲ့ လမ်း၊ တံတား‌တွေ၊ နယ်စပ်စစ်ဆေးရေးအဆောက်အအုံတွေ အဆင့်မြှင့်တင်တည်ဆောက်ဖို့ အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့လည်း ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက်ကုန်သည်တွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံရေး၊လူမှုရေးလှုပ်ရှားမှုနဲ့ နှောက်ယှက်မှုတွေကို ပြင်းထန်စွာတုံ့ပြန်မယ်လို့တန်ပြန်သတိပေး

သတင်း

ကန့်ကွက်ချက်လျစ်လျူရှုရင် လိုအပ်တဲ့ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ တုံ့ပြန်မှုတွေလုပ်မယ်လို့ သတိပေး

သတင်း

စစ်ရေးအရနယ်မြေစိုးမိုးနိုင်မှုဟာယာယီသာဖြစ်၊ ယဉ်ကျေးမှုလွှမ်းမိုးရေးလမ်းစဉ် ဆက်ကျင့်သုံးရင် တိုင်းရင်းသားအချင်းချင်းခုခံတွန်းလှန်မှုများ ရှိလာနိုင်ဟု သတိပေး

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။