သံတမန်ရေး လက်ဆောင်အဖြစ် တရုတ်က ငှားရမ်း ပေးပို့လိုက်တဲ့ ပန်ဒါဝက်ဝံကြီး စုံတွဲကို အမေရိကန် တိရစ္ဆာန်ရုံ တစ်ခုမှာ စတင် ပြသထားပြီ ဖြစ်ပါတယ်။
ပင်ပင်လို့ခေါ်တဲ့ ပန်ဒါ အထီးလေးနဲ့ ဖုရှန့်လို့ခေါ်တဲ့ ပန်ဒါ အမလေးဟာ စက်တင်ဘာလတုန်းက အထူးစီစဉ်ထားတဲ့ လေကြောင်း ခရီးစဉ်နဲ့ ချန်ဒူကနေ အတ္တလန္တာကို ရောက်လာခဲ့ကြတာပါ။ အတ္တလန္တာရဲ့ ရာသီဥတု အခြေအနေနဲ့ ဝါးပင်မျိုးစိတ်တွေက ချန်ဒူနဲ့ အများကြီး ဆင်တူတာကြောင့်လည်း ပန်ဒါစုံတွဲကို အတ္တလန္တာ တိရစ္ဆာန်ရုံမှာ ပြသထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အမေရိကန် ခရီးစဉ် အတောအတွင်း ပန်ဒါဝက်ဝံလေးနှစ်ကောင် အမေရိကန်ကို ၁၀ နှစ်ကြာ ငှားရမ်းပေးထားဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ တရုတ် အစိုးရဟာ ရင်းနှီးကျွမ်းဝင်မှုကို ပြသတဲ့ အနေနဲ့ ပန်ဒါ ဝက်ဝံတွေကို တခြားနိုင်ငံတွေဆီ ငှားရမ်းပေးပို့လေ့ရှိပြီး အဲဒါကို ပန်ဒါဒစ်ပလိုမေစီလို့ ရည်ညွှန်း ခေါ်ဝေါ်ကြပါတယ်။
အတ္တလန္တာ တိရစ္ဆာန်ရုံကို ရောက်နေတဲ့ ပန်ဒါလေးတွေကိုတော့ နိုဝင်ဘာ ၆ ရက်နေ့တုန်းက အတ္တလန္တာမြို့ရဲ့ တိရစ္ဆာန်ရုံကြီးမှာ ဧည့်သည်အများကို ပထမဆုံးအကြိမ် ပြသခဲ့ပါတယ်။ ပျော်ရွှင်ပြီး နေသားကျနေပုံရတဲ့ ပင်ပင်နဲ့ ဖုရှန့်တို့ဟာ ဝါးမျှစ်တွေကို ကိုက်ဝါးနေပြီး သူတို့ကို တွေ့မြင်ရသူတိုင်းက သဘောကျနေခဲ့ကြပါတယ်။

Public Service Announcement
ပန်ဒါတွေဟာ မြင်ရရုံနဲ့ လူတွေကို ချစ်ခင်သွားစေ၊ ပျော်ရွှင်သွားစေ၊ တစ်သားတည်း ထပ်တူကျသွားစေတဲ့ သက်ရှိမျိုးစိတ် တစ်ခုလို့ တိရစ္ဆာန်ရုံရဲ့ အမှုဆောင်ချုပ် ရေမွန်ကင်းက ပြောကြားခဲ့ပါတယ်။
ပန်ဒါနှစ်ကောင်ကို လက်မခံခင် ကတည်းက အတ္တလန္တာ တိရစ္ဆာန်ရုံဟာ အရင်က သတ်မှတ်ထားဖူးတဲ့ ပန်ဒါလှောင်အိမ်ဟောင်း နေရာကို အကြီးစား မွမ်းမံ ပြင်ဆင်ခဲ့သလို စောင့်ရှောက်ရေး အဖွဲ့တစ်ခုကိုလည်း သီးသန့် ဖွဲ့စည်းခဲ့ပါတယ်။
တရုတ်ရဲ့ အမျိုးသားရေး အထိမ်းအမှတ် တိရစ္ဆာန် မျိုးစိတ်လို့ သတ်မှတ်ထားတဲ့ ပန်ဒါတွေဟာ သဘာဝ အားဖြင့်တော့ သူတို့ရဲ့ စားကျက်နယ်မြေကို စွန့်ခွာပြီး ဝေးဝေးလံလံ သွားလာလေ့ မရှိပါဘူး။ ဒါပေမဲ့ တရုတ် အစိုးရရဲ့ ပန်ဒါ ဒစ်ပလိုမေစီ အရတော့ ပန်ဒါ ဝက်ဝံလေးတွေဟာ ကီလိုမီတာ ထောင်နဲ့ချီ ဝေးကွာတဲ့ နယ်မြေသစ်တွေကို ရောက်လာကြရပါတယ်။
၂၀၁၆ ခုနှစ် မတိုင်ခင်ထိ ပန်ဒါတွေကို မျိုးသုဉ်းလုနီးပါး အန္တရာယ် ကြုံရတဲ့ မျိုးစိတ်လို့ သတ်မှတ်ခဲ့ရာက အခုတော့ အဲဒီ အဆင့်ကနေ လွန်မြောက်လာပြီး အရေးကြီး စောင့်ရှောက် ထိန်းသိမ်းရမယ့် မျိုးစိတ်လို့ ပြောင်းလဲ သတ်မှတ်ထားပါပြီ။ သဘာဝ သစ်တောတွေမှာ ကျက်စားနေတဲ့ ပန်ဒါ အရေအတွက်က ၁၈၀၀ ကျော်ထိ ပြန်လည် များပြားလာပါတယ်။
တရုတ် အစိုးရဟာ ပန်ဒါတွေအတွက် အထူးစောင့်ရှောက်ရေး သဘာဝ သစ်တောဇုန် ၅၀ ကျော် သတ်မှတ်ပေးထားပေမယ့် အဲဒီ ချစ်စရာကောင်းတဲ့ ဝက်ဝံလေးတွေဟာ စားကျက်မြေ ဆုံးရှုံးမှုတွေ၊ တရားမဝင် အမဲလိုက် သတ်ဖြတ်မှုတွေရဲ့ ခြိမ်းခြောက်မှုဒဏ်ကို ဆက်ပြီး ကြုံတွေ့ ခံစားနေရဆဲ ဖြစ်ပါတယ်။
ကိုးကား: AFP





















































