Connect with us

Hi, what are you looking for?

သတင်း

ကရင်မလင် နန်းတော်က တွေ့ဆုံမှုမှာ မင်းအောင်လှိုင်နဲ့ ပူတင် အပြန်အလှန် ချီးကျူးစကားတွေပြော

နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်အဟုန်နဲ့ တိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ချီးကျူး ဝမ်းမြောက်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်အဟုန်နဲ့ တိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ချီးကျူး ဝမ်းမြောက်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စတုတ္ထ အကြိမ်မြောက် ရုရှား ခရီးစဉ် သွားရောက်ခဲ့သူ မင်းအောင်လှိုင်ဟာ မတ်လ ၄ ရက်နေ့တုန်းက မော်စကိုမြို့၊ ကရင်မလင် နန်းတော်မှာ ပူတင်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအရပ်ရပ်မှာ အင်အား ကောင်းလာတဲ့ တော်လှန်ရေး စစ်မျက်နှာတွေကို ရင်ဆိုင် ရုန်းကန်နေရတဲ့ မင်းအောင်လှိုင် အတွက်တော့ ရုရှားဟာ အားအကိုးရဆုံး စစ်လက်နက် ထောက်ပံ့ပေးတဲ့ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

ပူတင်က ရုရှားနဲ့ မြန်မာကြား ဆက်ဆံရေးဟာ ပုံမှန် တိုးတက်လာနေပြီး အလားအလာ ကောင်းတွေလည်း ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်က ပူတင်ကို ဘုရင်တစ်ပါးလို ဆက်ဆံခဲ့ပြီး ယူကရိန်း ကျူးကျော်စစ်ပွဲမှာလည်း ရုရှားကို မယိမ်းမယိုင် ထောက်ခံပါတယ်လို့ ပြန်ပြောခဲ့ပါတယ်။ ပူတင်ရဲ့ အားကောင်းပြီး ပြတ်သားတဲ့ ခေါင်းဆောင်မှု စွမ်းရည်ကြောင့် အောင်ပွဲဟာ ပြေးမလွတ်ဘူးဆိုတာ သူယုံကြည်ကြောင်းလည်း မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပုဂ္ဂိုလ်နှစ်ယောက် တွေ့ဆုံကြတဲ့ အချိန်မှာ ပူတင်ဟာ မေလ ၉ ရက်နေ့ကျရင် ဒုတိယ ကမ္ဘာစစ် အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် ကျင်းပမယ့် V Day ချီတက်ပွဲမှာ မြန်မာ စစ်တပ်ရဲ့ တပ်ဖွဲ့တစ်ခု ပါဝင်ပူးပေါင်းဖို့လည်း ဖိတ်ကြားခဲ့ပါတယ်။ နှစ်ဖက် သဘောတူညီမှုတွေအရ အဲဒီ မြန်မာတပ်ဖွဲ့ဟာ ရုရှား တပ်သားတွေနဲ့အတူ ရင်ပြင်နီမှာ ချီတက်ကြမှာ ဖြစ်တယ်လို့ ပူတင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

နောက်ပြီး ၂၀၂၄ တုန်းက စစ်ကောင်စီက ရုရှားအတွက် ဆင် ၆ ကောင် လက်ဆောင်ပေးခဲ့တဲ့ အတွက်လည်း ပူတင်က မင်းအောင်လှိုင်ကို ကျေးဇူးတင်စကား ပြောခဲ့ပြီး အဲဒီဆင်တွေကို မော်စကို တိရစ္ဆာန်ရုံဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ဆင် ၆ ကောင် လက်ဆောင်ပေးမှုဟာ ရုရှားက မြန်မာစစ်တပ် မှာယူထားတဲ့ တိုက်လေယာဉ် ၆ စီးကို အပြီးသတ် ပေးပို့တဲ့ ကာလနဲ့ တိုက်ဆိုင်နေသလို သံတမန် အသိုက်အဝန်းက ဆင်ဒစ်ပလိုမေစီလို့ ရည်ညွှန်း သုံးနှုန်းခဲ့ကြပါတယ်။

ပူတင်က ရုရှားနဲ့ မြန်မာကြား ချစ်ကြည်ရေး အခြေခံကောင်းတွေ သတ်မှတ် ကြေညာနိုင်ခဲ့မှု ၂၅ နှစ် ပြည့်မြောက်ခဲ့တဲ့အတွက်လည်း ဝမ်းသာ ဂုဏ်ယူကြောင်း မင်းအောင်လှိုင်ကို ပြောခဲ့ပါတယ်။ သူက မနှစ်တုန်းက နှစ်နိုင်ငံကြား ကုန်သွယ်ရေး ပမာဏ ၄၀ ရာခိုင်နှုန်း တိုးလာခဲ့တာကိုလည်း ချီးကျူးသွားခဲ့ပါတယ်။

မင်းအောင်လှိုင်ကလည်း မြန်မာ စစ်တပ်အတွက် ရုရှားက ထောက်ပံ့ ပေးအပ်နေတဲ့ စစ်လက်နက်တွေရဲ့ အရည်အသွေးနဲ့ ထိရောက်မှုကို အသိအမှတ်ပြု အမွှန်းတင်သွားခဲ့ပါတယ်။

သတင်းတွေရဲ့ အဆိုအရ ပူတင်နဲ့ မင်းအောင်လှိုင် တွေ့ဆုံမှုအပြီး ရုရှား အစိုးရပိုင် ကုမ္ပဏီ တစ်ခုက မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေး အသေးစား စက်ရုံတစ်ခု တည်ဆောက်မယ့် အစီအစဉ်အတွက် သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဓာတ်အားပေး စက်ရုံဟာ မဂ္ဂါဝပ် ၁၀၀ ဓာတ်အား ထုတ်လုပ်နိုင်မှာဖြစ်ပြီး ပိုမို အဆင့်မြှင့် ချဲ့ထွင်မှုတွေ လုပ်ဆောင်မယ်ဆိုရင် အဲဒီထက် သုံးဆတိုး ထုတ်လုပ်နိုင်ဖွယ် ရှိတယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ဟာ မတ်လ ၃ ရက်နေ့မှာ မော်စကိုမြို့ဆီ ရောက်ရှိခဲ့ပြီး သူ့ကို ရုရှား အစိုးရက ဂုဏ်ပြုတပ်ဖွဲ့နဲ့ ဧည့်ခံ ကြိုဆိုခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ ပူတင်နဲ့ မတွေ့ဆုံခင်မှာ ရုရှား ဝန်ကြီးချုပ် မစ်ခေးလ် မစ်ရှူစတင်နဲ့လည်း သီးခြားတွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကဏ္ဍတွေကို ဆွေးနွေးခဲ့တယ်လို့ ရုရှား အစိုးရက ထုတ်ပြန်ထားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။