Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် စီးပွားရေး ကျဆင်းမှု ကြုံနိုင်သလားဆိုတဲ့ မေးခွန်းကို ထရမ့် တိတိကျကျ အဖြေမပေး

အခုနှစ်ထဲမှာ အမေရိကန်ရဲ့ စီးပွားရေး ကျဆင်းမှုမျိုး ကြုံတွေ့နိုင်ခြေ ရှိတယ်ဆိုတဲ့ ထင်ကြေးတွေအပေါ် တိတိကျကျ မှတ်ချက်ပေးဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ငြင်းဆိုခဲ့ပါတယ်။

အခုနှစ်ထဲမှာ အမေရိကန်ရဲ့ စီးပွားရေး ကျဆင်းမှုမျိုး ကြုံတွေ့နိုင်ခြေ ရှိတယ်ဆိုတဲ့ ထင်ကြေးတွေအပေါ် တိတိကျကျ မှတ်ချက်ပေးဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ငြင်းဆိုခဲ့ပါတယ်။

Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန် စီးပွားရေး ကျဆင်းမှု ကာလတစ်ခုကို ဖြတ်သန်းရနိုင်သလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ထရမ့်က အဲဒီလို ကိစ္စတွေကို ခန့်မှန်းရတာ မကြိုက်ဘူးလို့ မယုတ်မလွန် တုံ့ပြန်သွားခဲ့ပါတယ်။

လက်ရှိဟာ ပြုပြင်ပြောင်းလဲရေး ကာလတစ်ခုဖြစ်ကြောင်း၊ နောက်ပြီး သူ့အစိုးရ လုပ်ဆောင်နေတဲ့ ကိစ္စတွေက အရမ်းကြီးမားကြောင်း၊ အမေရိကန်အတွက် ချမ်းသာ ကြွယ်ဝမှုကို ပြန်ယူဆောင်ပေးဖို့ ကြိုးစားနေတာဖြစ်ပြီး အဲဒီလို ကိစ္စမျိုးမှာ အချိန်တော့ ယူရတတ်ကြောင်း ထရမ့်က ပြောပါတယ်။

ဒါပေမဲ့ တူညီတဲ့ မေးခွန်းကို NBC သတင်းဌာနက မေးမြန်းခဲ့တဲ့ အချိန်မှာတော့ ထရမ့်ရဲ့ စီးပွားရေး ဝန်ကြီး ဟောင်းဝပ် လတ်နစ်ခ်က အမေရိကန် စီးပွားရေး အကျဖက် ရောက်နိုင်တယ် ဆိုတာဟာ လုံးဝ မဟုတ်ဘူးလို့ အတိအကျ ငြင်းဆိုသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ ဇန်နဝါရီလမှာ အမေရိကန် သမ္မတအဖြစ် ဒုတိယအကြိမ် စတင်တာဝန်ယူချိန် ကတည်းက ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့ကို ထိုးနှက်ဖို့ ရည်ရွယ်ထားတဲ့ ကုန်သွယ်ရေး မူဝါဒတွေ၊ အခွန်စည်းကြပ်မှုတွေကို သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ မူဝါဒတွေကလည်း မတည်ငြိမ်ဘဲ ဘယ်အချိန် စတင် ကျင့်သုံးမလဲ၊ ဘယ်ကဏ္ဍတွေအပေါ် ဦးတည်မလဲ ဆိုတာတွေက ခုတစ်မျိုး၊ တော်ကြာတစ်မျိုးတွေ ဖြစ်ခဲ့ပြီး အမေရိကန်ရဲ့ ဘဏ္ဍာရေး စျေးကွက်အပေါ် ကမောက်ကမ ရိုက်ခတ်မှုတွေ ကြုံတွေ့စေခဲ့ပါတယ်။ သုံးစွဲသူတွေ အတွက်လည်း အခုနှစ်ဟာ ဘယ်လို အခြေအနေတွေ ကြုံလာမလဲ ဆိုတာကို ခန့်မှန်းဖို့ ပိုပြီး ခက်ခဲလာစေပါတယ်။

စတော့စျေးကွက် အခြေအနေကလည်း ၂၀၂၄ ခုနှစ်၊ အမေရိကန် ရွေးကောက်ပွဲနောက်ပိုင်း အဆိုးဆုံး အနေအထားတွေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ စာရင်းပိတ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ထရမ့်ရဲ့ မဟာမိတ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်က ဦးဆောင်တဲ့ ဌာနအသစ် တစ်ခုဟာ အမေရိကန် အစိုးရ ဝန်ထမ်း အများအပြားကို အလုပ်ထုတ်ပယ်နေခြင်းကလည်း စိုးရိမ်မှုတွေကို မြင့်တက်လာစေပါတယ်။

Foxနဲ့ အင်တာဗျူးမှာ သူပြောခဲ့တဲ့ အမေရိကန် စီးပွားရေး ကျဆင်းနိုင်ခြေအပေါ် မတင်မကျ စကားအတွက် ပိုပြီး ရှင်းရှင်းလင်းလင်း မှတ်ချက်ပေးဖို့ မတ်လ ၉ ရက်နေ့ ညနေပိုင်းမှာ သတင်းထောက်တွေက တောင်းဆိုခဲ့တဲ့အခါ ထရမ့်က ဘယ်သူက ကြိုသိနိုင်မှာလဲလို့သာ တုံ့ပြန်သွားပါတယ်။

စီးပွားရေး ပညာရှင်တွေ အလေးထား စောင့်ကြည့်ရတဲ့ အတ္တလန္တာ ဖက်ဒရယ် အရန်ငွေကြေး ညွှန်ကိန်းကတော့ ၂၀၂၅ ခုနှစ် ပထမ သုံးလပတ်အတွက် အမေရိကန်ရဲ့ GDPဟာ ၂.၄ ရာခိုင်နှုန်း ကျရိပ်ပြနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ကိုဗစ် ကပ်ရောဂါ ကာလနောက်ပိုင်း အဆိုးဆုံး အခြေအနေလို့ ဆိုနိုင်ပါတယ်။

သုံးလပတ် ကာလ နှစ်ခုဆက်တိုက် GDP ပမာဏ အားနည်း ဆုတ်ယုတ်တဲ့ အခြေအနေကို ယေဘုယျ အနေနဲ့ စီးပွားရေး ကျဆင်းမှုအဖြစ် သတ်မှတ်လေ့ ရှိပါတယ်။

အမေရိကန်ဟာ ကိုဗစ်ကပ်ရောဂါ ဂယက်ကြောင့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းတုန်းက စီးပွားရေး ကျဆင်းမှု အခြေအနေနဲ့ ကြုံတွေ့ခဲ့ဖူးသလို အဲဒီ ကာလတုန်းက သန်းနဲ့ချီတဲ့ ပြည်သူတွေ အလုပ်အကိုင် ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

သတင်း

ကြားကာလ ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ ဆက်လက် အနိုင်ရပြီး လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် အမေရိကန် နိုင်ငံသားတွေကို ဒေါ်လာ ၅၀၀၀ စီ ပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

Facebook