မတ်-၂၁၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသောစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အင်အားဖြည့်တင်းနေကြောင်း ဒေသခံစစ်ရေးတာဝန်ရှိသူများက လူထုနွေဦးသို့ ပြောသည်။
မတ်လ ၁၉ရက်က မြောင်မြို့ရှိ စစ်ကောင်စီ၏စခန်း၌ မင်္ဂလာပွဲကျင်းပသည့်နေရာကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါစခန်းနေရာအနီးတွင် နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ထို့နောက် ချောင်းဦး၊မြင်းမူနှင့် မြင်းခြံမြို့တို့မှ တပ်သားများအား မြောင်မြို့သို့ မတ်လ ၂၀ရက်တွင် စစ်ကောင်စီက အင်အားဖြည့်တင်လိုက်သည်ဟု ဒေသခံစစ်ရေးတာဝန်ရှိသူများက ပြောသည်။

Public Service Announcement
“ချောင်းဦး နတ်ရေကန်ကနဲ့ မြင်းမူ ဂွေးပင်တောကဟာတွေပူးပေါင်းပြီး မြောင်လမ်းခွဲအထိုင်က ဟာတွေနဲ့ ပေါင်းပြီး ကားလမ်းတစ်လျှောက် ကြော့မင်ရွာ၊ရွာသစ်ရွာ၊ ခြေယာတော်ရွာတွေကို ညအချိန် ဝင်မွှေလာရင်း မြောင်မြို့ထဲ ရောက်လာတယ်။ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းက ဆီမီးခုံဘက်ကလည်း သင်္ဘောနဲ့ မြစ်အကြောင်းလိုက် မောင်းနှင်ပြီး အင်အား၃၀ကျော် မြစ်ကမ်းနဘေး မရိုးကုန်းရွာကနေ မနေ့ကမနက်က မြောင်မြို့ထဲ ပူးပေါင်းသွားတယ်”ဟု မြောင်ပြည်သူ့တပ်မတော်မှ ကိုတိုက်ဂါးက ပြောသည်။
စစ်ကောင်စီသည် မြို့တွင်းစခန်းတိုက်ခိုက်ခံရပြီးနောက် မြောင်မြို့နယ်ကို စက်တပ်လေထီးဖြင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ကာ လက်နက်ကြီးဖြင့်လည်း ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။ တိုက်ခိုက်မှုများကြောင့် ပြည်သူလေးဦးသေဆုံးပြီး နေအိမ်အချို့မီးလောင်ကာ တိရစ္ဆာန်အချို့လည်း သေဆုံးခဲ့ရသည်။
မတ်လ ၁၉ ရက်ညပိုင်းကစ၍ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ တက်လာသည့် စက်တပ်လေထီးသည် မြောင်မြို့နယ် ကူးတို့ကုန်းကျေးရွာကို ကနဦး ဗုံးကြဲခဲ့သည်ဟု ဆိုသည်။
မတ်လ ၂၀ ရက် နံနက်ပိုင်းတွင်လည်း မြောင်မြို့နယ်ကို စစ်ကောင်စီက စက်တပ်လေထီးဖြင့် ဆက်လက်တိုက်ခိုက်ခဲ့သည်။
“မြို့တွင်း စခန်းသိမ်းမယ်ထင်နေကြတယ်”ဟု စစ်ကောင်စီ၏ တပ်အင်အားဖြည့်တင်းနေမှုအပေါ် CDSOM မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM)တာဝန်ခံ ကိုနွေဦးက ပြောသည်။
လက်ရှိတွင် မြောင်မြို့နယ်၌ ကျောက်ရစ်ရွာ စခန်း၊မြို့မရဲစခန်းနှင့် မြို့တွင်းအထိုင်စခန်းတို့တွင် စစ်ကောင်စီက အင်အား ၃၀၀ကျော်ဖြင့် ခံစစ်ပြင်ထားသည်။
မြောင်မြို့နယ်သည် မန္တလေး၊စစ်ကိုင်းနှင့် မကွေးတိုင်းတို့ဖြင့် ချိတ်ဆက်နိုင်သည့် ဒေသဖြစ်ပြီး ရေစကြို၊ချောင်းဦး၊မြင်းမူ ၊ငါးဇွန်နှင့် မြင်းခြံမြို့နယ်တို့နှင့်လည်း ထိစပ်နေသည်။


















































