Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေ

မကွေးတိုင်း၊စလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေကြောင်း ​ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မီးလောင်ထားသော စလင်းမြို့နယ် ကုက္ကိုလ်တန်းကျေးရွာကို ၂၀၂၅ မတ် ၁၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − CJ

ဧပြီ၂၀၊၂၀၂၅။ ရဲခေါင်/People’s Spring

မကွေးတိုင်း၊စလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေကြောင်း ​ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့(ဧပြီ ၂၀ရက်) နေ့လည်ပိုင်းကစ၍ ညနေပိုင်းအထိ စစ်ကောင်စီသည် ဂျက်ဖိုက်တာများဖြင့် အဆက်မပြတ်ဗုံးကြဲနေခြင်းဟု ဆိုသည်။

“စလင်းမြို့နယ်ရဲ့ စလင်းနဲ့ ဆင်ဖြူကျွန်းကြားက ရွာတွေကို ကြဲနေတာ။ပြီးတော့ ဆင်ဖြူကျွန်းမှာ ရှိနေတဲ့ စကစရဲ့ တပ်မ(၁၀၁)ကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်နေတာတောက်လျှောက်ပဲ”ဟု စလင်းမြို့စစ်ရေး သတင်းရင်းမြစ်က ယနေ့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအခြေအနေကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုရာတွင် ၁၅ကြိမ်ထက်မနည်းရှိနေသည်ဟုလည်း စလင်းမြို့ခံတစ်ဦးက ပြောသည်။

“တိုက်ပွဲ ရှိလားမရှိလားတော့မသိဘူး။လေယာဥ်သံတွေရော ဗုံးသံတွေက ကြားရသမျှထဲမှာ အများ ဆုံးပဲ”ဟု ၎င်းက ပြောသည်။

ယခုလဆန်းပိုင်းကတည်းက စစ်ကောင်စီသည် စလင်းမြို့အနီးတစ်ဝိုက်ကို အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးခဲ့ပြီး ဒေသကာကွယ်ရေးတပ်များနှင့် တေယ်လှန်ရေးတပ်များ၏ ခုခံမှုကြောင့် အကြိမ်ကြိမ်ပြန်၍ ဆုတ်ခွာခဲ့ရသည်။

ယနေ့ စစ်ကောင်စီ၏ လေကြောင်း၊လက်နက်ကြီးဖြင့် အပြင်းအထန် တိုက်ခိုက်မှုအခြေအနေနှင့်ပတ်သက်၍ စလင်းမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် စလင်းမြို့နယ်အတွင်းရှိ စလင်း-ဆင်ဖြူကျွန်းနှင့် တညောင်လမ်းပိုင်းအား ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မှတ်ချက်ပြုသည်။

ထို့အပြင် ဧပြီ ၂၀ရက်နောက်ပိုင်း မကွေးတိုင်းရှိ စလင်း၊ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်တို့ကို လေ ကြောင်း၊ ဒရုန်းနှင့်လက်နက်ကြီးစစ်ဆင်ရေးများပြုလုပ်မည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်သူများက ရေးသားနေသည်။

စစ်ကောင်စီသည် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရက္ခိုင်၊ ရှမ်းမြောက် ၊ကချင်အပါအဝင် နိုင်ငံတဝန်း၌ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ပြီး ၎င်းတို့ကိုယ်တိုင် ကြေညာခဲ့သည့် အပစ်ရပ်ကြေညာမှုကို နေ့စဉ်ချိုးဖောက်လျက်ရှိဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောကြားထားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပစ်ရပ်ကြေညာထားသည့် ကာလအတွင်း၌ပင် ပြည်သူလူထု ရာချီ သေဆုံးထိခိုက်ခဲ့ရသည်ဟု သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များ၊ လေကြောင်းတိုက်ခိုက်ခံရသည့် နယ်မြေများမှ ဒေသခံများ၏ထုတ်ပြန်ပြောဆိုချက်များ၌ တွေ့ရသည်။

ဧပြီ ၁၈ရက်က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်လိပ်ကျရွာ၌ ပြည်သူ ၁၃ဦး သေဆုံးကာ ဧပြီ ၁၉ရက်က သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာ၌ ပြည်သူ ၂၄ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။