စက်တင်ဘာ-၁၈၊၂၀၂၆။ခိုင်မြတ်/ People’s Spring
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီးတော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။
စက်တင်ဘာလ ၁၈ ရက် မနက် ၇ နာရီကျော်အချိန်ကနေ ၈ နာရီကျော်လောက်ထိစစ်တပ်က စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့ နယ်တို့ ဗုံးကြဲနေခဲ့ပါတယ်။နေ့လယ်ပိုင်းမှာတော့ ပေါက်တောနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တို့ကို ဗုံးထပ်ကြဲခဲ့တာပါ။
“တခါလာရင်လေယာဉ်သုံးစီးလောက် အနည်းဆုံးပါတယ်။စုစုပေါင်းလေယာဉ်လာကြဲတာ ခြောက်စီး၊ ခုနှစ်စီး လောက်ရှိတော့တယ်။ တိုက်ပွဲနဲ့ ဘာမှမဆိုင်တဲ့ ပေါက်တောဘက်က ရွာတွေကိုလည်းကြဲတယ်”လို့ပေါက်တောမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်ဟာ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းကမ်းခြေကျေးရွာတွေ စစ်တွေနဲ့ အစပ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကကျေးရွာတွေကို ဗုံးအလုံးရေဆယ်နဲ့ချီ ကြဲခဲ့ပါတယ်။ဒါပေမယ့်လူ ထိခိုက်မှုရှိ ၊မရှိ အခြေအနေကိုတော့ မသိရသေးပါဘူး။
“တိုက်ပွဲနဲ့အဝေးကြီး ပုဏ္ဏားကျွန်းမြို့နားက ရွာတွေကိုပါ ကျတယ်” လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင်စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းမှာပဲ သံတွဲမြို့နယ် သစ်ငုတ်တိုရွာ၊ ဘုန်းတော်ကြီးကျောင်း အနောက်ဘက်လယ်ကွင်းတွေနဲ့ အိုးမြေရွာအနီး တောင်ကြောတွေကို ပါစစ်တပ်က ဗုံးကြဲခဲ့ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာစက်တင်ဘာ ၁၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရား တောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။
အလားတူစက်တင်ဘာ ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ် ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် သက် ကြီးအမျိုးသမီးသေဆုံးခဲ့ရပါတယ်။
စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက တိုက်ပွဲတွေမှာ နေ့တိုင်း ဆယ်ချီသေဆုံးကာ အထိနာ နေပြီး သူတို့ရဲ့ ကာကင်းစခန်းတွေနဲ့ ခြေကုတ်နေရာအချို့ကို လက်လွှတ်ရတာတွေလည်း ဆက်တိုက်ရှိနေတာပါ။
စစ်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးနောက်ပိုင်း အမြင့်ကျွန်းတံတား၊ ရွှေမင်းဂံရေတပ်စခန်းအနီး ကံကော်ကျွန်းဝန်းကျင် ကာကင်းနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်တပ်ခြေကုတ်နေရာယူထားခဲ့တဲ့ စပါးထား၊ ဆားပို့တောင်၊ ခမောင်း တောရွာဝန်းကျင်ရှိနေရာအချို့ကို AA က သိမ်းပိုက်ရထားတာဖြစ်ပါတယ်။
လက်ရှိမှာ ရွှေမင်းဂံရေတပ်စခန်းနဲ့ကပ်ရပ် ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာအနီးဝန်းကျင်၊ စစ်တွေမြို့နယ် အမြင့် ကျွန်း၊ တောကန်၊ ကံ့ကော်ကျွန်းဝန်းကျင်တို့မှာ စစ်တပ်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး တိုက် ပွဲနှစ်ပတ်တာကာလအတွင်း စစ်တပ်ဘက်က သေဆုံးသူရာနဲ့ချီရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။


















































