Connect with us

Hi, what are you looking for?

သတင်း

အပစ်ရပ်ကြေညာချက်ဖြင့် စစ်ကောင်စီ အမြတ်ထုတ်ဟု KIA ပြော

အပစ်ရပ်ကြေညာချက် လိုက်နာမှုရှိ၊ မရှိ ပြည်သူများ သက်သေရှိ

ဧပြီ ၁၉ ရက်က သပိတ်ကျင်းမြို့နယ် ရေထွက်ရွာကို စစ်ကောင်စီတပ် ဗုံးကြဲ၍ မီးလောင်ပျက်စီးမှုများ။ ဓာတ်ပုံ − Min Khant Kyaw

ဧပြီ ၂၂၊၂၀၂၅ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အပစ်ရပ်မည်ဟု ကြေညာချက်ထုတ်ပြန်နေသော်လည်း အမှန်တကယ် အပစ်ရပ်စဲခြင်းမရှိဘဲ ကြေညာချက်အပေါ် အမြတ်ထုတ်မှုများသာပိုမိုပြုလုပ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

စစ်ကောင်စီက ဧပြီ ၂ရက် မှ ၂၂ရက်အထိ အပစ်ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဧပြီ ၂၃ရက်မှ ၃၀ရက်အထိ သက်တမ်းတိုးကြောင်း ထပ်မံ ကြေညာခဲ့သည်။ သို့သော် စစ်ကောင်စီသည် တစ်ရက်မှ အပစ်ရပ်စဲခြင်းမရှိဘဲ KIA နယ်မြေအပါအဝင် နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ထိုးစစ်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

“အဲဒီ အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာချက်ရဲ့ နံပတ် (၄)ကို သူတို့ ချိုးဖောက်တယ်လို့ ကျနော်တို့က အဲဒီလို စွပ်စွဲပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီ၏ အပစ်ရပ်ကြေညာချက်၌ ပါရှိသည့် အချက်များကို စစ်ကောင်စီကိုယ်တိုင်က ချိုးဖောက်ခဲ့မှုအပေါ် ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ကြေညာချက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြား လက်နက်ကိုင်အဖွဲ့များအနေဖြင့် နှောက်ယှက်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်များအား တိုက်ခိုက်ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းမပြုရန် ဆိုသည့် ကန့်သတ်ချက်များ ဖော်ပြထားသည်။

သို့သော် လေကြောင်းတိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းများ ပြုလုပ်ပြီး အပစ်ရပ်ကြေညာချက်ကို ချိုးဖောက်နေသည့် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊အခြား လက်နက်ကိုင်အဖွဲ့များက ချိုးဖောက်သည်ဟု လိမ်ညာ ပြောဆိုနေမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဒါက ပြည်သူလူထုက သက်သေဖြစ်မှာပါ”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယခု ၈ရက်ကြာသည့် အပစ်ရပ်စဲရေးသတက်တမ်းတိုးမှုတွင်လည်း စစ်ကောင်စီက ယခင်ကြေညာချက်ပါ ကန့်သတ်ခြင်းများထပ်မံ ထည့်သွင်းထားသည်။

“အမြတ်ထုတ်တာကို သူတို့ကတော့ ပိုပြီးမှ အမြတ်ထုတ်တာ။ ကျနော်တို့ တိုင်းရင်းသားနဲ့ တခြား လက်နက်ကိုင်အဖွဲ့တွေက အဲဒီလောက်ကြီး အမြတ်ထုတ်တာမရှိပါဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက အပစ်ရပ်ကြေညာချက်ကို စစ်ကောင်စီက အမြတ်ထုတ်မှုကို ပြောသည်။

စစ်ကောင်စီက လိမ်ညာမှုများ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဒါကြောင့် ပြည်သူလူထု အနေနဲ့လည်း ဘယ်သူကတော့ အဲဒီ စည်းမျဉ်းစည်းကမ်း လိုက်နာတယ် ဘယ်သူက မလိုက်နာဘူးဆိုတာ စောင့်ကြည့်ဖို့ ပြည်သူလူထုဆီမှာ တာဝန်ရှိတယ်လို့ ပြောလိုပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီက အပစ်ရပ်ကြေညာခဲ့သည့် ဧပြီ ၂ရက်မှ ၂၂ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှု၊ မြေပြင်ထိုးစစ်ဆင်မှု အချက်အလက်များကိုလည်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးသွားရန်ရှိသည်ဟုလည်း ပြောပြသည်။

စစ်ကောင်စီသည် ၎င်းကြေညာထားသည့် အပစ်ရပ်ကာလအတွင်း နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူလူထု ရာချီ သေဆုံးထိခိုက်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။