Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိယက်ဗ်ကို တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်မျိုးတွေ ပူတင် ရပ်တန့်သင့်ပြီလို့ ထရမ့်ဆို

ယူကရိန်းကို တိုက်ခိုက်နေတာတွေ တော်သင့်ပြီလို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ရည်ရွယ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

Reuters

ယူကရိန်းကို တိုက်ခိုက်နေတာတွေ တော်သင့်ပြီလို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ရည်ရွယ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဧပြီ ၂၃ ရက်နေ့က ယူကရိန်းရဲ့ ကိယက်ဗ်မြို့တော်ကို ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေ အလုံးအရင်း အသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် လက်ရှိ အချိန်ထိ ၁၂ ဦး သေဆုံးပြီး အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကို ဆက်လက် ရှာဖွေနေရဆဲပါ။ အခုနှစ်အတွင်း ကိယက်ဗ်မှာ ကြုံတွေ့ဖူးသမျှ အပြင်းထန်ဆုံး တိုက်ခိုက်မှုအပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာလည်း တောင်အာဖရိက ခရီးစဉ်ကို အကျဉ်းချုံ့ပြီး ယူကရိန်းဆီ ပြန်သွားခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို ရပ်ဆိုင်းသွားအောင် ကြားဝင်စေ့စပ်ပေးမယ်လို့ ကြွေးကြော်ထားတဲ့ ထရမ့်က အခုတိုက်ခိုက်မှု အပြီးမှာတော့ ရှားရှားပါးပါး အခြေအနေအဖြစ် ပူတင်ရဲ့ လုပ်ရပ်ကို အတိအလင်း ဝေဖန် တားမြစ်တာမျိုး သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

ကိယက်ဗ်ကို ရုရှားက တိုက်ခိုက်ခဲ့တဲ့ ကိစ္စအတွက် သူမပျော်နိုင်ကြောင်း၊ ရုရှားက ဒါမျိုးလုပ်ဖို့ မလိုသလို အချိန်အခါကောင်းလည်း မဟုတ်ကြောင်း၊ တစ်ပတ်ကို စစ်သား ၅၀၀၀ လောက် သေနေတဲ့ အခြေအနေမှာ ငြိမ်းချမ်းရေး သဘောတူညီချက် ရအောင် လုပ်စေချင်ကြောင်း ထရမ့်က ရေးထားခဲ့တာပါ။ သူ့ရဲ့ ပို့စ်ထဲမှာတော့ ‘ဗလာဒီမာရေ၊ တော်တော့’ဆိုတဲ့ စကားစုကိုပါ ထရမ့်က ထည့်သွင်းထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာတော့ ထရမ့်က သူ့ရဲ့ အစိုးရဟာ ရုရှားအပေါ် အများကြီး ဖိအားပေးနေသလို အခုတိုက်ခိုက်မှုအတွက် အရမ်းစိတ်ပျက်မိတယ် ဆိုတာကို ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ညှိနျိုင်း ဆွေးနွေးမှုတွေမှာ သိသာတဲ့ တိုးတက်မှုတွေ ကြီးကြီးမားမား ရှိနေပြီး ရုရှားဟာ စစ်ပွဲကို ရပ်ဖို့၊ ယူကရိန်း တစ်နိုင်ငံလုံးကို သိမ်းယူတဲ့ အခြေအနေထိ ရှေ့မတိုးဖို့ လိုက်လျောလိုဟန်တွေ ထင်ထင်ရှားရှား ပြသထားတယ်လို့ ထရမ့်က ဆိုပါတယ်။

တစ်ဖက်မှာတော့ အမေရိကန်ဟာ ယူကရိန်း အစိုးရကိုလည်း ဖိအားပေးနေတဲ့ အခြေအနေတွေ ရှိနေပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုက နောက်ထပ် ဆွေးနွေးမှုတွေကို အခုသီတင်းပတ်ကုန်မှာ ဆက်လက် လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့ပြီး အမေရိကန် အနေနဲ့ ရုရှားရော၊ ယူကရိန်းပါ နောက်ဆုံး အပြီးသတ်အဆင့် သဘောတူညီမှု တစ်ခုအတွက် ပိုပြီး အားထည့်ကြတာမျိုးကို လိုလားကြောင်း သတိပေးသွားပါတယ်။

ယူကရိန်း စစ်ပွဲကို အမြန်ဆုံး ရပ်ဆိုင်းစေမယ် ဆိုတာဟာ ထရမ့်ရဲ့ ရွေးကောက်ပွဲကြို ကတိတစ်ခု ဖြစ်ပေမယ့် လက်ရှိ အခြေအနေတွေအရ နှစ်ဖက်ကြားက လိုလားချက်၊ တောင်းဆိုချက်တွေကြောင့် ညှိနှိုင်းမှုတွေမှာ ကြန့်ကြာတာတွေ၊ အခက်အခဲတွေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။