အီရန်နဲ့ စစ်ပွဲကို တကယ်ပဲ ရပ်တန့်ချင်သလား ဆိုတာကို အမေရိကန်ကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းက ပြောကြားခဲ့ပါတယ်။
နယူးယောက်မှာ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ဖို့ ရောက်ရှိနေချိန် အတောအတွင်း ပက်ဇက်ရှ်ခန်းက အမေရိကန် သတင်းဌာန Fox Newနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကို စက်တင်ဘာ ၂၄ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်ဟာ အမေရိကန်နဲ့ ညှိနှိုင်းမလား၊ အလုံးစုံ ချေမှုန်းဖျက်ဆီး ခံမလားဆိုတဲ့ အခြေအနေ နှစ်ခုကြားမှာ ရွေးချယ်ရလိမ့်မယ် ဆိုတာမျိုး ခြိမ်းခြောက် သတိပေးသွားပါတယ်။ နောက်တစ်နေ့မှာတော့ ပက်ဇက်ရှ်ခန်းက UN စင်မြင့်ပေါ် မိန့်ခွန်းပြောတဲ့အခါ အီရန်ဟာ အမေရိကန်ဆီ လုံးဝ ဒူးထောက် အလျှော့ပေးမှာ မဟုတ်ဘူးလို့ ကြေညာသွားပါတယ်။
ဒီအတောအတွင်း ထရမ့်က နယူးယောက်ကို ရောက်လာတဲ့ အီရန်အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ စစ်ရပ်စဲရေးကိစ္စ ဆွေးနွေးမှုတွေ ရှိခဲ့ပြီး အပြုသဘောဆောင်တဲ့ အခြေအနေတွေ တွေ့မြင်ခဲ့ရကြောင်း ပြောကြားသွားပါတယ်။

Public Service Announcement
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စတင်ခဲ့တဲ့ အီရန်စစ်ပွဲဟာ ၇ လလောက်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး ပြီးဆုံးမယ့် အလားအလာ မမြင်ရသေးပါဘူး။ လောလောဆယ်မှာတော့ နှစ်ဖက်ကြား အလွတ်သဘော သဘောတူညီမှုနဲ့ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားပါတယ်။
ပက်ဇက်ရှ်ခန်းကတော့ အီရန်ဟာ ပဋိပက္ခကို မလိုလားတဲ့အတွက် စစ်ပွဲကို တကယ်ရပ်ဖို့ဆိုရင် အမေရိကန်ရဲ့ ရွေးချယ်မှုကသာ အဆုံးအဖြတ် ဖြစ်နိုင်ကြောင်း ပြောပါတယ်။
ပြဿနာတွေကို ညှိနှိုင်းဆွေးနွေးမှု နည်းလမ်းနဲ့ ဖြေရှင်းချိန်မှာ အချင်းချင်း သတ်မနေသင့်ကြောင်း၊ ဒါပေမဲ့ အစ္စရေးရဲ့ သွေးထိုး လှုံ့ဆော်မှုနဲ့အတူ အမေရိကန်ဟာ အီရန်အပေါ် စစ်ပွဲ စတင်ဆင်နွှဲခဲ့ကြောင်း အီရန် သမ္မတက ဆိုပါတယ်။
ဒါပေမဲ့ အီရန်ကတော့ စစ်ဆက်မတိုက်ချင်တော့ကြောင်း၊ ဒီတော့ စစ်ပွဲကို ဆက်တိုက်ချင်သလား၊ ရပ်တန့်ချင်သလား ဆိုတာက အမေရိကန် ရွေးချယ်ရမယ့် ကိစ္စဖြစ်လာကြောင်း သူက ဆက်ပြောပါတယ်။
သူက အမေရိကန်နဲ့ အီရန်တို့ဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုကို ရရှိခဲ့ပေမယ့် နှစ်ပတ်လောက် အကြာမှာပဲ အမေရိကန်က ဘာကြောင့် ဖျက်ဆီးပစ်ခဲ့ရသလဲ ဆိုတာကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။
သူက အမေရိကန် မဟာမိတ် ဆော်ဒီအာရေးဘီးယားနဲ့ စစ်ခင်းတိုက်ခိုက်နေတဲ့ ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျား အဖွဲ့ကို အီရန်က ထိန်းချုပ် ညွှန်ကြားနေတယ် ဆိုတာကိုလည်း ငြင်းဆိုသွားပါတယ်။ ဟိုသီတွေရဲ့ လုပ်ရပ်တိုင်းဟာ သူတို့ကိုယ်ပိုင် သဘောဆန္ဒနဲ့သာ ဖြစ်ကြောင်း၊ ဟိုသီတွေဟာ အီရန်ရဲ့ အမိန့်နဲ့ လှုပ်ရှားနေတာ မဟုတ်ကြောင်း၊ သူတို့အပေါ် သက်ရောက်မှု ရှိလာတဲ့ ဒေသတွင်း အခြေအနေတွေနဲ့အညီ စီမံဆောင်ရွက်နေတာသာဖြစ်ကြောင်း ပက်ဇက်ရှ်ခန်းက ပြောပါတယ်။
အီရန်ဟာ ဟိုသီတွေနဲ့ အဆက်အသွယ်တွေ ရှိတာ မှန်ပေမယ့် စနစ်တကျ တည်ဆောက်ထားတဲ့ ဆက်ဆံရေး တစ်ခုခုကိုတော့ ထူထောင်မထားဘူးလို့ သူက မှတ်ချက်ပေးသွားပါတယ်။
အခုလထဲမှာ ဟိုသီတွေဟာ ယီမင်ရဲ့ အနောက်ဖက်ခြမ်းမှာရှိတဲ့ ပင်လယ်နီ ကမ်းရိုးတန်း တလျှောက်လုံးကို အောင်အောင်မြင်မြင် ထိန်းချုပ် သိမ်းယူနိုင်ခဲ့ပါတယ်။ ဟိုသီတွေရဲ့ လျင်မြန်တဲ့ ထိုးစစ်ကြောင့် ဆော်ဒီ အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ ယီမင်အစိုးရ တပ်တွေဟာ နိုင်ငံအနောက်တောင်ပိုင်း ဒေသကနေ ဆုတ်ခွာခဲ့ရပါတယ်။
အီရန်ကလည်း ဟောမုဇ် ရေလက်ကြားကို ထိန်းချုပ်ထားတာကြောင့် အခုဆိုရင် အရှေ့အလယ်ပိုင်း ဒေသရဲ့ ရေနံတင်ပို့မှုမှာ အချက်အခြာ အကျဆုံး ရေလမ်းကြောင်းတွေဖြစ်တဲ့ ပင်လယ်နီရော၊ ဟောမုဇ်ပါ အီရန်နဲ့ မဟာမိတ်တွေရဲ့ အပြည့်အဝ ခြိမ်းခြောက်မှုကို ခံနေရပြီ ဖြစ်ပါတယ်။
ကိုးကား: AFP



















































