Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှေ့ဂျေရုဆလင်မှာ ကုလသမဂ္ဂ ဖွင့်ထားတဲ့ ကျောင်းတွေကို အစ္စရေး ပိတ်ခိုင်း

အရှေ့ ဂျေရုဆလင်မှာ ကုလသမဂ္ဂ အစီအစဉ်နဲ့ ဖွင့်လှစ်ထားတဲ့ ကျောင်း ၃ ကျောင်းကို အစ္စရေးက အတင်းအကျပ် ဖိအားပေးပြီး ပိတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

အရှေ့ ဂျေရုဆလင်မှာ ကုလသမဂ္ဂ အစီအစဉ်နဲ့ ဖွင့်လှစ်ထားတဲ့ ကျောင်း ၃ ကျောင်းကို အစ္စရေးက အတင်းအကျပ် ဖိအားပေးပြီး ပိတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

မေလ ၈ ရက်နေ့တုန်းက လက်နက်ကိုင် အစ္စရေး လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ အစ္စရေး ထိန်းချုပ်ထားရာ အရှေ့ ဂျေရုဆလင်မှာရှိတဲ့ ရှူရာဖတ် ဒုက္ခသည် စခန်းထဲက ကျောင်းတွေထဲကို ဝင်ရောက်ခဲ့ပြီး ပါလက်စတိုင်း ကျောင်းသူကျောင်းသား ရာဂဏန်းကို ချက်ချင်း အိမ်ပြန်ခိုင်းခဲ့ပါတယ်။ အဲဒီကျောင်းတွေကို ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အေဂျင်စီ UNRWAက ဖွင့်လှစ်ထားတာပါ။

UNRWA အကြီးအကဲ ဖိလစ် လက်ဇာရီနီက အစ္စရေး အာဏာပိုင်တွေဟာ ကလေးတွေရဲ့ ပညာသင်ယူပိုင်ခွင့်ကို ပိတ်ပင်ပြီး နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို အတိအလင်း ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။

အစ္စရေး အစိုးရဟာ UNRWAကို နိုင်ငံပိုင်နက်ထဲမှာ လုပ်ငန်းလည်ပတ်ခွင့် တားဆီး ပိတ်ပင်ထားပြီး အဲဒီ သတ်မှတ်ချက်ဟာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စတင် အသက်ဝင်ခဲ့ပါတယ်။ အစ္စရေးက UNRWAဟာ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်နဲ့ ဆက်နွှယ် ပတ်သက်နေတယ်လို့ စွပ်စွဲထားပြီး ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီကတော့ ခါးခါးသီးသီး ငြင်းဆန်ထားပါတယ်။

Public Service Announcement

Public Service Announcement

လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေထဲမှာတော့ ရှူရာဖတ် ဒုက္ခသည် စခန်းရှေ့ကို အစ္စရေး တပ်ဖွဲ့ဝင်တွေ ရောက်လာတဲ့နောက် ကျောင်းယူနီဖောင်းဝတ် မိန်းကလေးတချို့ အချင်းချင်း ပွေ့ဖက် အားပေးရင်း ကျောင်းတစ်ကျောင်းရဲ့ အပြင်ဖက်မှာ ရပ်နေတာကို တွေ့ခဲ့ရပါတယ်။

ကျောင်းတစ်ကျောင်းရဲ့ နံရံမှာ ကပ်သွားတဲ့ အမိန့်စာမှာတော့ ပညာရေးဆိုင်ရာ အဆောက်အအုံ တစ်ခုအဖြစ် လုပ်ငန်းလည်ပတ်တာ၊ သင်ကြားရေးနဲ့ တခြားဝန်ထမ်းတွေ ငှားရမ်းတာတွေကို ပိတ်ပင်ကြောင်း ရေးသားထားပါတယ်။

အခုပိတ်ပင်မှုဟာ အသက် ၆ နှစ်နဲ့ ၁၅ နှစ်ကြား ကျောင်းသူကျောင်းသား ၅၅၀ ကျော်ကို ထိခိုက် သက်ရောက်စေခဲ့ပြီး ကျောင်းဝန်ထမ်း တစ်ယောက်လည်း ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတယ်လို့ UNRWAက ထုတ်ပြန်ပါတယ်။

အစ္စရေး ရဲတပ်ဖွဲ့ဟာ အရှေ့ ဂျေရုဆလင်မှာရှိတဲ့ နောက်ထပ် ကျောင်းတချို့မှာလည်း ဖြန့်ကျက် နေရာယူခဲ့ပြီး ကျောင်းသူကျောင်းသားတွေကို အတင်း အိမ်ပြန်ခိုင်းခဲ့သေးတယ်လို့ အဲဒီ အေဂျင်စီက စွပ်စွဲထားပါတယ်။

ကျောင်းတွေထဲ ဝင်စီးပြီး အတင်းအကျပ် ပိတ်ခိုင်းခဲ့တာဟာ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ လက်ဇာရီနီက လူမှုကွန်ရက် မီဒီယာ Xမှာ ဝေဖန် ရေးသားထားပါတယ်။

အနောက်ဖက် ကမ်းခြေဒေသမှာ အခြေစိုက်တဲ့ ပါလက်စတိုင်း အုပ်ချုပ်ရေး အစိုးရ အဖွဲ့က အစ္စရေးရဲ့ လုပ်ရပ်ဟာ ကလေးတွေရဲ့ ပညာသင်ကြားပိုင်ခွင့်ကို အတိအလင်း ပိတ်ပင်ခြင်း ဖြစ်တယ်လို့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ဂျေရုဆလင်အခြေစိုက် ဗြိတိန် ကောင်စစ်ဝန်ရုံးကလည်း ဗြိတိန်ဟာ ဥရောပ သမဂ္ဂ၊ နော်ဝေး၊ ဆွစ်ဇာလန်၊ တူရကီ၊ ဂျပန် အစိုးရတွေနဲ့အတူ ရပ်တည်ပြီး UNRWA ကျောင်းတွေ အတင်းအကျပ် ပိတ်ခံရတဲ့ ကိစ္စကို အပြင်းအထန် ကန့်ကွက်ကြောင်း ကြေညာခဲ့ပါတယ်။

အစ္စရေး လွှတ်တော်ဟာ UNRWAနဲ့ တရားဝင် ချိတ်ဆက် အလုပ်လုပ်မှုတွေကို တားမြစ်တဲ့ အဆိုကို ပြီးခဲ့တဲ့နှစ်က မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပြီး အစ္စရေး ပိုင်နက်ထဲမှာ UNRWA လုပ်ငန်းလည်ပတ်ခွင့်တွေကိုပါ ပိတ်ပင်ခဲ့ပါတယ်။

အစ္စရေးဟာ ၁၉၆၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲတုန်းက အရှေ့ဂျေရုဆလင်နဲ့ အနောက်ဖက် ကမ်းခြေဒေသတွေကို သိမ်းယူခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်မှာတော့ အစ္စရေးက အရှေ့ဂျေရုဆလင်ကို နိုင်ငံပိုင်နက်ထဲ သွတ်သွင်းပြီး ဂျေရုဆလင်ကိုလည်း နိုင်ငံရဲ့ တရားဝင် မဟုတ်တဲ့ မြို့တော်အဖြစ် သတ်မှတ်ခဲ့ပေမယ့် နိုင်ငံတကာ အသိုက်အဝန်းကတော့ လက်မခံခဲ့ပါဘူး။ တစ်ဖက်မှာတော့ ပါလက်စတိုင်းတွေက အရှေ့ ဂျေရုဆလင်ကို အနာဂတ်မှာ ထူထောင်ဖို့ ရည်ရွယ်ထားတဲ့ ပါလက်စတိုင်း နိုင်ငံသစ်ရဲ့ မြို့တော်အဖြစ် လျာထားကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။