Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်သားဧရိယာအများအပြားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ကုလ အစီရင်ခံစာဖော်ပြ

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ပိုပြီး ဆိုးရွားလာနေ

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတာ့ခ်

ဇွန်-၂၈၊ ၂၀၂၅။ People’s Spring

အာဏာသိမ်းစစ်တပ် အုပ်စိုးနေတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေက ပိုပြီး ဆိုးရွားလာနေကြောင်း ကုသလမဂ္ဂ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံမှာ အဲဒီ အစီရင်ခံစာကို တင်သွင်းခဲ့တာဖြစ်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတာ့ခ်က မြန်မာပြည်သူတွေဟာ ပြည်တွင်းစစ်၊ ဖိနှိပ်အုပ်စိုးမှုတွေကြောင့် ထိခိုက်ခံစားရမှုတွေ ပိုမိုဆိုးရွားလာတာမျိုး ကြုံတွေ့နေရကြောင်းလည်း ပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးကတည်းက အရပ်သား ၆,၈၀၀ ကျော် သေဆုံးခဲ့ရပြီး နောက်ထပ် ၂၂,၀၀၀ ဟာ မျှတတဲ့ တရားစီရင် ဆုံးဖြတ်မှုမျိုး မရရှိနိုင်ဘဲ စစ်တပ်ရဲ့ တစ်ဖက်သတ် ဖမ်းဆီး အကျဉ်းချမှုကို ခံထားရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းမှု နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာ လူပေါင်း ၃.၅ သန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လူပေါင်း ၂၂ သန်းလောက်ဟာ လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့လည်း တာ့ခ်က ပြောပါတယ်။

ကြုံတွေ့ ဖြတ်သန်းနေရတဲ့ ခါးသီးကြမ်းတမ်းမှုတွေ ကြားမှာတောင် မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းပြီး ဒီမိုကရေစီ ပြည့်ဝတဲ့ အနာဂတ်မျိုးကို မျှော်လင့်နေခဲ့ကြောင်း၊ ဒါပေမဲ့ အခြေအနေတွေက တိုးတက်လာရမယ့်အစား ပိုပြီး ဆိုးရွားလာနေကြောင်း သူက ဆိုပါတယ်။

မတ်လ ၂၈ ရက်နေ့တုန်းက လူ ၄,၀၀၀ လောက် သေဆုံးစေခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြီး အပြီးမှာ စစ်တပ်ဟာ ပြည်သူတွေကို ဖေးမ ကယ်ဆယ်ရမယ့်အစား လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမို အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။ ကုလသမဂ္ဂက ငလျင်နောက်ပိုင်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း ၆၀၀ ကျော်ကို မှတ်တမ်းတင် တွေ့ရှိထားပြီး အဲဒီထဲက အများစုဟာ ငလျင်ကယ်ဆယ်ရေးကို အာရုံစိုက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က အပစ်အခတ် ရပ်စဲရေး ကြေညာထားတဲ့ ကာလအတွင်းမှာ ဖြစ်ခဲ့တာပါ။

စစ်တပ်ဟာ ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ စစ်ကာလအတွင်း ထိန်းသိမ်း ကာကွယ်သင့်တဲ့ တခြားနေရာတွေ အပါအဝင် အရပ်သား ဧရိယာ အများအပြားကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အစီရင်ခံစာမှာ တင်ပြထားခဲ့ပါတယ်။

ဆင်းရဲကျပ်တည်းမှုဟာလည်း နိုင်ငံအနှံ့မှာ မြင့်တက်လာနေပြီး အခုဆိုရင် နိုင်ငံလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း နီးပါးဟာ ဆင်းရဲမွဲတေမှု အဆင့် ရောက်လုနီးပါး အခြေအနေမှာ နေထိုင်နေကြရပါတယ်။ နိုင်ငံကို စွန့်ခွာ ထွက်ပြေးရသူ ဦးရေကလည်း သန်းနဲ့ချီ များပြားလာပါတယ်။

တာ့ခ်က နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက်ကို ကူညီပေးစွမ်းဖို့ လိုအပ်နေကြောင်း ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကတော့ လူသားချင်း စာနာမှု အထောက်အပံ့ လုပ်ငန်းတွေကို ပိတ်ပင်တဲ့နည်းကို လက်နက် တစ်ခုလို အသုံးချနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ နောက်ပြီး နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေတွေ လျော့ကျလာခြင်းကလည်း ပဋိပက္ခနဲ့ ငလျင်ဘေးသင့် ပြည်သူတွေကို ထိထိရောက်ရောက် ကူညီနိုင်ရေး အားထုတ်မှုတွေကို ပိုမို ကျပ်တည်း ခက်ခဲသွားစေတယ်လို့ သူက ထောက်ပြသွားခဲ့ပါတယ်။

ဇွန်လနှောင်းပိုင်းထိ အခြေအနေအရ လူသားချင်း စာနာမှု အထောက်အပံ့ ရန်ပုံငွေ လျာထားပမာဏ ဒေါ်လာ ၁.၁၄ ဘီလီယံထဲမှာ ၁၂ ရာခိုင်နှုန်းလောက်သာ ပြည့်မီခဲ့ပြီး ငလျင်ကယ်ဆယ်ရေးအတွက် ရည်ရွယ်တဲ့ အပိုဆောင်း ဒေါ်လာ ၂၇၅ သန်းကလည်း ၃၇ ရာခိုင်နှုန်းသာ ဖြည့်တင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အခြေအနေတွေကို လေ့လာကြည့်တဲ့အခါ လူ့အခွင့်အရေးက အရေးရော ကြီးသေးရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း၊ တကယ်လို့ အရေးကြီးပါသေးတယ်လို့ ယူဆရင် ဘာကြောင့် အစိုးရ အများအပြားက တာဝန်ပျက်ကွက် နေသလဲဆိုတာ သိချင်ကြောင်း အန်ဒရူးစ်က ပြောကြားသွားပါတယ်။

ကိုးကား: UN

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။