◼️မောင်တင်သစ်
ဟောဒီကန်သင်းရိုးကလေးအတိုင်း လျှောက်ရင်
မင်းငယ်ဘဝဆီ ရောက်လိမ့်မယ်
ခြေသံကြားတာနဲ့
လယ်ပုဇွန်လုံးတွေက
မြေကျစ်စာတွင်းထဲ ဆင်းပြေးကြမှာပေါ့
ရေစပ်စပ်မှာ
ငါးရှဥ့်တကောင်တလေ
ရွှံ့လူးနေတာ တွေ့ဦးမယ်
တနှစ်သား
တလင်းပြင်ထဲ စပါးနယ်နေတုန်း
မင်းကို လည်ပြန်ခတ်တဲ့ ကျွဲဂျိုကား
မှတ်မိသေးလား

Public Service Announcement
သူရှိသေးရင်
ခုအချိန်
သူလည်း ရွှံလူးနေမှာပေါ့
ကတွတ်ပေါက်မှာ မြုံးထောင်ရင်
ငါးမြွေထိုး အကြီးအသေး
တထွေးကြီးလည်း ရတတ်တယ်
ငရုတ်စပ်စပ်နဲ့
ပင်စိမ်းအုပ်ပြီး လွေးရုံပဲ
ပျိုးခင်းလောက် လှတဲ့အစိမ်းရောင်
ဒီတသက် မတွေ့ဖူးဘူး
ဆိုတော့
သွားကြစို့
ကန်သင်းရိုးကလေးအတိုင်း
ငယ်ဘဝဆီ သွားကြစို့
၁၆၊ ဇွန်၊ ၂၀၂၅
(The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ
‘မောင်တင်သစ်’ ရေးဖွဲ့တဲ့ “ငယ်ဘဝဆီ သွားကြစို့” ကဗျာကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































