Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝီဒိုဒိုရဲ့ သားဖြစ်သူ အင်ဒိုနီးရှား ဒုတိယ သမ္မတ ရာထူးကနေ နုတ်ထွက်

ပညာရေးဆိုင်ရာ သတ်မှတ်ချက် အရည်အချင်း မပြည့်မီဘူးဆိုတဲ့ စွပ်စွဲချက်တွေ ရင်ဆိုင်နေရတဲ့နောက် အင်ဒိုနီးရှား ဒုတိယ သမ္မတဟာ ရာထူးကနေ နုတ်ထွက်စာ တင်သွားခဲ့ပါတယ်။

ဓာတ်ပုံ - Getty

ပညာရေးဆိုင်ရာ သတ်မှတ်ချက် အရည်အချင်း မပြည့်မီဘူးဆိုတဲ့ စွပ်စွဲချက်တွေ ရင်ဆိုင်နေရတဲ့နောက် အင်ဒိုနီးရှား ဒုတိယ သမ္မတဟာ ရာထူးကနေ နုတ်ထွက်စာ တင်သွားခဲ့ပါတယ်။

သမ္မတဟောင်း ဂျိုကို ဝီဒိုဒိုရဲ့ သားဖြစ်သူ ဂီဘရန် ရက္ကာဘူမင် ရက္ကာဟာ နိုဝင်ဘာ ၁၂ ရက်နေ့တုန်းက သူ့ရဲ့ နုတ်ထွက်စာကို လွှတ်တော်ဆီ တရားဝင် တင်သွင်းသွားခဲ့ပါတယ်။ ဒီအခြေအနေက အစိုးရ အနေနဲ့ အစားထိုးစရာ ဒုတိယ သမ္မတ တစ်ဦးကို ရှာဖွေရဖို့ ဖြစ်လာပြီး အစိုးရ အဖွဲ့အတွင်းက အရှုပ်အထွေးတွေလည်း ပိုမို ကျယ်ပြန့်လာပါတယ်။

သမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ ဖုန်းပြောဆိုမှုတွေကို အစိုးရ အရာရှိတွေက ကြားဖြတ် ခိုးနားထောင်ခဲ့တယ်ဆိုတဲ့ အရှုပ်တော်ပုံရဲ့ နောက်ကွယ်မှာ ဝီဒိုဒိုရဲ့ ဘက်တော်သားတွေ ပါဝင်နေကြောင်း စွပ်စွဲချက်တွေကြောင့် နိုင်ငံရေး မဟာမိတ်ဟောင်း နှစ်ဦးကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ဒုတိယ သမ္မတ ဂီဘရန် နုတ်ထွက်သွားခဲ့ရတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား ဖွဲ့စည်းပုံ ဥပဒေ သတ်မှတ်ချက်တွေအရ ဒုတိယ သမ္မတဟာ အနိမ့်ဆုံး အထက်တန်း စာမေးပွဲအဆင့် အောင်မြင်ရမှာ ဖြစ်ပါတယ်။ အသက် ၃၉ နှစ်အရွယ် ဂီဘရန်ဟာ စင်ကာပူနဲ့ ဩစတြေးလျတို့မှာ ပညာသင်ကြားခဲ့ပြီး စင်ကာပူ စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျု (MDIS)ကနေ ဘွဲ့ရခဲ့ပါတယ်။ ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တဲ့အခါ ဂီဘရန်က ၂၀၁၉ ခုနှစ်၊ ပညာရေး ဝန်ကြီးဌာနက ထုတ်ပေးထားတဲ့ အထက်တန်း အောင်မြင်ကြောင်း ပညာအရည်အချင်းနဲ့ ညီမျှတဲ့ ထောက်ခံချက် လက်မှတ်ကို တင်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်တော့ ဂီဘရန်အတွက် ထုတ်ပေးထားတဲ့ ပညာအရည်အချင်း ထောက်ခံချက် လက်မှတ်ဟာ ဥပဒေအရ အကျုံးမဝင်ကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်လာပြီး အောက်တိုဘာ ၃၀ မှာတော့ တရားရုံးချုပ်ကပါ အဲဒီလက်မှတ်ရဲ့ တရားဝင်မှုကို ပယ်ဖျက်သင့်ကြောင်း ဆုံးဖြတ်ပေးခဲ့ပါတယ်။

ပညာရေး အစီအမံတွေနဲ့ ပတ်သက်ရင် အရင်ကတည်းက ဝေဖန်မှုတွေ၊ အရှုပ်အထွေးတွေ ရှိခဲ့ဖူးတဲ့ ပရာဘိုဝိုရဲ့ အစိုးရဟာ ဂီဘရန်ကို အကာအကွယ် ပေးထားခဲ့ပေမယ့် ဖုန်းခိုးနားထောင်မှု အရှုပ်တော်ပုံ အပြီးမှာတော့ ပရာဘိုဝိုရဲ့ ဘက်တော်သား အမတ်တွေကပါ ဂီဘရန်ကို စွပ်စွဲပြစ်တင်တာတွေ လုပ်လာပါတယ်။ အစိုးရ အတွင်းပိုင်းမှာ မဟာမိတ် ရပ်တည်မှု ပြိုကွဲသွားတဲ့နောက် ဂီဘရန်လည်း အကာအကွယ် မဲ့သွားပြီး ဒုတိယ သမ္မတ အဖြစ်ကနေ နုတ်ထွက်စာ တင်ခဲ့ရပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ဂီဘရန်နဲ့အတူ ယှဉ်တွဲရပ်ရင်း ပရာဘိုဝိုက သူဟာ ဒုတိယ သမ္မတဆီက နုတ်ထွက်စာကို စိတ်နှလုံး မချမ်းမြေ့စွာနဲ့ လက်ခံလိုက်ရကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ အထက်လွှတ်တော်ဟာ ရက်ပေါင်း ၆၀ အတွင်း ဒုတိယ သမ္မတသစ် တစ်ဦးကို ဆုံးဖြတ် ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဂီဘရန်ဟာ တာဝန်ကျေပြွန်ပြီး စိတ်ဓာတ် ခိုင်မာသူ တစ်ဦးဆိုတာ သက်သေပြခဲ့ကြောင်း၊ သူဟာ အရည်အချင်း ပြည့်မီတဲ့ နိုင်ငံရေးသမား တစ်ဦးအဖြစ် အစိုးရအတွက် အလုပ်လုပ်ပေးခဲ့ကြောင်းလည်း သမ္မတ ပရာဘိုဝိုက ဆိုပါတယ်။ ဂီဘရန်ရဲ့ နုတ်ထွက်မှုဟာ နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးအတွက် ဖြစ်တယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ပရာဘိုဝိုနဲ့ ဝီဒိုဒိုတို့ဟာ နိုင်ငံရေး မဟာမိတ်တွေ ဖြစ်ခဲ့ပေမယ့် သမ္မတက ဝီဒိုဒိုရဲ့ ဘက်တော်သားတွေကို အစိုးရ အဖွဲ့ထဲကနေ ဆက်တိုက် ဖယ်ရှားလာခြင်းနဲ့အတူ နှစ်ဖက်ကြား တင်းမာမှုတွေ ဖြစ်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာတော့ ပရာဘိုဝိုရဲ့ ဖုန်းပြောမှုတွေကို ကြားဖြတ်နားထောင်မှု အရှုပ်တော်ပုံ ပေါ်ပေါက်လာသလို အဲဒီလုပ်ရပ် နောက်ကွယ်မှာ ဝီဒိုဒိုရဲ့ သစ္စာတော်ခံတွေ ဆက်စပ် ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေက နှစ်ဖက် ဆက်ဆံရေးကို ပိုမို ပြိုကွဲသွားစေခဲ့ပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ