နိုဝင်ဘာ-၁၃၊၂၀၂၆။ခိုင်မြတ်/People’s Spring
ပုဏ္ဏားကျွန်းမြို့နယ်၊သရက်ချိုနဲ့ ယိုးငူရွာကြားမှာတည်ရှိတဲ့ ဗျာလစစ်ဘေးရှောင်စခန်းကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ညနေပိုင်းမှာဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၈ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့ ၊ညနေ ၇ နာရီကျော်အချိန်မှာဂျက်ဖိုက်တာ ၁ စီးနဲ့ စစ်ဘေးရှောင်စခန်းတည့်တည့်ကို ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ “ဒဏ်ရာရတာ၊ သေတာ တော်တော်များများပါတယ်။ ဒဏ်ရာပြင်းထန်တဲ့သူတွေလည်းအများကြီး” လို့ပုဏ္ဏားကျွန်းဒေသခံတဦးကပြောပါတယ်။
လက်ရှိမှာစစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးသူ ၈ ဦးရှိလာပြီး သေဆုံးသူအရေအတွက်ထပ် တိုးလာနိုင်သေးတယ်လို့ လည်း အထက်ပါဒေသခံကပြောပါတယ်။

Public Service Announcement
စစ်တပ်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ကလည်း ဗျာလစစ်ဘေးရှောင်စခန်းကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့ပါသေးတယ် ။ပထမအကြိမ်ဗုံးကြဲမှုကြောင့် စစ်ရှောင်ပြည်သူ ၆ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါ သေးတယ်။ ပထမအကြိမ် ဗုံးကြဲပြီး ၄၂ ရက်အကြာမှာ စစ်တပ်ကထပ်မံ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်က နိုဝင်ဘာ ၁၂ ရက်ညပိုင်းမှာလည်း မြောက်ဦးမြို့ ကြက်စျေးရပ်ကွက် မူလတန်းလွန်စာသင် ကျောင်းကို ဗုံးကြဲခဲ့တာကြောင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်သား ၂ ဦးအပါအဝင် ၅ ဦးထက်မနည်း သေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
အလားတူနိုဝင်ဘာ ၅ ရက်နေ့ညကလည်း မြောက်ဦးမြို့နယ် နန်းကျားရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး၁ဦးသေဆုံးပြီး၊အပြစ်မဲ့အရပ်သားပြည်သူ၁၂ဦးထက်မနည်း ဒဏ်ရာရပါတယ်။
ဒါ့အပြင်နိုဝင်ဘာ ၁ ရက်နေ့ကလည်း မြောက်ဦးမြို့ပေါ်ရှိ သားဖွားဆေးရုံကို ဗုံးကြဲခဲ့တာ ကြောင့် လသားအရွယ် ကလေးငယ်အပါအဝင် ၅ ဦးသေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။မြောက်ဦး၊ သားဖွားဆေးရုံဗုံးကြဲခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့မှာပဲ စစ်တွေ – ရန်ကုန်ပြည်ထောင်စုလမ်းမပေါ် ဝါး တောင်ရွာအနီးရှိ ယိုးချောင်းတံတားကိုလည်း ဗုံးကြဲချိုးဖျက်ခဲ့ပြီး အဲဒီဝန်းကျင်ရှိ ပြည်သူတွေနဲ့ ခရီးသွား ပြည်သူ ၇ ဦးသေဆုံးကာ ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ပေါက်တောမြို့နယ် ရွာချောင်းကြီး၊ ကျောက်ဖြူမြို့နယ် စနဲမင်းပြင်ရွာတို့ကိုလည်း ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာခဲ့ပါတယ်။
စစ်တပ်ကမြောက်ဦး သားဖွားဆေးရုံဗုံးကြဲတဲ့ ဖြစ်ရပ်ဟာ လူ့သမိုင်းတလျှောက်မှာ အဆိုးရွား ဆုံးနဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရပ်ဆိုးတွေထဲကတခုဖြစ်ပြီး ဗုံးကြဲမှုမှာ ပါဝင်သူတယောက်ချင်းစီကို လက်တုံ့ ပြန် သွားမယ်လို့ အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
အာဏာသိမ်းစစ်တပ်ကပေါက်တောမြို့နယ်ငပြီကျွန်းကမ်းတက်တိုက်ပွဲ၊စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့အတွင်းက တိုက်ပွဲတွေမှာ အထိနာအကျအဆုံးများပြီးတပ်စခန်းတွေ လက်လွှတ်နေရချိန်မှာ စစ်ဘေးရှောင်စခန်းတွေ၊ကျောင်းတွေ၊ဈေးတွေ၊ ဘာသာရေးအဆောက်အအုံတွေ စတဲ့ အရပ်သားနေထိုင်ရာတွေကိုပါမချန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။
လူထုနွေဦးကကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၁၀ ရက်နေ့ထိ နှစ်လကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံပြည်သူ ၁၂၂ ဦး နဲ့ ထိခိုက်ဒဏ်ရာရသူ ၂၂၀ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။





















































