Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ ဆွေးနွေးမှုတွေမှာ EU ကိုယ်စားလှယ် ပါဝင်လာစေချင်တဲ့ အမေရိကန်ရဲ့ သဘောထားကို ယူကရိန်း ကြိုဆို

ယူကရိန်းစစ်ပွဲ ရပ်စဲရေး ဆွေးနွေးမှုတွေမှာ ဥရောပ နိုင်ငံတွေကိုပါ ထည့်သွင်းဖိတ်ကြားဖို့ အမေရိကန် အစိုးရဆီက သဘောထား အဆိုပြုချက်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကြိုဆိုခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ယူကရိန်းစစ်ပွဲ ရပ်စဲရေး ဆွေးနွေးမှုတွေမှာ ဥရောပ နိုင်ငံတွေကိုပါ ထည့်သွင်းဖိတ်ကြားဖို့ အမေရိကန် အစိုးရဆီက သဘောထား အဆိုပြုချက်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကြိုဆိုခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် စေလွှတ်တဲ့ ကိုယ်စားလှယ် အဖွဲ့ဖြစ်တဲ့ စတိဗ်ဝစ်ကော့ဖ်နဲ့ ဂျရတ်ကူရှ်နာတို့ဟာ နိုဝင်ဘာ ၁၂ ရက်နေ့တုန်းက အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ ဝစ်ကော့ဖ်နဲ့ ထရမ့်ရဲ့ သမက်ဖြစ်သူ ကူရှ်နာတို့ဟာ အစောပိုင်းတုန်းက မော်စကိုမြို့တော်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။

ဇီလန်စကီးနဲ့ တွေ့ဆုံချိန်မှာတော့ အမေရိကန် အစိုးရဟာ နောက်တစ်ကျော့ ဆွေးနွေးပွဲတွေကျရင် ဥရောပ သမဂ္ဂ (EU)ရဲ့ ကိုယ်စားလှယ်တွေကိုပါ ထည့်သွင်းဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ဇီလန်စကီးက ယူကရိန်းဟာ စစ်ပြီးကာလမှာ EU အဖွဲ့ဝင် ဖြစ်လာဖို့ ရည်မှန်းထားတဲ့အတွက် ဥရောပ ကိုယ်စားလှယ်တွေကို ဆွေးနွေးပွဲမှာ ထည့်သွင်းခြင်းဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုလို့ ထောက်ခံကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ၊ အဘူဒါဘီမြို့မှာ အမေရိကန်၊ ရုရှားနဲ့ ယူကရိန်းတို့ သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေ ရှိခဲ့ပြီး ထင်ရှားသိသာတဲ့ တိုးတက်မှုတော့ ရမလာခဲ့ပါဘူး။ ရုရှားဟာ စစ်ပြေငြိမ်းစေချင်ရင် ယူကရိန်းရဲ့ နယ်မြေတွေ လက်လွှတ်ပေးရမယ်ဆိုတဲ့ တောင်းဆိုမှုကို ဆက်လက် ဆုပ်ကိုင်ထားပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာတော့ ယူကရိန်း စစ်ပွဲ ရပ်စဲရေးကိစ္စ အမေရိကန် ကြားဝင် ညှိနှိုင်းပေးနေတဲ့ ကိစ္စမှာ ဥရောပရဲ့ လုံခြုံရေး အာမခံချက်တွေ တိတိကျကျ ပါဝင်မလာမှာကို EUဖက်က စိုးရိမ်နေပါတယ်။

အဘူဒါဘီ ဆွေးနွေးပွဲမှာ ရုရှားနဲ့ ယူကရိန်းတို့ဟာ စစ်ပြေငြိမ်းရေးကိစ္စ ညှိနှိုင်းမှုတွေ တိုးတက်မလာသေးတဲ့တိုင်အောင် နှစ်ဖက် စစ်သုံ့ပန်းတွေ အများအပြား လဲလှယ်ရေးကိုတော့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဒဗ္ဗလင်မှာ ဇီလန်စကီးနဲ့ တွေ့ဆုံတဲ့ အချိန်မှာတော့ ကူရှ်နာက အမေရိကန် အစိုးရဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အမေရိကန်ဟာ ယူကရိန်း အရေးနဲ့ ပတ်သက်လို့ ဥရောပ နိုင်ငံတွေနဲ့ အများကြီး နီးနီးကပ်ကပ် လက်တွဲ အလုပ်လုပ်ခဲ့ကြောင်း၊ ဒါဟာ အရေးကြီးတဲ့ လိုအပ်ချက် တစ်ခုလို့လည်း အမေရိကန်က ခံယူထားကြောင်း ပြောကြားခဲ့ပါတယ်။

ဥရောပ ကော်မရှင်ရဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ခါဂျာ ကာလက်စ်ကလည်း ဆွေးနွေးပွဲတွေမှာ EUရဲ့ ကိုယ်စားလှယ် တက်ရောက်ခြင်းက ဥရောပဟာလည်း ဒီကစားပွဲရဲ့ အရေးပါတဲ့ ပလေယာမျိုး ဖြစ်တယ်ဆိုတာ ရုရှားကို သဘောပေါက် နားလည်သွားစေလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ရုရှားဟာ တကယ်ပဲ ငြိမ်းချမ်းရေးကို လိုလားရဲ့လား ဆိုတာကိုတော့ သူ့အနေနဲ့ သံသယ ဝင်မိကြောင်း ကာလက်စ်က ပြောဆိုသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ