Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုတိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်တပ်က မြို့အဝင်နားရောက်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြို့အဝင်နားရောက်လာတယ်လို့ နောင်ချိုမြို့ခံအချို့က လူထုနွေဦးကို ပြောပါတယ်။

နောင်ချိုဒေသ တိုက်ပွဲအတွင်း တွေ့ရတဲ့ TNLAရဲဘော်တွေ။ ဓာတ်ပုံ - TNLA

ဇူလိုင်-၈၊ ၂၀၂၅။ People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြို့အဝင်နားရောက်လာတယ်လို့ နောင်ချိုမြို့ခံအချို့က လူထုနွေဦးကို ပြောပါတယ်။

အမြောက်တပ်တွေရှိတဲ့ တောင်းခမ်းဒေသက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နောင်ချိုမြို့အဝင်နဲ့ (၁)မိုင်ကျော်ပဲ ကွာဝေးတဲ့ နမ့်ဆောင်ဟူးကျေးရွာကို ဒီကနေ့(ဇူလိုင်၈ရက်)မှာ သိမ်းပိုက်လိုက်တယ်လို့နောင်ချိုမြို့ခံအချို့ကပြောပါတယ်။

“နမ့်ဆောင်ဟူးကို ဟိုဘက်ကရသွားပြီပြောတယ်။ မြို့အဝင်နားရောက်နေပြီလို့ ပြောရတာပေါ့။ သေနတ်သံတွေလည်း မြို့ထဲက ဒီတိုင်းကြားနေရတယ်ပြောတယ်”လို့ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားနောင်ချိုဒေသခံတစ်ဦးကလည်း”နမ့်ဆောင်ဟူးလမ်းခွဲဆိုတာနောင်ချိုအဝင်ပဲလေ။အဲရှေ့မှာ မြို့အဝင်ဆိုင်းဘုတ်ပဲ”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေကလည်း နောင်ချိုမြို့အနီးက နမ့်ဆောင်ဟူးရွာကို သိမ်းပိုက်ခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။

စစ်ကောင်စီတပ်တွေ နောင်ချိုမြို့အနီးရောက်လာတာနဲ့ပတ်သက်ပြီး တအာင်းတပ်မတော်(TNLA)ကို လူထုနွေဦးက ဆက်သွယ်မေးမြန်နေဆဲဖြစ်ပါတယ်။

TNLAရဲ့ ဇူလိုင် ၈ ရက်​ည နောင်ချိုတိုက်ပွဲထုတ်ပြန်ချက်မှာတော့ ဇူလိုင် ၇ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအကြောင်းကိုသာ ဖော်ပြထားပါတယ်။

နောင်ချိုမြို့နယ်က မျက်ချင်းနု၊ ရေမောင်းတန်း၊ နောင်လင်၊ ကျောက်ကြမ်း၊ ကံကြီးကုန်းနဲ့ နားမုံ ကျေးရွာတွေမှာ ဇူလိုင် ၇ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီး (၁၂၇)လုံးနဲ့ ဒရုန်းနဲ့ ဗုံး(၄၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဇူလိုင် ၇ရက်က နားမုံနဲ့ ရေမောင်းတန်းကျေးရွာဘက် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာ စစ်တပ်က လက်နက်ကြီး (၈၇)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၁၀)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

နားမုံကျေးရွာဟာ ကိုးကန့်ရွာဖြစ်တဲ့ ရွှေဖိညွှန့်ကျေးရွာအနီးက ဖြစ်ပြီး အဲဒီရွာကို ဇူလိုင် ၆ရက်မှာ စစ်ကောင်စီတပ်က ရသွားတယ်လို့ နောင်ချိုဒေသခံက ပြောပါတယ်။

ကျောက်ကြမ်းနဲ့ ကျောက်တောကျေးရွာတိုက်ပွဲကိုလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး(၂၄)လုံးနဲ့ လက်နက်ကြီး (၂၁)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နောင်လင်နဲ့ ကံကြီးကုန်းကျေးရွာတိုက်ပွဲကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၉)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၈)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

နောင်ချိုမြို့အပါအဝင် TNLAထိန်းချုပ်ထားတဲ့နေရာတွေကို စစ်ကောင်စီက နေ့စဉ်လေကြောင်း အပြင်းအထန်တိုက်ခိုက်နေတာကြောင့် တစ်ဖက်သတ်အပစ်ရပ်စဲထားမှုကို ရုတ်သိမ်းလိုက်တယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇူလိုင် ၅ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

ဒါ့အပြင် နောင်ချိုမြို့ကို စစ်ကောင်စီထံ ပြန်ပေးမှာမဟုတ်ဘူးလို့လည်းTNLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ဒါ​ပေမယ့် ​​မြေပြင်တိုက်ပွဲမှာ​တော့ စစ်တပ်က မြို့အဝင်နား အထိ​ရောက်လာတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။