Connect with us

Hi, what are you looking for?

သတင်း

ပုဂံ၊ညောင်ဦးတိုက်ပွဲ နှစ်ဖက်တပ်တွေ အထိနာ၊ စစ်တပ်က ကျေးရွာ ၃၀ ကျော် မီးရှို့ဖျက်ဆီး

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံ၊ ညောင်ဦးမြို့နယ်တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေ ထိခိုက်မှုများပြီး စစ်တပ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတယ်လို့ ညောင်ဦးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မီးရှို့ခဲ့ရတဲ့ ကျေးရွာမြင်ကွင်း။ ဓာတ်ပုံ - CJ

ဇူလိုင် ၉၊၂၀၂၅/People’s Spring

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံ၊ ညောင်ဦးမြို့နယ်တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေ ထိခိုက်မှုများပြီး စစ်တပ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတယ်လို့ ညောင်ဦးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ညောင်ဦးမြို့နယ်မှာ ဇူလိုင်၁ရက်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းအများအပြားနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ပြောရေးဆိုခွင့်ရှိသူ ကိုဇီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ရက်မှာ ညောင်ဦးမြို့အရှေ့ဘက်က ငါ့သရောက်မြို့ရဲစခန်းက ထွက်လာတဲ့ အင်အား ၁၀၀ခန့်ပါစစ်ကြောင်းဟာ ရွာပုလဲနဲ့ မောင်ဂွတ်တောကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၂ရက်မှာ မောင်ဂွတ်တောရွာ မီးရှို့ဖျက်ဆီးထွက်လာတဲ့ စစ်ကြောင်းကို တောင်တောရွာနဲ့ ဖလန်ကန်ရွာကြားမှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကိုဇီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲအတွင်းမှာ ညောင်ဦးမြို့နယ် ပကဖက ရဲဘော် ၅ဦး၊ ညောင်ဦးခရိုင် တပ်ရင်း(၅)က ရဲဘော် နှစ်ဦး၊Popa Production and Guerrila Force (PPGF)က ရဲဘော် ၃ဦးနဲ့ မြင်းခြံခရိုင် တပ်ရင်း(၃)က ရဲဘော်တစ်ဦး စုစုပေါင်း ၁၁ဦး ကျဆုံးခဲ့ရတယ်လို့ ကိုဇီးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် စစ်ကြောင်းလည်း ထိခိုက်မှုများပြီး ဆုတ်ခွာထွက်ပြေးသွားရတယ်လို့ ကိုဇီးက ပြောပါတယ်။

“ကိုယ့်ဘက်ကလည်း ထိခိုက်ဆုံးရှုံးမှုတွေ ရှိတယ်။ ရန်သူ့ဘက်ကလည်း ထိခိုက်မှုတွေ များတယ်ဗျ။ ရန်သူ့ဘက်ကလည်း ၁၀ယောက်အထက်ကျတာပဲ။ မျက်မြင်ဘာညာတွေလည်း ရှိတယ်။ အလောင်းရတာတွေလည်း ရှိတယ်”လို့ ညောင်ဦးခရိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ညောင်ဦးမြို့အရှေ့ဘက်က ကျေးရွာတွေနဲ့ ပုဂံမြို့တောင်ဘက်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

ဇွန်လတတိယအပတ်ကစပြီး စစ်ကောင်စီတပ်က ပုဂံမြို့ရဲ့တောင်ဘက်က ကျေးရွာတွေကို တင့်ကားနှစ်စီးအသုံးပြုပြီး အင်အား ၅၀၀လောက်နဲ့ စတင်စစ်ကြောင်းထိုးခဲ့တယ်လို့ ပုဂံဗိုလ်ချိုတပ်က ပြောပါတယ်။ ပုဂံ – ချောက်လမ်းပိုင်းကြားမှာရှိတဲ့ ကျေးရွာတွေ ၃၀ လောက်ကို စစ်ကြောင်း ထိုးခဲ့တာလို့ ဆိုပါတယ်။ စစ်ကြောင်းထိုးတဲ့ တလျှောက်မှာလည်း ကျေးရွာတွေ မီးရှို့ဖျက်ဆီး၊ ဒေသခံတွေ သတ်ဖြတ်၊ဖမ်းဆီးခေါ်ဆောင်နေလို့ ဒေသခံတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေရတာဖြစ်ပါတယ်။

ဒီကနေ့(ဇူလိုင် ၉ရက်)မှာလည်း စစ်ကောင်စီတပ်က ပုဂံမြို့တောင်ဘက်က ချောင်းရှည်၊ပွဲတန်း၊ ဇီစမြင်၊ကျောက်ပြင်ကန်နဲ့ မြောင်ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကိုဇီးက ပြောပါတယ်။

“လက်ရှိအနေအထားအရဆို ကျနော်တို့ ညောင်ဦးမြို့နယ်အတွင်းမှာ စစ်ကောင်စီ စစ်ကြောင်းတွေဆက်တိုက်ထိုးနေတယ်။ ကျေးရွာပေါင်း ၃၀ကျော်လောက်ကို မီးရှို့ဖျက်ဆီးပြီးတော့ ကျေးရွာတွေက ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူနေတယ်ပေါ့နော်။ ကျေးရွာတွေက မီးရှို့ခ့ရတဲ့ အိမ်ခြေပေါင်းဆို ထောင်ဂဏန်းကပ်နေပြီ”လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လက်တလောမှာ ပုဂံမြို့ပေါ်နှင့် ပုဂံမြို့အနီးက နတ်ကြို့ဆိုင်ကျေးရွာမှာ အင်အားအများအပြားနဲ့ ကင်းပတ်နေတယ်လို့ ကိုဇီးက ပြောပါတယ်။

၂၀၂၅ခုနှစ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ တိုက်ပွဲ ၁၀ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့လည်း ညောင်ဦး ပကဖက ပြောပါတယ်။

ညောင်ဦးမြို့နယ်အတွင်းက ဒေသခံလူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေအပြင် ရွာတွေမှာ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို လုံခြုံရေး သင်တန်းတွေ ပေးနေတာကြောင့် ဒီအခြေအနေတွေကို လက်မခံနိုင်တဲ့အတွက် ၂၀၂၅ ခုနှစ်ထဲမှာ ပုဂံဒေသမှာ စစ်ဆင်ရေးဖော်ဆောင်တာလို့ ညောင်ဦးပကဖက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်