ဇူလိုင်-၁၇၊၂၀၂၅။ ထားမြတ်/People’s Spring
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းသို့ စစ်ကြောင်းထိုးလာပြီးပြည်သူများ၏နေအိမ်များမီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်ဟု PDF နေပြည်တော်တိုင်းစစ်ဌာနက ယနေ့(ဇူလိုင် ၁၇ရက်)တွင် သတင်းထုတ်ပြန်သည်။
စစ်တောင်းမြစ်အနောက်ဘက်ကမ်းမှ အင်အားဖြည့်တင်းလာသော စစ်ကြောင်းသည် ကရင် ချောင်းတံတား(ကျွဲရိုင်းပြင်)ကိုဖြတ်၍ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ တော်လှန်ရေးတပ်ဖွဲများအား အင်အားသာလွန်စွာဖြင့် ဝင် ရောက် တိုက်ခိုက်ပြီး ရေလွဲကျေးရွာရှိ ပြည်သူ များ၏ နေအိမ် (၄၀)ဝန်းကျင်အား မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါစစ်ကြောင်းကို နေပြည်တော်တပ်ရင်းများက ပူးပေါင်းတိုက်ခိုက်ခဲ့ဟု အသိပေးသည်။
စစ်ကောင်စီစစ်ကြောင်းကို နေပြည်တော် တပ်ရင်းများဖြစ်ကြသော တပ်ရင်းအမှတ် (၈၀၁၊၈၀၂၊၈၀၃၊၈၀၄၊၈၀၅၊၈၀၆၊၈၀၇၊၈၀၈၊၉၀၁)နှင့် တပ်ရင်း (၃၅၀၄)တို့ ပူးပေါင်းပြီး ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှာ ကရင်ချောင်းကျေးရွာ ဆုတ်ခွာသွားကြောင်း၊ ထို့နောက် အင်အားဖြည့်ပြီး ဇူလိုင် ၇ရက်တွင် စစ်ကြောင်း(၂)ကြောင်းဖြန့်ခွဲ၍ ထပ်မံထိုးစစ်ဆင်လာရာ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
အင်အား ၂၀၀ခန့်ရှိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲမှာ ၄နာရီခန့်အပြင်းအထန် ဖြစ်ပွားခဲ့ပြီးယင်းနေ့ တနေလုံး ထိတွေ့တိုက်ပွဲငယ်များဆက်ဖြစ်ခဲ့ဟု နေပြည်
တော်တိုင်း စစ်ဌာနက အသိပေးသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိများအပါအဝင် ထိခိုက်သေဆုံးများပြားကြောင်းထုတ်ပြန်သည်။
နေပြည်တော်တိုင်း စစ်ဌာန၏ ထုတ်ပြန်ချက်တွင် ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်၏ ဗိုလ်လေးဦးအပါအင်းအား (၄၀)ခန့် သေဆုံးပြီး ၂၀ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသော်လည်း People’s Spring အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
တော်လှန်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်ကျဆုံးမရှိဟု အသိပေးသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု ရှိ၊မရှိ အခြေအနေကိုလည်း ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။
ရေလွှာရွာ အနီး စစ်ဆင်ရေးအားဇူလိုင် ၄ ရက်တိုက်ပွဲတွင်တပ်ရင်း (၃၅၀၄)တပ်ခွဲ ၂ ပုဝါနီ အဖွဲ့ တစ်ဖွဲ့ တည်းမှ စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး
ဇူလိုင် ၇ ရက်တိုက်ပွဲတွင်မဟာမိတ် နေပြည်တော် အဖွဲ့များ မှ ပူးပေါင်း စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပုဝါနီစစ်ကြောင်းကတာဝန်ရှိသူကပြောသည်။
စစ်တပ်ထံမှ လက်နက်ခဲယမ်းနှင့် ရုပ်အလောင်းများရရှိခဲ့ခြင်းမရှိကြောင်း၎င်းကဆက်ပြောသည်။
လက်ရှိ စစ်ရေးအခြေအနေမှာ နေစဉ် စစ်ဆိုင်ပြင်ဆင်ထားသည့် အနေအထားဖြစ်ကြောင်း နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း(၈၀၈) သတင်းပြန်ကြားရေး တာဝန်ရှိသူက ဒေသ စစ်ရေး အခြေအနေကို ပြောပြသည်။
“စစ်ရေးအရကတော့ ကျေးရွာအများအပြားကို စိုးမိုးထားပါတယ်။ ဆက်ပြီးတော့လည်း တော်လှန်ရေး ဖြစ်နေတာ ဖြစ်လို့ ကျနော်တို့က ရပ်တန့်မှာမဟုတ်ပါဘူး။ တလက်မ ရရင် တလက်မ ရွေ့နေမှာပါ”ဟု တပ်ရင်း(၈၀၈) ပြန်ကြားရေး တာဝန်ရှိသူက စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များ စစ်တောင်းမြစ်အနောက်ဘက်ကမ်းသိုပြန်လည်ဆုတ်ခွာသွားကြောင်း၊ ပူးပေါင်းတပ်ဖွဲ့များက ဆုတ်ခွာသွားသော စစ်ကောင်စီတပ်ရောက်ရှိနေရာယူခဲ့သည့် နေရာများ၌ ဗုံးသီးအကြွင်း အကျန်နှင့် မိုင်းများအား ရှင်းလင်းရေး ဆောင်ရွက်ခဲ့ပြီး နယ်မြေများအားထိန်းသိမ်းနိုင်ခဲ့ကြောင်း နေပြည်တော်တိုင်း စစ်ဌာနက ထုတ်ပြန်သည်။
တပ်ရင်း(၈၀၈)သည် နောပြည်တော် PDF၏ တပ်ရင်းအသစ်တစ်ခုဖြစ်၍ မပြည့်စုံမှုများ ရှိနေ၍ ပြည်သူများ ဝိုင်းဝန်းပေးကြရန်လည်း တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက တောင်းဆိုသည်။


















































