ဇူလိုင်-၂၀၊ ၂၀၂၅။ရဲခေါင်/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး လက်နက်နှစ်လက်ရတယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
မြင်းခြံ-တံတားဦးလမ်းပိုင်းဘေးက ကုက္ကဲရွာရဲ့ နယ်မြေရဲစခန်းနဲ့ စာသင်ကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၁၇ရက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေက အရပ်သားနဲ့ ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်လုယက်နေတဲ့သတင်းကြောင့် ကင်းပုန်းဝပ်တိုက်ခိုက်ခဲ့တာလို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက အသိပေးပါတယ်။

Public Service Announcement
“နယ်မြေအခြေနေကြောင့် တိုက်ပွဲသတင်းနောက်ကျမှထုတ်ပြန်ရတယ်။အခုလည်း မြင်းခြံကို စကစ က ဖိနေတယ် “လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သားသုံးဦး၏ ရုပ်အလောင်း တွေ့ရှိပြီး MA11နှစ်လက်၊MA11ကျည်ဘောက်နှစ်ခု အပါအဝင် ကျည်တွေနဲ့ လက်ပစ်ဗုံးလည်း သိမ်းရတယ်လို့လည်း သိရပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ရေးအရအရှိန်မြှင့် ဆက်လက်ဆောင်ရွက်မှာ ဖြစ်တဲ့အတွက်ကြောင့် စစ်ကောင်စီနဲ့ နီးတဲ့နေရာကနေ ရှောင်ကြဖို့နဲ့ လေကြောင်း၊လက်နက်ကြီးအန္တရယ်တွေအတွက် ဗုံးခိုကျင်းတွေတူးပြီး ကာကွယ်ကြဖို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၅ရက်ကစပြီး မြင်းခြံခရိုင်စစ်ဆင်ရေး(၉/အညာမြေ စစ်ဆင်ရေး)အဖြစ် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန် မြို့နယ်တွေက စစ်ကောင်စီဂိတ်စခန်းတွေကို တပြိုင်တည်းတိုက်ခိုက်တာမှာ စစ်ကောင်စီဘက်က သေဆုံးသူ ၅၀ထက်မနည်းရှိကာ လက်နက် ၂၇လက် သိမ်းဆည်းရရှိထားပါတယ်။
မြင်းခြံမြို့နယ်က ဆီးမီးခုံရဲစခန်း၊ ကျောက်ပြုတ်ရွာပျူစခန်း၊ တောင်ရှေ့ဂိတ်အထိုင်စခန်း၊ ၁၈ရပ် ကွက် ခရိုင်ထွေအုပ်ရုံး ၊ နွားထိုးကြီးမြို့နယ်က ဝက်လူးရဲစခန်း Gasပိုက်လိုင်း၊ မြို့မစခန်း၊ ဇီရွာအနီးစစ်ကြောင်း၊ တောင်သာမြို့နယ်က ထနောင်းကုန်းပျူရွာစခန်း၊ မြို့ဝင်ဂိတ်၊ Gas ပိုက်လိုင်း၊ ငါန်းဇွန်မြို့နယ်က မြို့ဝင်ဂိတ်နဲ့ မြို့သာဘဏ်စောင့်ကင်းစခန်းတို့က စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း စစ်ကောင်စီက မြင်းခြံခရိုင်ကို အင်အားရာနဲ့ချီဖြည့်တင်းပြီး စစ်ကြောင်းထိုးတာတွေ ပိုလုပ်လာတယ်လို့လည်း ဒေသခံစစ် ရေးသတင်းရင်းမြစ်တွေက အသိပေးပါတယ်။


















































