ဖမ်းဆီးခံရသောကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF-ကလေး)မှတပ်ဖွဲ့ဝင်များ ပြန်လည် လွတ်မြောက်ရေးအတွက် အကြမ်းဖက် စစ်ကောင်စီတပ်၏ လမ်းကြောင်းကို ကလေး PDFနှင့် CDFက ပိတ်ဆို့ထားပြီးယနေ့တွင်လည်းတိုက်ပွဲအပြင်းအထန်ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
ကလေးမြို့နယ်တွင် ယမန်နေ့က PDF Kalay တပ်ရင်း ၃ တပ်ခွဲ တစ်ခုကို အကြမ်းဖက် စစ်ကောင်စီက ယမန်နေ့က ဝင်စီးနင်းကာ ဆေးတပ်သား အမျိုးသမီး ၈ ဦးနှင့် အမျိုးသား နှစ်ဦးကို ဖမ်းဆီးခံခဲ့ရသည်။
ဖမ်းဆီးခံရသူများ ပြန်ကယ်ထုတ်နိုင်ရေးအတွက်စစ်ကောင်စီလမ်းကြောင်းကို Kalay PDFနှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDFက ပိတ်ဆို့ထားပြီး ယနေ့ (နိုဝင်ဘာ၁၇) မွန်းလွှဲ တစ်နာရီ ခွဲခန့်အထိ တိုက်ပွဲဖြစ်နေကြောင်းဒေသခံတစ်ဦးက ပြောသည်။
” PDF Kalay နဲ့ CNDF တပ်တွေက ဖမ်းဆီးခံရတဲ့ရဲဘော်တွေပြန်လွတ်ပေးပါက လမ်းဖွင့်ပေးမယ်လို့ လော်စပီကာနဲ့ ပြောပါတယ်။ ဒါပေမယ့် စစ်တပ်ဖက်က ပြည်သူ့ကာကွယ်ရေးတပ်သားတွေ ပြန်မလွတ်ပေးလို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခြင်းဖြစ်တယ်”ဟု ဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

Public Service Announcement
“အမှားများ အားနည်းချက်များကို သင်ခန်းစာယူမည်။ ဆုံးရှုံးမှုများအတွက် နှစ်ဆပြန်လည်ရယူမည်။တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည့်အတွက် ပြည်သူများ လုံခြုံရေး သတိရှိစွာဖြင့် နေထိုင်သွားလာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟု ယနေ့ နေ့ခင်းပိုင်းတွင် ကလေးPDFက အသိပေးထားသည်။
ကလေးမြို့အနောက်တောင်ပိုင်း နယ်မြေနေရာတစ်ခုရှိ တပ်ဖွဲ့ဝင် ၂၀ကျော် စခန်းချနေထိုင်သည့် ကလေး PDF တပ်ရင်း(၃)အောက်မှ တပ်ခွဲစခန်းတစ်ခုကို နိုဝင်ဘာ ၁၆ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်သိမ်းပိုက်ရာ အဆိုပါစခန်းရှိ အမျိုးသမီးရှစ်ဦးနှင့် အမျိုးသားနှစ်ဦး စုစုပေါင်း ၁၀ဦးဖမ်းဆီးခံရပြီး အများစုမှာ တပ်ရင်း(၃)မှ ဆေးအဖွဲ့ဝင်များဖြစ်ကြောင်း ကလေးPDFက ယမန်နေ့ကထုတ်ပြန်သည်။
ဖမ်းဆီးခံရသူများအနက် အမျိုးသားနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက သတ်ဖြတ်လိုက်ကြောင်း သတင်းရရှိသော်လည်း အတည်မပြုနိုင်သေးကြောင်းလည်း ကလေး PDFက ယမန်နေ့တွင် အသိပေးထားသည်။
ထို့ကြောင့် နိုဝင်ဘာ ၁၆ မွန်းလွဲပိုင်းကစ၍ ကလေးမြို့နယ်အနောက်တောင်ပိုင်း နယ်မြေတဝိုက်တွင် ရှားတော၊ မြို့ကြီးကုန်း၊ မြို့လှစသည့် နေရာအသီးသီးမှ စစ်ကြောင်းများခွဲထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကလေးPDF၊ CNDF၊ CDF(KKG)နှင့် ရပ်ရွာ ပ. က.ဖ အဖွဲ့များပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့များမှာ ညနေ၆နာရီခွဲအထိ တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဖော်ပြထားသည်။ထိုအပြင် မြို့လှရပ်ကွက်ဘက်မှ စစ်ကူထွက်လာသည့်စစ်ကြောင်းကို ကလေး PDFက မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် တာဟန်းရပ်ကွက်ရှိ တာဟန်းရဲစခန်းကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ကလေးမြို့တွင် တိုက်ပွဲအပြင်းအထန် ဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများအသုံးပြု၍ တိုက်ခိုက်နေကာအင်အားမမျှဘဲ ရင်ဆိုင်နေရချိန်တိုက်ပွဲဖိအား လျော့ကျစေရေး နေရာစုံမှ ထကြွပေးရန် Kalay PDFက တောင်းဆိုထားသည်။
(အကြမ်းဖက်စစ်ကောင်စီးတပ်၏ ဖမ်းဆီးခြင်းခံထားရသော ကလေးပြည်သူ့ကာကွယ်ရေးတပ်၏ ဆေးတပ်ဖွဲ့ဝင်အမျိုးသမီးများ)


























































