ဇူလိုင်-၂၃၊၂၀၂၅။သတိုး/People’s Spring
(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ အပါအဝင်လေးဦးကို စစ်ကောင်စီက မတရားကြိုးမိန့်ချ ကွက်မျက်ခဲ့သည်မှာ ဇူလိုင် ၂၃ရက်တွင် သုံးနှစ်ပြည့်မြောက်ပြီဖြစ်သည်။
သုံးနှစ်ကြာပြီဖြစ်သော်လည်း ၎င်းတို့၏ မိသားစု ၊ မိတ်ဆွေများနှင့် တော်လှန်ရေးဘက်တော်သားများက သတိရနေဆဲဖြစ်ကြောင်း လူမှုကွန်ရက် စာမျက်နှာများ၌ စာများရေးသား ရင်ဖွင့်ထားကြသည်။
ဦးဂျင်မီ၏ ဇနီး မနီလာသိန်းက “ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်အားလုံးအတွက်သွေးကြွေးမှာဆွေးနွေးစရာမရှိ၊မဆုံးသေးတဲ့ခရီးလျှောက်လှမ်းလျက်ပါ”ဟု ရေးသားထားသည်။

Public Service Announcement

ထို့အပြင် ကွက်မျက်ခံရသူလေးဦး၏ သုံးနှစ်ပြည့်သွေးကြွေးအတွက် ရည်ရွယ်ကာ တော်လှန်ရေးအင်အားစုများထံ တော်လှန်ပြည်သူများက ထောက်ပို့ပေးထားသည့် မှတ်တမ်းများကိုလည်း ဖော်ပြထားသည်။
ထို့အတူ ကိုဖြိုးဇေယျာသော်၏ ဇနီး မသဇင်ညွှန့်အောင်ကလည်း “မတရားဖမ်းဆီး ဖျောက်ဖျက်ခံရခြင်း(၃)နှစ် သွေးကြွေးမှာ ဆွေးနွေးစရာမရှိပြစ်မှုကျူးလွန်သူ စစ်ကောင်စီစစ်ခွေးများ ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိ ၊တရားတဲ့သူသာနိုင်ကြေးဟေ့ …” ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်၌ရေးသားထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက် (PPNM)အဖွဲ့ဝင်များက “ငါတို့အားလုံး ကိုဂျင်မီ၊ငါတို့အားလုံး ကိုဖြိုးဇေယျာသော်၊ ငါတို့အားလုံး ကိုလှမျိုးအောင်၊ငါတို့အားလုံး ကိုအောင်သူရဇော်၊တရားတဲ့သူသာ နိုင်ကြေးဟေ့ ” စသည့်စာတန်းများကို ကိုင်ဆောင်သည့် ပုံများတင်၍ သုံးနှစ်ပြည့် အမှတ်တရ လှုပ်ရှားမှုပြုလုပ်ခဲ့သည်။
(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမြအေးကလည်း ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ နှစ်ဦး၏ ဓာတ်ပုံကိုတင်၍ “အော်…သုံးနှစ်ပြည့်ခဲ့ပြန်ပြီပေါ့။ကောင်းရာဘုံဘဝမှာအေးအေးချမ်းချမ်းနားခိုပါတော့သူငယ်ချင်းတို့ရေ။”ဟုရေးသားထားသည်။
ကိုဖြိုးဇေယျာသော်၏ အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်သည့် ရန်ရန်ချန်း၊ Rဇာနည်တို့ကလည်း ၎င်းတို့သူငယ်ချင်း၏ အမှတ်တရ ဓာတ်ပုံများနှင့်အတူ သုံးနှစ်ပြည့်ကို သတိတရရှိကြောင်း ရေးသားထားကြသည်။
မြန်မာနိုင်ငံတွင် သေဒဏ်ကျခံရသူများအား ကြိုးပေးသတ်ဖြတ်ခြင်းကို မပြုလုပ်သည်မှာ ဆယ်စုနှစ် အနည်းငယ်ကြာပြီဖြစ်သော်လည်း နွေဦးတော်လှန်ရေးကာလ၌ မတရားပြစ်ဒဏ်အဖြစ်အထက်ပါလေးဦးကို ပထမဆုံးအကြိမ် ပြန်လည်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။


















































