ဇူလိုင်-၂၃၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးရဲဘော်တွေ ဖြစ်တဲ့ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ (၄) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် “ဆိုင်ကယ်စီး လူထုပျောက်ကြားသပိတ်” ကို ပြုလုပ်ခဲ့ပါတယ်။
တော်လှန်ရေးပြည်သူတွေက “တရားတဲ့သူသာ နိုင်ကြေးဟေ့” ဆိုတဲ့ စာတန်းကို အကျီမှာ ရေးသားပြီး ကလေးမြို့ရဲ့ အထင်ကရ ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ ဆိုင်ကယ်စီး ပျောက်ကြားသပိတ်ကို ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။

Public Service Announcement
ယင်းလူထုလှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သဘောထားကို ဖော်ပြသလို၊ အဓမ္မ ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ တော်လှန်ရေးရဲဘော် လေးဦးကို အောက်မေ့သတိရ ဂုဏ်ပြုတဲ့ အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ကလေးမြို့နယ်လူထုသပိတ်က ဖော်ပြထားပါတယ်။
မြောင်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက နွေဦးတော်လှန်ရေးကာလအတွင်း မတရားကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရသော သူရဲကောင်းတွေကို အောက်မေ့ဖွယ်အထိမ်းအမှတ် အနေနဲ့ သစ်ပင်စိုက်ပျိုးခြင်းနဲ့ အများပိုင်နေရာတွေ သန့်ရှင်းရေး ပြုလုပ်ခြင်း လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။
အသက်ပေး စွန့်လွှတ်ခဲ့ကြတဲ့ သူရဲကောင်းတွေရဲ့ ရဲရင့်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ စိုက်ပျိုးလိုက်တဲ့ သစ်ပင်တစ်ပင်ချင်းစီဟာ သူတို့ရဲ့ ရည်မှန်းချက်တွေ နောင်အနာဂတ်မှာ စိမ်းလန်းဝေဆာစွာ ရှင်သန်ကျန်ရစ်နေဦးမယ်ဆိုတဲ့ ကတိကဝတ်ဖြစ်ကြောင်း မြောင်လူထုသပိတ်က ဆိုပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေဖြစ်တဲ့ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီ ဦးဆောင်တဲ့ အဲဒီ့လှုပ်ရှားမှုမှာ အတိတ်ကို ဂုဏ်ပြု၊ အနာဂတ်ကို တည်ဆောက် ဆိုတဲ့ ဘန်နာကို ကိုင်ဆောင်ပြီး တော်လှန်ရေးရဲဘော် လေးဦးအား အောက်မေ့ဂုဏ်ပြုခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်းအတွင်း ကျေးရွာတစ်ရွာမှာလည်း ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲနဲ့ မကွေးဖက်ဒရယ်ယူနစ်မှ တော်လှန်သော ကျောင်းသူကျောင်းသား၊ဆရာ၊ဆရာမတွေ၊ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် ဦးညွှတ်ဂုဏ်ပြုခြင်း အခမ်းအနားကို ဆောင်ရွက်ခဲ့ပါတယ်။
ကျောင်းသားနိုင်ငံရေးနဲ့ လက်ရှိတော်လှန်ရေး ဖြစ်တည်မှုတွေကိုလည်း အပြန်အလှန်မျှဝေဆွေးနွေးတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် အသက်ပေးသွားခဲ့ကြတဲ့ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ကို လေးစားဂုဏ်ပြုသောအားဖြင့် “အတိတ်ကို ဂုဏ်ပြု အနာဂါတ်ကို တည်ဆောက်”ဆိုတဲ့စာသားနဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တနေရာမှာ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ – မြောင်လူထုသပိတ်၊ ကလေးမြို့နယ်လူထုသပိတ်၊ ရွာပေါင်းစုံသပိတ်၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ


















































