ရှိန်း/People’s Spring
မျက်နှာမှာ သွေးတွေ စိမ့်ထွက်နေပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အသက်၂၃နှစ်အရွယ် လူငယ်တ ယောက်ရဲ့ ပုံ တွေ ၂၀၂၂ခုနှစ်မှာ စစ်တပ်က ထုတ်ပြန်ခဲ့ဖူးပါတယ်။
ပြည်သူတွေဝမ်းနည်း၊စိတ်မကောင်းဖြစ်ခဲ့ရတဲ့ အဲဒီဓာတ်ပုံပိုင်ရှင်ဟာ အခုလွတ် မြောက် နယ်မြေ တခုကို ရောက်ရှိနေပါပြီ။
နွေဦးတော်လှန်ရေးကာလ ၅နှစ်အတွင်းမှာ စစ်ကောင်စီအုပ်ချုပ်ထားတဲ့ မြို့ကြီးတွေအတွင်း စစ်တပ်ကိုနားရွက်တံ တွေးဆွတ်တဲ့ ဆန္ဒပြလှုပ်ရှားမှုများစွာရှိခဲ့ပါတယ်။

Public Service Announcement
မန္တလေးမှာဆိုရင် ၁၀၂၇ စစ်ဆင် ရေးပြင်းထန် နေချိန် ဒေါက်တာ တေဇာဆန်း မြို့အတွင်းဝင်ရောက်ဆန္ဒပြခဲ့ပါတယ်။
အဲဒီမတိုင်ခင် ရန်ကုန်မြို့မှာ ရှစ်လေး လုံးနှစ်ပတ်လည်ထီးသပိတ် ပြုလုပ်မှု တွေရှိခဲ့ပါတယ်။ဒီလိုလှုပ်ရှားမှု တွေကို ပြည်သူလူထုကြား ရောက်ရှိအောင်နောက်ကွယ်ကပံ့ပိုးပေးတဲ့ ကင်မရာသမားတွေရဲ့အခန်းကဏ္ဍကလည်းအရေးကြီးပါတယ်။
အဲဒီအထဲမှာ အသက်၂၃နှစ်အရွယ်ကိုစစ်မင်းနိုင်လည်းပါ ပါတယ်။ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ဒုတိယနှစ်တက္ကသိုလ်ကျောင်းသားဖြစ်တဲ့သူက ဓာတ်ပုံရိုက်ရတာ ဝါသနာပါပြီး သူတက်ကျွမ်းတဲ့ ပညာနဲ့ တော်လှန်ခဲ့သူပါ။
“ဒီကာလ တွေမှာ ပိတ်ဆို့ထားတဲ့ကြားကနေ မြို့ပြပျောက်ကြားသပိတ်တွေ လုပ်ခဲ့တဲ့အချိန် က စိတ်အလှုပ်ရှားရဆုံးပဲ”လို့ ကို စစ်မင်းနိုင်က ပြောပါတယ်။
၂၀၂၂ခုနှစ်၊နှစ်စမှာ “ငရဲခွေးကြီးကို စီရင်မည် “ဆိုတဲ့ ဆိုင်းဘုတ်ကို လှည်းတန်းတံတားမှာ စစ်တပ်ပိတ်ဆို့ထားတဲ့အချိန်မှာ ရအောင်ချိတ်ဆွဲခဲ့ချိန် တွေ ဖြစ်တယ်လို့ဆိုပါတယ်။
၂၀၂၂ခုနှစ်၊ဩဂုတ်လမှာတော့ရှစ်လေးလုံး ထီးသပိတ်ပြုလုပ်ခဲ့ပါတယ်။ ထီးသပိတ်ပြုလုပ်သူ၄ ယောက်၊ဓာတ်ပုံရိုက်တဲ့သူကိုစစ်မင်းနိုင်နဲ့၊ ဗီဒီယို ရိုက်တဲ့သူ၁ယောက် စုစုပေါင်း၆ ယောက်ဖြစ်ပါတယ်။စစ်တပ်လုံခြုံရေးတွေတင်းကြပ်ထားတဲ့ကြားက သူတို့ စွန့်စွန့်စားစားလုပ်ခဲ့တဲ့ ရှစ်လေးလုံးထီးသပိတ်ဟာ ပြည်သူတွေကို အာရုံကို ကိုင်လှုပ်နိုင်ခဲ့ပါတယ် ။
အာဏာသိမ်းစစ်အုပ်စုအတွက်တော့ နားရွက်တံစွေးဆွတ် ခံရတာမို့ ဒေါသူပုန်ထပြီး သူတို့ကိုဖမ်းဆီးရေး အသည်းအသန်းကြိုးစားပါတယ်။
ရက်၂၀အကြာမှာတော့ စစ်ကောင်စီက သူတို့ထဲက ၁ ယောက်ကိုခြေရာခံနိုင်သွားပြီးပထမဆုံးအဖွဲ့ဝင်တဦးကိုဖမ်းဆီးခံရပါတယ်။
အဲဒီ နောက် ၁နာရီအကြာမှာ ကိုစစ်မင်းနိုင် နေထိုင်ရာတိုက်ခန်းကိုရောက်ရှိလာပါတော့တယ်။
အခန်းတံခါးကမီးပိတ်ထားတာမို့ ရုပ်တွေကို သေချာ မမြင်ရဘဲ စစ်တပ်ဝတ်စုံနဲ့ သေနတ် တွေကိုပဲ မြင်လိုက်တယ်လို့ ဆိုပါတယ်။
“တွေ့ တွေ့ချင်းပဲကျွန်တော့ မျက်နှာကို သေနတ်နဲ့ ရိုက်လိုက်တယ်။အဲဒီအချိန်မှာ ကျွန် တော်အမြင်တွေ ဝေဝါးသွားတယ်။ပြီးတော့ မှောက်သွားတဲ့အချိန် နှစ်ယောက် ဝိုင်းရိုက်ကြတယ်။အဲတာပြီးချက်ချင်း ခေါင်းကို အိပ်စွတ်လိုက်တာပဲ”လို့ကို စစ်မင်းနိုင်က ဖမ်းဆီးခံခဲ့ရစဉ် အခြေအနေကိုပြန်ပြောပြပါတယ်။
စစ်တပ်က ကိုစစ်မင်းနိုင်ကို “ဒီကောင် တွေက ငါတို့ကို မွှေခဲ့တဲ့ ကောင် တွေ “ဆိုပြီး မကြားဝံ့မနာသာဆဲဆို ရိုက်နှက် ခဲ့ပါတယ်။ အဲဒီနောက် လက်ပြန်ကြိုးတုပ်ကာ ကမ္ဘာအေးဘုရားလမ်း ဘေးက တိုင်းရုံး စစ်ကြောရေး ကို ခေါ်သွားပါတယ်။
အဲဒီစစ်ကြောရေးမှာ ၆ရက်ကြာ ရိုက်နှက်စစ်ဆေးခံခဲ့ရပြီး နောက်၊ရွှေပြည်သာစစ်ကြော ရေးကို ထပ်မံဖြတ်သန်းရပါတယ်။
“ရိုက်ရင်း ရိုက်ရင်း လူကထုံပြီးနာရကောင်းမှန်းကို မသိတော့ဘူးဗျ။မျက်နှာကလည်း သေနတ် တွေနဲ့ အရိုက်ခံထားရတော့ သွေးတွေကလည်း ဆက်တိုက်ကိုစီးကျနေတာ။အဲဒီသွေးကိုပဲရေပြန်သောက်ခဲ့ရတယ်”လို့ကိုစစ်မင်းနိုင်ကပြောပါတယ်။သူ့ကို ရိုက်နှက် နှိပ်စက်ညှင်းပန်းပြီးတော့မှစစ်ကောင်စီက ဖမ်းမိတယ်ဆိုပြီး ဓါတ်ပုံရိုက်ပြီး ဝါဒဖြန့်ခဲ့တာဖြစ်ပါတယ် ။
ပထမဆုံးဖမ်းဆီးခံရသူနဲ့ ကိုစစ်မင်းနိုင် တို့ ရွှေပြည်သာစစ်ကြော ရေးကို ရောက်လာပြီး နှစ်ပါတ်အကြာမှာ နောက်ထပ်သပိတ်အဖွဲ့ဝင်တဦးနဲ့အတူ အတူနေရဲ ဘော်တဦးထပ်မံဖမ်းဆီးခံလိုက်ရပါတယ်။ ဒီလိုနဲ့ ထီးသပိတ်အဖွဲ့ဝင် ၄ ဦးအထိအဖမ်းခံခဲ့ရပြီး ၂ ဦးပဲလွတ်မြောက်ခဲ့ပါတယ် ။
စစ်ကြော ရေးမှာ ရက်၆၀ ကျော် ဖြတ်သန်းရပြီး မရမ်းကုန်းမြို့နယ်ရဲစခန်းမှာ နိုင်ငံ တော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅နဲ့ ထောင်ဒဏ်၃နှစ်ချကာ အင်းစိန် ထောင်ကိုပို့ လိုက်ပါတယ်။ အင်းစိန် ထောင်အတွင်းမှာလည်း နိုင်ငံ ရေးအကျဉ်းသား တွေဖြစ် နေလို့ဆိုပြီး ပုံမှန်ထပ်ပိုတဲ့ ဖိနှိပ်မှုတွေခံရပြန်ပါတယ်။
စစ်ကြောရေးဒဏ်ရာတွေနဲ့ ရောက်လာတဲ့ ကိုစစ်မင်းနိုင်တို့ဆေးကုသခွင့်မရဘဲအကိုက်အခဲ ပျောက် ဆေးတမျိုးတည်းနဲ့ သာကုသခဲ့ရတယ်လို့ဆိုပါတယ်။အင်းစိန် ထောင်ထဲမှာ ကိုစစ်မင်းနိုင် နေခဲ့ရတာက ကြိုးတိုက်ရဲ့ တခန်း ကျော်မှာပါ။
တခုခု အသွားအလာလုပ်ပါက ကြိုးတိုက် ဘေးကိုဖြတ်သွားရပါတယ်။မနက်တိုင်း ဒီကြိုးတိုက်ဟာ တရားစာဖွင့်ထား လေ့ရှိပါတယ်။ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာ သော်အပါအဝင် နိုင်ငံ ရေးအကျဉ်းသား ၄ ဦးစီရင် ခံရတဲ့နေ့ တွေရောက်ရင် အကျဉ်းသား တွေအားလုံး နာကျည်း၊ခံပြင်းရတယ်လို့ဖွင့်ဟပါတယ်။
အကျဉ်းထောင်ထဲမှာနိုင်ငံရေးလှုပ်ရှားမှုနဲ့ ထောင်ဒဏ်နှစ်ရှည်လများစွာကျ နေသူတွေ ရှိပါတယ်။
ကိုစစ်မင်းနိုင်နဲ့ ယခင်က သပိတ်တွေမှာ အတူတူ လုပ်ကိုင်ဖူးသူ မိတ်ဆွေ တဦးလည်း ထောင်ဒဏ်တသက်နဲ့သေဒဏ်ကျနေပါတယ်။
ဒီလူတွေရဲ့ တခုတည်းသော မျှော်လင့်ချက်ဟာ တော်လှန်ရေးပဲလို့ ကိုစစ်မင်းနိုင်ကပြောပါတယ်။
“နိုင်ကျဉ်းတိုင်းက အထဲက လူတွေရဲ့ မျှော်လင့်ချက်ကတော်လှန်ရေးပဲဗျ။ဒီတော်လှန်ရေး ဘယ်လောက်အထိ ခရီးရောက် နေပြီလဲ။ဘယ်လောက်အထိ နီးစပ် မှုရှိပြီလည်းဆိုတာ အဓိက မျှော်ကြတာပေါ့နော််”လို့ ကို စစ်မင်းနိုင်က ဆက်ပြောပါတယ် ။
အကျဉ်းထောင်ထဲကို ရောက်ပြီးတဲ့အချိန် ၂၀၂၃ခုနှစ်မှာ ပြင်ပမှာ ၁၀၂၇ စစ်ဆင်ရေးစတင်လာပါတယ်။အဲဒီအချိန်မှာ စစ်ကောင်စီဝါဒဖြန့်မီဒီယာက ပြသတဲ့သတင်းအချို့ကိုသာကြည့်ခွင့်ရပြီသတင်းတွေကို ပြောင်းပြန် ပြန်တွေးကာကျေနပ်ခဲ့ ရတယ်လို့ ကိုစစ်မင်းနိုင်က ပြောပြပါတယ်။
“အကုန်လုံးက ကိုယ့်တကိုယ်ရည်စာနဲ့ဆိုရင် ဒါရက်ကလေးတွက်ပြီး မျှော်မှန်းလို့ရတယ်။ဒါပေမယ့် အားလုံးသိပြီးကြတာ တခုက ငါတို့အားလုံး အတူတူလွတ်ဖို့ဆိုတာ ဒီတော်လှန်ရေး အပေါ်မှာပဲမူတည်တာ”လို့သူကဆက်ပြောပါတယ်။
၁၀၂၇စစ်ဆင်ရေးမှာ ဘယ်နေရာတွေ တော့သိမ်းလိုက်ပြီ ဘယ် နေရာ တွေတော့ ရလိုက်ပြီဆိုတာ အထဲကလူ တွေအတွက် တော့ အားတခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အကျဥ်းထောင်ထဲမှာ ၂ နှစ်ကျော်နေထိုင်ရပြီးနောက်၂၀၂၄ခုနှစ်၊ဒီဇင်ဘာလမှာ ကိုစစ်မင်းနိုင်ပြန်လည် လွတ် မြောက်လာပါတယ်။နေအိမ်မှာ ခဏနေပြီး နောက်အခုဆိုရင် သူဟာ လွတ် မြောက် နယ်မြေတခုကို ရောက်ရှိနေပြီး Clean Yangonအဖွဲ့နဲ့အတူ စစ်ရှောင်ကလေးငယ်ကူညီ ရေးလုပ်ငန်း တွေလုပ်ကိုင် နေပါတယ်။
အကျဉ်းထောင် ထဲမှာ ၃နှစ်အကြာ ဖြတ်သန်းခဲ့တဲ့ ကိုစစ်မင်းနိုင်က “တော်လှန်ရေး အရွေ့ကအခုဆိုရင် အချိန်တခုလည်းကြာလာပြီ။အချိန်တခုကြာလာတာနဲ့အမျှအထဲကနိုင်ကျဉ်းတွေဆိုရင် ထိခိုက်မှု တွေ စိတ်ဓာတ်ကျမှု တွေကပိုကြုံရတယ်ဗျ။တကယ်သာ ဒီတော်လှန်ရေး က စည်းစည်းလုံးလုံးမရှိဘူးဆိုရင် ဒီထပ်ပိုကြာသွားနိုင်တယ်။ပိုကြာသွားရင် အထဲမှာ စိတ်ဓာတ်ကျမှု တွေက ပိုဆိုးလာနိုင်တယ်”လို့ ကိုစစ်မင်းနိုင်ကပြောပါတယ်။
ဒီနေ့ဟာ ဩဂုတ်လ၈ ရက်နေ့ ။ကမ္ဘာ့သိ မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံနှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။ဒီကာလရောက်ရင် တော့ ၂၀၂၂ ကလုပ်ခဲ့တဲ့ ရှစ်လေလုံးထီးသပိတ် လုပ်ခဲ့ချိန်ကိုသူပြန်ပြောင်းသတိရလာပါတယ်။သပိတ်လှုပ်ရှားမှု ကြောင့်ဖမ်းဆီးရိုက်နှက်ခံခဲ့ရပေမယ့် ပြည်သူလူထုဆီထိရောက်တဲ့ လှုပ်ရှားမှု ပြုလုပ်နိုင်ခဲ့တာ ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်ကို နောင်တမရဘူးလို့သူကပြောပါတယ်။
ရှစ်လေးလုံး ထီးသပိတ်ရဲ့ ထင်ရှားပြတ်သားတဲ့ပုံရိပ်တွေကို ပြည်သူတွေဆီပို့ပေးခဲ့တဲ့ကိုစစ်မင်းနိုင်က နွေဦးတော်လှန်ရေးဟာ အကျဥ်းထောင်ထဲကနိုင်ငံရေးအကျဥ်းသားတွေ ၊ မျိုးဆက်သစ်လူငယ်တွေ ၊တိုင်းပြည်အနာဂါတ်အတွက် အလွန်တရာအရေးကြီးလှတာမို့ ပြည်သူတွေကိုရော ၊တော်လှန်ရေးအင်အားစုတွေကို အောက်ပါအတိုင်း သတင်းစကားပါးလိုက်ပါတယ် ။
“ကျွန် တော်တို့က အစုအဖွဲ့အစိုးရတခုကို တွန်းလှန် နေတာ မဟုတ်ဘူး။အာဏာရှင် ယန္တယားကို တော်လှန်နေတာ။ကျွန်တော်တို့လက်ထက်မှာပဲ ဒီဟာကြီးကို အဆုံးသတ်ချင်ပြီ။ဒီအချိန်မှာ ထောက်ပို့လုပ်နိုင်သူက လုပ်နေတယ်။တကယ့်မြေပြင်မှာ တွန်းလှန်သူကလည်းတွန်းလှန်နေကြတယ်။ဆိုတော့ စသဖြင့် အကုန်လုံး လုပ်နေကြတဲ့ခြေအနေ ပေါ့နော် ။အဲဒီအခြေအနေမှာအချင်းချင်းစည်းစည်းလုံးလုံးနဲ့ အားတင်းထားနိုင်ဖို့ ၊ဆက်သွားနိုင်ဖို့ပဲ ပြောချင်ပါတယ်” ။ ။





















































