သြဂုတ်-၉၊၂၀၂၅။လူအေး/People’s Spring
စစ်ကောင်စီက ကျောက်ဖြူမြို့နယ် ၊မင်းပြင်ရွာမှ စာသင်ကျောင်းများ နှင့် ဘုန်းကြီးကျောင်းများကို ဗုံးကြဲခဲ့ကြောင်း ဒေသခံများကပြောသည်။
တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကဩဂုတ်လ ၈ ရက်ည ၁၁ နာရီ ၁၃ မိနစ်နှင့် ည၁၁ နာရီ ၁၆ မိနစ်တို့တွင် ဂျက်ဖိုက်တာဖြင့်မင်းပြင်ရွာမှ အထက်တန်းကျောင်းနှင့် ဘုန်းကြီးကျောင်းကို ဗုံးနှစ်လုံးကြဲခဲ့သည်ဟုဒေသ ခံတစ်ဦးကပြောသည်။
“လက်ရှိမှာ AAဘက်က ထိုးစစ်တွေရပ်ထားတဲ့အနေအထားဖြစ်ပါတယ်။ စစ်ကောင်စီက AAထိန်းချုပ်ထားတဲ့ ရွာတွေကို စစ်ကြောင်းထိုးနေပြီး ဘုန်းကြီးကျောင်းတွေစာသင်ကျောင်းတွေကိုပစ်မှတ်ထားပြီးတော့ဗုံးကြဲတာတွေတောက်လျှောက်လုပ်နေတယ်။ မလုပ်ဖို့တောင်းဆိုလည်း အရာမထင်ပါဘူး”ဟုကျောက်ဖြူမြို့ခံတဦးကပြောသည်။လတ်တလောတွင် အာရက္ခတပ်တော်က ကျောက်ဖြူမြို့နယ်တွင်ထိုးစစ်ရပ်ထားပြီစစ်တပ်ကထိုးစစ်ဆင်လာလျင်သာခုခံတိုက်ခိုက်နေသည်ဟုဒေသခံအချို့ကပြောသည်။

Public Service Announcement
မင်းပြင်ရွာတွင် အိမ်ခြေ ၄၀၀ ခန့်ရှိသည်။ စစ်ကောင်စီကဗုံးနှစ်လုံးကြဲမှုကြောင့် စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများပျက်စီးသည်ကို ဒေသခံသတင်းဌာနအချို့ကဖော်ပြသည်။သို့သော်လူထိခိုက်မှုရှိ၊မရှိမသိရသေးပေ။သြဂုတ်၉ ရက်နေသည့် ဗုဒ္ဓဘာသာဝင်များ ဥပုဒ်သီတင်းသီလဆောက်တည်ကြသော ဝါခေါင်လပြည့်နေဖြစ်ပြီး လပြည့်မတိုင်ခင်ညပိုင်း၌ ဘုန်းကြီးကျောင်းကိုစစ်တပ်က ဗုံးကြဲခြင်းဖြစ်သည်။
စစ်ကောင်စီက ဇူလိုင်လ ၂၃ ရက် နှင့် ဇူလိုင်လ ၃၀ရက်တွင်လည်းကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာဘုန်းကြီး ကျောင်း နှင့် မင်းရပ်တိုက်နယ်၊သဒွတ္ထိန်ရွာ ဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့သည့်ဇူလိုင်လ၂၃ရက်နေ့ကဗုံးကြဲတိုက်ခိုက်မှုတွင် သံဃာတော်တစ်ပါးဒဏ်ရာရခဲ့ပြီးအဆောက်အအုံအချို့ပျက်စီးခဲ့သည်။
AAသည် ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်၍ အရှိန်မြှင့်ခဲ့သည်။ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းများကို သိမ်းယူနိုင်သည်အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ရက်က ငလျင်ကြောင့် အပစ်ရပ်ထားစဉ် စစ်ရေးအရှိန်လည်း လျော့ကျသွားခဲ့သည်။ သို့သော် စစ်ကောင်စီက လေကြောင်းမှ အင်အားဖြည့်ပြီး AAရှိသည့်နေရာများကို စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ ဆက်ဖြစ်နေသည်။
ပြီးခဲ့သည့်မေလနှင့် ဇွန်လကတိုက်ပွဲများတွင် ကျောက်ဖြူမြို့တွင်တာဝန်ကျနေသည့်တပ်မ(၁၁)နည်းဗျူဟာမှူးဗိုလ်မှူးချုပ်ကျော်မျိုးအောင်နှင့် မြစ်ကြီးနားမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၂၁၁) ဒုတိယတပ်ရင်းမှူးဗိုလ်မှူးဝင်းသန့်တို့ AA၏ စနိုက်ဘာထိမှန် သေဆုံးခဲ့သည်။
စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းအများအပြားဖြင့်ဖြည့်တင်းခြင်း ၊ဒရုန်းများဖြည့်တင်းပြီး စစ်ကြောင်းထိုးနေသဖြင့် AAတပ်ဖွဲ့ဝင်များကခုခံတိုက်ခိုက်မှုများရှိသည်။ စစ်မြေပြင်တွင် AA ထံ အလင်းဝင်လာသူများ ရှိနေသည်။ဇူလိုင် ၃၁ရက်တွင် AAထံ အလင်းဝင်လာခဲ့သည့် တပ်သား မောင်မောင်ဝင်းက စစ်ကောင်စီသည် စစ်မှုထမ်းသင်တန်းဆင်းများအား တိုက်ပွဲအတွင်းရှေ့တန်းမှတက်ခိုင်းသလို သေဆုံးသည့်စစ်မှုထမ်းတပ်သားသစ်များကိုလည်း အပြီးစလွယ်မြေမြှုပ်ခဲ့သည်ဟုပြောသည်။
တိုက်ပွဲသတင်းများကို AAက အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသော်လည်း စစ်ကောင်စီ၏ထိုးစစ်များကို ခုခံနေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ပြီးခဲ့သည့် ဧပြီလ ၅ရက်က နောက်ဆုံး ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်မှ AAထိန်းချုပ်ထားသည့်မြို့နယ်များကို လေကြောင်းမှ မကြာခဏ ဗုံးကြဲနေသဘ်။ ဩဂုတ်လ ၉ရက်နံနက်အစောပိုင်းကလည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာကို ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခဲ့ကြောင်းသတင်းရရှိသည်။ လတ်တလောသတင်းများအရ ထိခိုက်မှုမရှိကြောင်းသိရသည်။
ထွန်းရဝေကျေးရွာကို ပြီးခဲ့သည့် မေလ ၁၃ရက်နေ့တွင်လည်း စစ်တပ်ကဗုံးကြဲခဲ့ရာ အရပ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရခဲ့သည်။






















































