နိုဝင်ဘာ-၁၊၂၀၂၆။ခိုင်မြတ်/People’s Spring
စစ်ဘေးရှောင်ဒုက္ခသည်တွေနေထိုင်တဲ့ ပေါက်တောမြို့ပေါ်နဲ့ ပေါက်တောမြို့နယ် ရွာချောင်းကြီးရွာထဲကို အာဏာ သိမ်းစစ်တပ်က ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးအလုံး ၃၀ ကျော် ကြဲချခဲ့တာကြောင့်ပြည်သူ ၁ ဦး သေ ဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁ ရက်မနက်အစောပိုင်း၄နာရီခန့်အချိန်မှာ ပေါက်တောမြို့ပေါ်ကို ဗုံးအလုံး ၂၀ နီးပါး၊ ရွာချောင်း ကြီးရွာထဲကိုအလုံး ၁၀ ကျော်၊ စုစုပေါင်း ဗုံးအလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာပါ။
“ရွာချောင်းကြီးကိုချတာခြောက်လုံးလောက်ရှိမယ်။အသံတွေ အရမ်းကြောက်ဖို့ကောင်းတယ်။အနီးကပ်ကြားရတာ။အိမ်တွေတော်တော်ပါသွားတယ်။ ဘုန်းကြီးကျောင်းဝန်းကျင်ကို ချတာ။ ငါးယောက်လောက် ဒဏ်ရာရတယ်။ အဘိုးတယောက်က ဒဏ်ရာပြင်းလို့ သေသွားတယ်” လို့ ရွာချောင်းကြီးကျေးရွာမှ ရွာသားတဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးသွားသူဟာ ရွာချောင်းကြီးရွာမှ အသက် ၇၀ အရွယ် ဦးဒါအောင်ကျော်ဖြစ်ပြီး ဒဏ်ရာရသွားသူတွေကတော့ ၆ နှစ်အရွယ် မဆန်းနွယ်ဦး၊ ၁၄ နှစ်အရွယ် မမငယ်၊ ၂၄ နှစ်အရွယ် ဒေါ်မေဦးခင်၊ ၃၅ နှစ်အရွယ် ဒေါ်မစောတင်တို့ဖြစ်ပါတယ်။
ဒေါ်မစောမှာ ဘယ်ဖက်ပေါင်ရင်းပြတ်ထွက်ဒဏ်ရာ၊ ဒေါ်မေဦးခင်မှာ ဘယ်ဖက်ပေါင်ရင်း၊ ဝမ်းဗိုက်နဲ့ ညာဖက် ခြေ သလုံး ပြတ်ထွက် ဒဏ်ရာ၊ မဆန်းနွယ်ဦးမှာ ဘယ်ဖက်လက်ဖျံပြတ်ထွက်ဒဏ်ရာနဲ့ မမငယ်မှာ ဘယ်ဖက်ရင်သား ပြတ်ထွက်ဒဏ်ရာအသီးအသီးရခဲ့ကာ ဒဏ်ရာပြင်းထန်ကြတယ်လို့ ဆိုပါတယ်။
အဲဒီဒဏ်ရာရသူတွေထဲမှာ ပေါက်တောမြို့ပေါ်ကနေ ရွာချောင်းကြီးမှာ လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် တွေလည်း ပါဝင်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပေါက်တောမြို့နယ်ငပြီကျွန်းကမ်းတက်တိုက်ပွဲနဲ့ စစ်တွေမြို့နယ်အတွင်းက တိုက်ပွဲတွေ မှာ အထိနာအကျအဆုံးများပြီး တပ်စခန်းတွေ လက်လွှတ်နေရချိန် အခုလို အရပ်သားလူနေကျေးရွာတွေကိုပါ မချန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်တပ်ဟာ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပေမယ့် ကမ်းပေါ်က စစ်တပ်ခြေကုတ်နေရာအားလုံးကို အာရက္ခတပ် တော်(AA)က အပြီးပြတ်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၃ ခုထက်မနည်းကိုလည်း သိမ်းပိုက်ထားပါတယ်။ဒါ့အပြင် စစ်တွေတိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်သင်္ဘော ၅ စီးထက်မနည်းဟာလည်း AA ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်၊ ပျက်စီးခဲ့ပါတယ်။
ပေါက်တောမြို့နယ်အတွင်းက ရွာချောင်းကြီးအပြင် လက်ပံပြား၊ မနော်သီရိ၊ အ၀ကန်၊ သဝင်ချောင်း၊ ကြိမ်ခွေမော်၊ တောင်းဖူးစတဲ့ကျေးရွာတွေကို စစ်တပ်က ဗုံးကြဲထားပြီး အရပ်သား ဆယ်ချီ သေဆုံး၊ ဒဏ်ရာရခဲ့ပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၁ ရက်နေ့ထိ နှစ်လနီးပါးအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံပြည်သူ ၁၀၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၈၆ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။




















































