နိုဝင်ဘာ – ၁၊၂၀၂၆ /People’s Spring
မြန်မာနိုင်ငံတောင်ပိုင်း ၊ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊လောင်းလုံးမြို့နယ် ၊ကဒက်ငယ်ထိန်ရွာမှာပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကရေကြီး၊ တောင်ပြိုမှုတွေကြောင့် ပျောက်ဆုံးခဲ့တဲ့ ဒေသခံနှစ်ဦးရဲ့ ရုပ်အလောင်း တွေကိုရှာတွေ့ခဲ့တယ်လို့ ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ က အသိပေးထားပါတယ်။
မနေ့( အောက်တိုဘာ ၃၁ ရက် ) နဲ့ ဒီနေ့ (နိုဝင်ဘာလ ၁ ရက် ) မှာ နှစ်ရက်ဆက်တိုက် အမျိုးသား နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ခဲ့တာပါ။
“မိသားစုဝင်တွေရဲ့အကူညီတောင်းခံမှုအရ ပျောက်ဆုံးနေတဲ့သူနေထိုင်သွားလာတက်တဲ့နေရာတွေကိုခန့်မှန်းပြီး ရှာဖွေရေးလုပ်ဆောင်ခဲ့ကြတာပါ “လို့ လူမူကူညီရေး လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement
ဒီနေ့ မှာ ရှာတွေ့တဲ့ အမျိုးသားအလောင်းဟာ ဦးကျော်ဆန်းရဲ့ အလောင်းဖြစ်ကာ သဘာဝဘေးမှာ တစ်အိမ်တည်းမိသားစုဝင်သုံးဦးလုံး ဆုံးပါးခဲ့ရတာဖြစ်ပြီး သမီးဖြစ်သူအလောင်းကိုတွေ့ခဲ့တဲ့နေရာနဲ့ မနီးမဝေးမှာ ရှာတွေခဲ့တာပါ။
ရှာတွေ့ချိန်မှာတော့ အရိုးစုသာကျန်တော့တာလို့ ကဒက်ငယ်ထိန် တောင်ပြိုဘေးကူညီကယ်ဆယ်ရေး အဖွဲ့က အသိပေးထားပါတယ်။
ကဒက်ငယ်ထိန်ရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရေကြီးမှုနဲ့ မြေပြိုမှုကြောင့် ဒေသခံ ၁၅ ဦး ပျောက်ဆုံးခဲ့ပြီး လတ်တလောအထိတော့ ၁၄ ဦးရဲ့ ရုပ်အလောင်း တွေကို ရှာတွေ့ထားပါတယ်။
တစ်ဦးကတော့ ပျောက်ဆုံးနေဆဲပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ထားဝယ်ဒေသမှာ မိုးကြီးပြီး တောင်ပြိုကျတာနဲ့ ရေဘေးလို ကပ်ဘေးကိုကြုံခဲ့ရတာပါ။ တောင်ပြိုကျပြီး နေအိမ်တွေ မြေသားတွေပိကာ လူအသေအပျောက်ရှိခဲ့တာပါ။
အဲဒီကပ်ဘေးမှာ ထားဝယ်ဒေသတစ်ခုလုံးမှာ လူ ၃၀ ကျော် သေဆုံးပြီးအဆောက်အဦးပေါင်း ၂၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်တော်လှန်ရေးအဖွဲ့အစည်းတွေစုစည်းထားတဲ့ ထားဝယ်အမျိုးသားအဖွဲ့က ထုတ်ပြန်ထားပါတယ်။




















































