Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုက ပြည်သူအပေါ် အကြမ်းဖက်တာရပ်၊မရပ် အပါအဝင် အချက် သုံးချက်ဖြင့် မြန်မာ့အရေးတိုးတက်မှုရှိ၊မရှိတိုင်းတာဖို့ SCEF ကနိုင်ငံတကာကို သတင်းစကားပါး

နိုင်ငံတကာပါလီမန်က CRPHကို ဆက်အသိအမှတ်ပြုတာ၊ ကုလမှာ စစ်အုပ်စုကိုယ်စားပြုခွင့်မရတာ၊ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်မရတာတွေနဲ့ စစ်အုပ်စုလိုချင်တဲ့ အသိအမှတ်ပြုမှု ရ၊မရ တိုင်းတာနိုင်ဟုဆို

(NUG ရဲ့နိုင်ငံခြား​ရေးဝန်ကြီးလည်းဖြစ် ၊SCEF ရဲ့အတွင်းရေးမှူး အဖွဲ့ဝင်လည်း ဖြစ်သူ ဒေါ်ဇင်မာအောင် အပါအဝင် SCEF တာဝန်ရှိသူ​တွေက သြစ​တြေးလျ နိုင်ငံခြား​ရေးဝန်ကြီးနဲ့ ​တွေ့ဆုံစဥ်။ဓါတ်ပုံ-SCEF)

နိုဝင်ဘာ-၁၊၂၀၂၆။ထားမြတ်/People’s Spring

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တိုးတက်မှုတွေအကြောင်း ပြောမယ်ဆိုရင် စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ခြင်းရှိမရှိ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းရှိမရှိနဲ့ လူသားခြင်းစာနာမှုအကူအညီတွေ ခွဲခြားဆက်ဆံမှုမရှိ အတားအဆီးမရှိဘဲရောက်၊မရောက်အခြေအနေတွေအပေါ် တိုင်းတာဖို့ လိုအပ်ကြောင်း နိုင်ငံတကာကို သတင်းစကားပါးထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

စစ်အုပ်စုခေါင်းဆောင်ရဲ့ နိုင်ငံခြားရေးခရီးစဉ်တွေဖြစ်ပေါ်လာခဲ့ပြီးနောက် တော်လှန်ရေးရဲ့ နိုင်ငံခြားရေးမျက်နှာစာအပေါ်မှာ စိုးရိမ်နေမှုများ ရှိနေတဲ့အပေါ် NUGနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စုတရားဝင်မှုမရရေး ရည်မှန်းချက်ထား လုပ်ဆောင်နေတဲ့ အခြေအနေတွေကို ဝန်ကြီးက အခုလို ရှင်းပြတာပါ။

နိုင်ငံတချို့ရဲ့ အကျိုးစီးပွားကို အခြေပြုတဲ့ဆက်ဆံမှုတွေကနေ တဆင့်စစ်အုပ်စုအတွက် အထောက်အပံ့ဖြစ်လာနိုင်တယ်ဆိုတာကို ကောင်းစွာနားလည်ထားပြီး အဲဒီအပေါ် ဘယ်လိုတုန့်ပြန်နိုင်မလဲ တားဆီးနိုင်မလဲဆိုတာတွေ ဆွေးနွေးဆောင်ရွက်မှုရှိသလို နိုင်ငံတကာကို သတင်းစကား ပြောကြားတာတွေရှိတယ်လို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။ ဒီလို သတင်းစကား ပြောကြားရာမှာ NUG အနေနဲ့သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ပါ သတင်းစကား ပြောကြားတာတွေ ရှိခဲ့တယ်လို့ ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

SCEFဟာ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ အခုနှစ်မတ်လမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်အုပ်စုကို နိုင်ငံရေး၊ စစ်ရေး အပါအဝင် ဘက်ပေါင်းစုံက တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။

“ကျမတို့ရဲ့ နိုင်ငံတကာ တွေ့ဆုံမှုတွေ ဆွေးနွေးမှုတွေ ကျမတို့ အချင်းချင်းအကြားက ညှိနှိုင်းမှုတွေဟာ ပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရှုထောင့်အရကြည့်မယ်ဆိုရင် လိုအပ်တဲ့ အကူအညီတွေကိုခွဲခြားဆက်ဆံမှုမရှိဘဲရောက်ရှိနိုင်ဖို့ကျမတို့ရဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တော်လှန်ရေး ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပံ့ပိုးမှုတွေ အဖြစ် အပြောင်းအလဲတွေ ရရှိနိုင်အောင် ဖော်ဆောင်နိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်တယ်” လို့ SCEF ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်လည်း ဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

နိုင်ငံတကာ မျက်နှာစာလို့ပြောရင် ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေး၊ စစ်ရေး ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပါ မဟာဗျူဟာကျကျ ပေါင်းစပ်ညှိနှိုင်း ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ကြောင်း အသိပေးပါတယ်။

“အာဆီယံအပါအဝင်နိုင်ငံတကာမိတ်ဖက်တွေကိုလည်း ကျမတို့ ရှင်းရှင်းလင်းလင်း ပြောလိုတာရှိတယ်။ သူတို့ ပြောပြောနေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တိုးတက်မှုတွေဆိုတာက အကြမ်းဖက်စစ်အုပ်စုက အရပ်သားတွေအပေါ်မှာ ပစ်မှတ်ထားပြီးတိုက်ခိုက်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်သွားပြီလား။ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုရော ခွဲခြားဆက်ဆံမှုမရှိ အတားအဆီးမရှိဘဲနဲ့ရောက်နေပြီလား၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ပြီလား။ အနည်းဆုံးဒါတွေနဲ့ တိုင်းတာဖို့ လိုတယ်”လို့ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဒါ့အပြင်အာဆီယံဘုံသဘောတူညီချက် ၅ရပ်ရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုတွေကို တိုင်းတာမယ်ဆိုရင် ခရီးစဉ် တခုနှစ်ခုနဲ့ တိုင်းတာလို့မရကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။

“ဒီလိုခရီးစဉ်တွေကနေတဆင့် စစ်အုပ်စုက နိုင်ငံရေးအရ အမြတ်မထုတ်သွားဖို့ ဒီလို စစ်အုပ်စုက နိုင်ငံရေးအမြတ်ထုတ်နိုင်ခြေရှိတယ် ဆိုတာကိုလည်းပဲ သတိထားကြဖို့ ဒါကိုကျော်လွှားနိုင်ဖို့ ဆိုတာကိုလည်းပဲ နိုင်ငံတကာကို သတင်းစကားပေးလျက်ရှိတယ်” လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားပါတယ်။

နိုင်ငံခြားရေးအခြေအနေတွေကို စစ်အုပ်စုခေါင်းဆောင်ရဲ့ ခရီစဉ်တွေ တွေ့ဆုံပွဲတွေ၊ ဓာတ်ပုံတွေ အပေါ် အခြေခံပြီး အကြမ်းဖက်စစ်အုပ်စုက ဒါမှမဟုတ် အစုအဖွဲ့ တခုက တရားဝင်မှုရသွားပြီ ဆိုပြီး နိုင်ငံတကာက အသိအမှတ်ပြုလိုက်ပြီဆိုပြီး ကံသေကံမ အကဲဖြတ်လို့မရနိုင်ဘူးလို့လည်း NUG နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလအတွင်း NUG အနေနဲ့လည်း နိုင်ငံတကာနဲ့ တွေ့ဆုံမှုတွေ များစွာ ရှိခဲ့ရာ သတင်းထုတ်ပြန်တာရှိသလို မထုတ်ပြန်တာတွေလည်းရှိခဲ့ကြောင်း အသိပေးပါတယ်။

“အဲဒီတော့ နိုင်ငံတကာ ဆက်ဆံရေးမှာက သတင်းထုတ်ပြန်တာ တခုတည်းအပေါ်မှာ ကြည့်ပြီးတော့ တရားဝင်မှုရသွားပြီ ဒါမှမဟုတ်ရင် အသိအမှတ်ပြုမှုရသွားပြီဆိုပြီးတော့တော့ ပြောလို့မရဘူးဆိုတာလေးပေါ့” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

စစ်အုပ်စုက မြန်မာနိုင်ငံနဲ့ မြန်မာလူထုကိုယ်စားပြုခွင့်ကို အတုအယောင်ရွေးကောက်ပွဲ အတုအယောင်လွှတ်တော်တွေကနေ တဆင့် အစားထိုးနိုင်နေပြီလားဆိုတဲ့ မေးခွန်းရှိနေကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် စစ်အုပ်စုကိုယ်တိုင်ရော နိုင်ငံတကာရဲ့ဖိအားတွေ ကျော်လွှားနိုင်ပြီလား မေးစရာရှိတယ်လို့ ဆိုပါတယ်။

“NUG အပါအဝင် ဘက်ပေါင်းစုံ တော်လှန်ရေးဘက်ခြမ်းက ဆောင်ရွက်နေတဲ့ နိုင်ငံခြားရေး သံတမန်ရေးကြိုးပမ်းမှုတွေကကျမတို့ တော်လှန်ရေးနဲ့ ကျမတို့ ပြည်သူလူထုအတွက် ဘယ်လိုလက်တွေ့ အထောက်အပံ့တွေဖြစ်လာသလဲဆိုတာနဲ့ တိုင်းတာရမယ်လို့မြင်တယ်။” လို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။

စစ်အုပ်စုကို အသိအမှတ်မပြုဖို့ တော်လှန်ရေးဘက်ခြမ်းက အင်စတီကျူးရှင်းတွေကို တရားဝင်မှု ပေးဖို့ ဆိုတာ ပန်းတိုင်ဖြစ်ကြောင်းသူကဆိုပါတယ်။

“စစ်အုပ်စုရဲ့ နိုင်ငံရေး၊ စစ်ရေး သံတမန်ရေးချဉ်းကပ်ပုံတွေ ပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေ ပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေ ပြောင်းလဲလာတာနဲ့အမျှ ကျမတို့ရဲ့ အခု ၂၀၂၆ ခုနှစ်အတွက် နိုင်ငံခြားရေးကဏ္ဍရဲ့ ရည်မှန်းချက်က အကြမ်းဖက်စစ်အုပ်စုကနေ ပေါ်ထွန်းလာတဲ့ လွှတ်တော်၊ အစိုးရ ဒီနိုင်ငံရေးပရောဆက်တွေကို နိုင်ငံတကာကနေ တရားဝင်မှု မပေးဖို့ အသိအမှတ်မပြုဖို့ ဖြစ်ပါတယ်” လို့ ဝန်ကြီးက ပြောပါတယ်။

အခုနှစ်အတွင်းမှာ နိုင်ငံတကာ ပါလီမန်က အကြမ်းဖက်စစ်အုပ်စုရဲ့ လွှတ်တော်ကို အသိအမှတ်မပြုဘဲ CRPHကိုပဲ နိုင်ငံတကာပါလီမန်က ဆက်သွယ်ဆောင်ရွက်ရမယ့်သူအဖြစ် ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ် ကြောင်း ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂမှာ စစ်အုပ်စုကိုယ်စားပြုခွင့်ရနေပြီလားလို့ ဝန်ကြီးက မေးခွန်းထုတ်ကာ ပြည်သူ့ဘက် ရပ်တည်နေတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ ကိုယ်စားပြုမှု အခြေအနေ ကို ပြောပြပါတယ်။

အာဆီယံမှာလည်း စစ်အုပ်စုက နိုင်ငံရေးကိုယ်စားပြုခွင့်နဲ့ အာဆီယံထိပ်သီးကို အတုအယောင်သမ္မတက တက်ရောက်ခွင့်ရပြီလား မရဘူးလား ဆိုတာနဲ့ တိုင်းတာဖို့လိုအပ်ကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှ ချမှတ်ရန်ရှိတဲ့ စီရင်ချက်နဲ့ စစ်အုပ်စု ကာလရှည်ကြာ အကျိုးခံစားနေတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်နိုင်ဖို့ အားထားမျှော်မှန်းလျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

သတင်း

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လာမယ့်နိုဝင်ဘာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆွေးနွေးမှုတွေကို မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ဒေသတွေမှာပျက်စီးသွားတဲ့စပါးခင်းတွေအတွက် စစ်​ကောင်စီကပြန်လည်ထောက်ပံ့တဲ့ မျိုးစပါးတွေ အရည်အသွေးညံ့ပြီး ပျိုးမ‌အောင်တဲ့အတွက်​ရေ​ဘေးသင့်​တောင်သူ​တွေ ဆုံးရှုံးမှုတွေထပ်မံကြုံတွေ့ရတယ်လို့ဒေသခံတောင်သူလယ်သမားတွေကပြောပါတယ်။

သတင်း

စစ်အုပ်စုဖွင့်ထားတဲ့ CI စခန်းလာလုပ်သူမရှိဟုဆို