သြဂုတ် -၃၀၊ ၂၀၂၅/People’s Spring
မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတဦး လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ဘက်ပူးပေါင်းပြီး အလင်းဝင်လာတယ်လို့ Chauk Revolution Army-CRA မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ချောက်မြို့နယ်၊ ကုန်းကြီးပျူရွာမှ ပျူစောထီးအောင်ကျော်စန်းဆိုသူဟာ သြဂုတ် ၁၀ရက်နေ့မှာ Chauk Revolution Army-CRA ထံ ဆက်သွယ်အလင်းဝင်လာတာဖြစ်ပြီး ၎င်းနဲ့အတူ MA2(စက်ကလေး) ၁ လက်၊ ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၁၄၅ တောင့် ယူဆောင်လာတယ်လို့ သိရပါတယ်။
ဒါကြောင့် လက်နက်ခဲယမ်းတွေယူပြီး ပြည်သူဘက်ပူးပေါင်းလာတဲ့ ပျူစောထီး အောင်ကျော်စန်းကို CRA က ဆုကြေးငွေအဖြစ် ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ CRA က အသိပေးပါတယ်။

Public Service Announcement
“သူ့ညီအရင်းက စစ်ကိုင်းဘက်က PDF အဖွဲ့တစ်ခုထဲမှာပါဗျ။ သူညီနဲ့အတူ ဆက်လက်တိုက်ပွဲဝင်မယ်လို့ ပြောသွားပါတယ်။ အဲဒီဘက်ကို ပို့လိုက်ပါပြီ”လို့ Chauk Revolution Army-CRA မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေထဲ Chauk Revolution Army-CRA ထံ ဆက်သွယ်ပြီးအလင်းဝင်လာသူ ၃ ဦးရှိပြီဖြစ်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်ဝင်လာသူကတော့ ပျူစောထီးအောင်ကျော်စန်းဟာ ပထမဆုံးဖြစ်တယ်လို့ CRA ထံက သိရပါတယ်။
ကိုအောင်ကျော်စန်း လက်နက်နဲ့အတူ ထွက်ပြေးလာတဲ့ ကုန်းကြီးကျေးရွာဟာ ပျူစောထီးအင်အားကောင်းပြီး အင်အား ၇၀ ခန့်ရှိတယ်လို့သိရပြီး အဲဒီရွာဟာ ချောက်မြို့နဲ့ ၁၂ မိုင်ဝန်းကျင်အကွာမှာ တည်ရှိပါတယ်။

















































