Connect with us

Hi, what are you looking for?

သတင်း

မကွေးတိုင်းအတွင်း တိုက်ပွဲများ၌ ကပစမှ အင်အားများ စစ်ကောင်စီ ပိုထုတ်သုံးလာ

မကွေးတိုင်း၊ မင်းလှမြို့နယ်နှင့် ပုသိမ်-မုံရွာလမ်းပိုင်း၌ တိုက်ပွဲများဆက်ဖြစ်နေပြီး စစ်ကောင်စီက ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှ တပ်ဖွဲ့ဝင်များကို ယခင်ကထက် ပိုထုတ်သုံး၍ စစ်ကြောင်းထိုးနေကြောင်းသတင်းရရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံချေမှုန်းလျက်ရှိသော AA တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - AA

စက်တင််ဘာ-၁၉၊ ၂၀၂၅။ လူအေး/People’s Spring

မကွေးတိုင်း၊ မင်းလှမြို့နယ်နှင့် ပုသိမ်-မုံရွာလမ်းပိုင်း၌ တိုက်ပွဲများဆက်ဖြစ်နေပြီး စစ်ကောင်စီက ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှ တပ်ဖွဲ့ဝင်များကို ယခင်ကထက် ပိုထုတ်သုံး၍ စစ်ကြောင်းထိုးနေကြောင်းသတင်းရရှိသည်။

မင်းလှမြို့နယ်မှ ကပစ (၂)၊ ကပစ(၁၀)၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ကပစ(၈)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြင်ပသို့ထုတ်၍ စစ်ကြောင်းထိုးနေခြင်းဟု အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Upper Minhla PDF)နှင့် နီးစပ်သူတစ်ဦးကပြောသည်။

၎င်းက “မူလရှိတဲ့စစ်တပ်ရင်းတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေအပြင် ကပစတွေကနေ ထုတ်ပြီး စစ်ကြောင်းထိုးနေတယ်။ အရင်ကလည်း ကပစကကောင်တွေ ဖမ်းမိပေမယ့် အခုနောက်ပိုင်း ပိုများလာတယ်”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ဆင်ပေါင်ဝဲ၊ မင်းလှ၊ ငဖဲမြို့နယ်များနှင့် ပုသိမ်-မုံရွာလမ်းပိုင်းနေရာများ၊ နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်၊ အမ်း-ပဒါန်းလမ်းပိုင်းတို့၌ တိုက်ပွဲများဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းမှလည်းတိုက်ခိုက်နေသည်။

ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသော ဧရာဝတီ၊ မကွေး၊ ပဲခူးတိုင်းနယ်စပ်ဒေသများသို့ ရှမ်းပြည်တောင်ပိုင်း မိုင်းပန်အခြေစိုက် စစ်‌ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၇) လက်အောက်ခံတပ်ရင်းများ ဖြစ်သည့် ခမရ(၅၇၄)၊ ခမရ(၅၆၉)၊ ခမရ(၅၇၅)၊ ခမရ(၅၇၇)၊ ခမရ(၅၂၀)၊ ခလရ(၂၉၅) တပ်ရင်းများကိုလည်း စစ်ကောင်စီက ပို့ဆောင်ထားသည်။

ငဖဲမြို့နယ်အတွင်း နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်၌ စက်တင်ဘာ ၇ရက်က ဖြစ်ပွားနေသောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၇၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု အာရက္ခတပ်တော် (AA)က ထုတ်ပြန်ထားသည်။

ထို့အပြင် မင်းလှမြို့နယ်အတွင်း စက်တင်ဘာ ၁ရက်မှ စက်တင်ဘာ ၁၈ရက်အထိ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံးသူ ၃၀ဦးခန့်ရှိပြီး သုံ့ပန်းအချို့လည်းဖမ်းမိထားသည်ဟု အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူကပြောသည်။ ပြီးခဲ့သည့် မတ်လကုန်မှ မေလကုန်အထိတိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၃ဦးထက်မနည်း ဒဏ်ရာရကာ ၂၅ ဦး သေဆုံးခဲ့သည်ဟု အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်းတပ်များက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် သြဂုတ်လ မတိုင်မီက ရခိုင်ပြည်နယ်နဲ့ထိစပ်ဒေသများ၌ တပ်မ(၉၉) လက်အောက်ခံတပ်ရင်းများကို စေလွှတ်ခဲ့သော်လည်း တိုက်ပွဲများ၌ အထိနာပြီးနောက် တပ်မမှူးဗိုလ်မှူးကြီးတင်မောင်ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီက တိုက်ပွဲများအတွင်း တပ်မ(၉၉) လက်အောက်ခံ အမှတ် (၉၉၂)နည်းဗျူဟာအဖွဲ့ကယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်နှင့် ဗျူဟာရုံးအဖွဲ့ဝင် (၁၇)ဦးအပြင် စစ်သုံ့ပန်းအများအပြားကို AAက ဖမ်းဆီးခဲ့သည်။ ထို့နောက် စကခ(၁၇)ကို ထပ်မံပို့ဆောင်ခဲ့ပြီးမြေပြင်ထိုးစစ်များပြုလုပ်နေ၍ တိုက်ပွဲများပြင်းထန်နေသည်ဟု AAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီက တပ်မ(၉၉) လက်ကျန်တပ်ရင်းများ၊ စကခ(၁၇) လက်အောက်ခံတပ်ရင်းများ၊ စစ်မှုထမ်းသင်တန်းဆင်းများအပြင် ကပစမှ အင်အားများကိုပါထုတ်၍ အသုံးပြုလာခြင်းဖြစ်သည်။

“တိုက်ပွဲတွေဆိုတာ ရပ်တယ်လို့မရှိဘူး။ တိုက်ပွဲတွေက မြို့ပေါ်ကိုရောက်မလာသေးပေမယ့် လေကြောင်းနဲ့လက်နက်ကြီးတွေလည်း အမြဲတစေလိုလိုပစ်နေတာလေ။ ဘေးကင်းအောင်ကြံဖန်ပြီးနေရတယ်”ဟု ငဖဲမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်တွင် ကပစစက်ရုံ ၂၅ခုရှိပြီး မကွေးတိုင်းအတွင်း အများဆုံး ၁၅ ရုံ၊ ပဲခူးတိုင်းတွင် ၇ ရုံ၊ နေပြည်တော်(တပ်ကုန်း)တွင် ၂ ရုံနှင့် ရန်ကုန် (တိုက်ကြီး)တွင် ၁ ရုံ ရှိသည်။ မိုင်ပေါင်း ၄၀၀ ကျော် ရှည်လျားသည့် ပုသိမ်-မုံရွာလမ်းဘေးရှိ မကွေးတိုင်း ယောဒေသ ဆော၊ ဂန့်ဂေါမြို့နယ် နှင့်ပေါက်၊ မြိုင်၊ ဆိပ်ဖြူ၊ စေတုတ္တရာ၊ ငဖဲ၊ သရက်၊ မင်းလှ၊ ဆင်ပေါင်ဝဲမြို့၊ ပဲခူးတိုင်းမှ ပန်းတောင်း၊ ပေါက်ခေါင်းမြို့နယ်များတွင် ကပစစက်ရုံ ၂၂ ခုအထိ ရှိသည်။

စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်များသည် ဧရာဝတီတိုင်း-ရခိုင်ပြည်နယ်အစပ် စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်နေရာများ၊ ပဲခူးတိုင်း-ရခိုင်ပြည်နယ်အစပ် နေရာများ၌တိုက်ပွဲများ ဆက်ဖြစ်နေသည်။

စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းများနှင့်အတူပါလာသော စစ်သင်တန်းဆင်းရဲဘော်များအနေဖြင့် စောစီးစွာ အလံဖြူထောင်၊ လက်နက်ချအညံ့ခံလျှင် အသက်ချမ်းသာရာ ရမည်ဖြစ်သောကြောင့် ရှေ့တန်း၌ မည်သည့်နေရာတွင်မဆို လက်နက်ချ၊ အညံ့ခံလိုပါက အချိန်မရွေး လာရောက်နိုင်ကြောင်း AAနှင့် မဟာမိတ်တပ်များက အသိပေးထားသည်။ လက်နက်ချ၊ အညံ့ခံ၊ အလံဖြူထောင်သောသူတိုင်းအား ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပြီး မိသားစုဆီသို့ ပို့ဆောင်ပေး၍လည်းကောင်း၊ မိမိတို့အဖွဲ့အစည်းထံတွင် တာဝန်ထမ်းဆောင်လိုပါက ထမ်းဆောင်၍လည်းကောင်း၊ ကာယကံရှင်၏ ဆန္ဒကို လိုက်လျော၍လည်းကောင်း အကောင်းဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု AA က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။