Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောင်ကောင်မှာ ကုန်တင်လေယာဉ် ပြေးလမ်းချော်ပြီး ပင်လယ်ထဲကျ၊ ၂ ဦးသေ

ဟောင်ကောင်မှာ ခရီးသည်တင် လေယာဉ်တစ်စီး ပြေးလမ်းချော်ထွက်ပြီး ပင်လယ်ထဲ ကျသွားခဲ့တာကြောင့် လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဟောင်ကောင်မှာ ခရီးသည်တင် လေယာဉ်တစ်စီး ပြေးလမ်းချော်ထွက်ပြီး ပင်လယ်ထဲ ကျသွားခဲ့တာကြောင့် လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၂၀ မနက် အစောပိုင်းတုန်းက ဟောင်ကောင် နိုင်ငံတကာ လေဆိပ်ကို ဆင်းသက်ချိန်မှာ လေယာဉ် မတော်တဆမှု ဖြစ်ခဲ့တာပါ။ ပြည်တွင်း မီဒီယာတွေက ဒီဖြစ်ရပ်မှာ အသေအပျောက် ၂ ဦး ရှိခဲ့တယ်လို့ အတည်ပြု ဖော်ပြခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေထဲမှာတော့ ACT လေကြောင်းလိုင်းရဲ့ Boeing 747 လေယာဉ်ဟာ ကမ်းစပ် ပင်လယ်ပြင်မှာ တစိတ်တပိုင်း နစ်မြုပ်နေတာကို တွေ့ရပါတယ်။ လေယာဉ်ရဲ့ ကိုယ်ထည်က နောက်ပိုင်း ပြတ်ထွက်နေခဲ့ပြီး ရှေ့ဖက် တံခါးပေါက်နားမှာတော့ အရေးပေါ် ရွှေ့ပြောင်းမှုတွေအတွက် အသုံးပြုတဲ့ လေထိုး လျှောစောက်တစ်ခုကို ကယ်ဆယ်ရေးတွေက တပ်ဆင်ပေးထားတာကိုလည်း မြင်ရပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေကတော့ လေယာဉ် အမှုထမ်း ၄ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ သေဆုံးသူတွေက လေယာဉ် အမှုထမ်းတွေ မဟုတ်ဘဲ လေယာဉ် ပြေးလမ်းနား၊ မြေပြင်ပေါ်က ယာဉ်တစ်စီးပေါ်မှာ ရှိနေခဲ့တဲ့ ဝန်ထမ်း နှစ်ဦးလို့ ဆိုပါတယ်။ သူတို့ရဲ့ ယာဉ်ကို လေယာဉ်က ဝင်တိုက်မိရာက အဖြစ်ဆိုးနဲ့ ကြုံခဲ့ကြတာလို့ တောင်တရုတ် မနက်ခင်းပို့စ် (SCMP) သတင်းစာက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟောင်ကောင် ရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ် အသေးစိတ်ကို မှတ်ချက် မပေးသေးပါဘူး။ လေယာဉ်ဟာ ဆင်းသက်ချိန်မှာ ဘာကြောင့် အခုလို လမ်းချော်မှု ဖြစ်ခဲ့သလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။

ဟောင်ကောင်ရဲ့ ကုန်တင်လေယာဉ် အတက်အဆင်း အထူထပ်ဆုံး လေဆိပ်ဖြစ်တဲ့ ဟောင်ကောင် နိုင်ငံတကာ လေဆိပ်ရဲ့ မြောက်ဖက်က ပြေးလမ်းကိုတော့ အခုဖြစ်စဉ် အပြီးမှာ ပိတ်ထားရပါတယ်။

ဟောင်ကောင် အရပ်ဖက် လေကြောင်း သယ်ယူပို့ဆောင်ရေး ဌာနကတော့ လေဆိပ်ရဲ့ မြောက်ဖက် ပြေးလမ်းဆီ ချဉ်းကပ်ပြီး ဆင်းသက်တဲ့ အချိန်မှာ လေယာဉ်က လမ်းကြောင်းချော်ထွက်ပြီး ပင်လယ်ထဲ ကျသွားခဲ့တာလို့ ကြေညာထားပါတယ်။

ACTရဲ့ ကုန်တင်လေယာဉ်တွေကို စင်းလုံးငှား အသုံးပြုနေတဲ့ Emirates လေကြောင်းလိုင်းက ခရီးစဉ်အမှတ် EK9788 လေယာဉ်ဟာ ဟောင်ကောင်မှာ ဆင်းသက်တဲ့အချိန် မတော်တဆဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ကြောင်း အတည်ပြုပါတယ်။ ဒီဖြစ်စဉ်မှာ လေယာဉ် အမှုထမ်းတွေ ဘေးကင်းခဲ့တယ်လို့ Emiratesက ကြေညာပါတယ်။ ပြီးတော့ လေယာဉ်ပေါ်မှာ ကုန်စည်တွေ တင်ဆောင်မလာခဲ့ဘူးလို့လည်း ပြောပါတယ်။

ACTဟာ တူရကီ လေကြောင်းလိုင်း တစ်ခုဖြစ်ပြီး အကြီးစား လေကြောင်းလိုင်းကြီးတွေရဲ့ အပိုဆောင်း ကုန်စည်တွေကို သယ်ယူပို့ဆောင်တဲ့ ဝန်ဆောင်မှုမျိုးလည်း ထောက်ပံ့လေ့ ရှိပါတယ်။ ပြေးလမ်းချော်မှု ဖြစ်ခဲ့တဲ့ လေယာဉ်ဟာ သုံးစွဲမှု သက်တမ်း ၃၂ နှစ် ရှိနေပြီး ကုန်တင်လေယာဉ်အဖြစ် မပြောင်းလဲခင်က ခရီးသည်တင် လေယာဉ် အနေနဲ့လည်း ပြေးဆွဲခဲ့ဖူးကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောင်ကောင်ရဲ့ ထင်ရှားတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ မီဒီယာ လုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင်ကို ထောင်ဒဏ် နှစ် ၂၀ စီရင် ချမှတ်လိုက်ပါတယ်။

သတင်း

အိမ်ရာ မီးလောင်မှုကြီးတစ်ခုနဲ့ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့တဲ့နောက် ဟောင်ကောင်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်အားလုံး ငြမ်းဆင်ရာမှာ အသုံးပြုတဲ့ အစိမ်းရောင်ပိုက်တွေကို ဖယ်ရှားဖို့ ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

လူပေါင်း ၁၅၀ ကျော် သေဆုံးစေခဲ့တဲ့ အိမ်ရာ မီးလောင်မှုကြီးအပြီး ဟောင်ကောင် အာဏာပိုင်တွေဟာ လူ ၁၃ ဦးကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။

နိုင်ငံတကာ

ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ အိမ်ရာ မီးလောင်မှုမှာ သေဆုံးစာရင်းဟာ ရာဂဏန်း နီးပါးထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။