အမေရိကန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့် ထင်ရာစိုင်းနေတာတွေကို လွှတ်ထားပေးလို့ မဖြစ်တော့ကြောင်း အမေရိကန် သမ္မတဟောင်း ဘာရတ် အိုဘားမားက ပြောကြားခဲ့ပါတယ်။
လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့် ပြည်နယ်နှစ်ခုရဲ့ ရွေးကောက်ပွဲတွေအတွက် ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု အုပ်ချုပ်ရေးမှူးလောင်းတွေအတွက် မဲဆွယ်ပေးချိန်မှာ အိုဘားမားက ထရမ့်ရဲ့ ဥပဒေမဲ့၊ အဆင်ခြင်မဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ရမယ့်အချိန် ရောက်နေပြီလို့ တိုက်တွန်း နှိုးဆော်ခဲ့တာ ဖြစ်ပါတယ်။
အိုဘားမားဟာ အမေရိကန် သမ္မတအဖြစ် ၄ နှစ်သက်တမ်း နှစ်ကြိမ်ဆက် တာဝန်ယူခဲ့ဖူးသလို ဒီမိုကရက်တစ် ပါတီရဲ့ ဩဇာအကြီးမားဆုံး နိုင်ငံရေးသမား တစ်ဦးအနေနဲ့ ရပ်တည်နေပါတယ်။ သူ့ရဲ့ သမ္မတသက်တမ်း အကုန်မှာ ထရမ့်က အမေရိကန် သမ္မတ ပထမသက်တမ်းကို ဆက်ခံယူခဲ့တာ ဖြစ်ပါတယ်။
ဗာဂျီးနီးယားနဲ့ နယူးဂျာစီ ပြည်နယ် အုပ်ချုပ်ရေးမှူးလောင်းတွေအတွက် မဲဆွယ် စည်းရုံးရေး ဆင်းပေးခဲ့ချိန်မှာ အိုဘားမားက ထရမ့်ရဲ့ ထင်ရာစိုင်းနေမှုတွေကို ဆက်ပြီး ခွင့်ပြုပေးထားလို့ မရတော့ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
အခြေအနေကို လက်တွေ့ ရင်ဆိုင်ဖို့ လိုကြောင်း၊ အမေရိကန်နိုင်ငံနဲ့ အမေရိကန်ရဲ့ မူဝါဒတွေဟာ လောလောဆယ် အမှောင်ခေတ်ထဲ ရောက်နေကြောင်း အိုဘားမားက ပြောပါတယ်။ ဗာဂျီးနီးယားရဲ့ နော်ဖော့ခ် တက္ကသိုလ်ထဲမှာ ပြုလုပ်တဲ့ အဲဒီ မဲဆွယ်ပွဲကို တက်ရောက်လာသူတွေက အိုဘားမားရဲ့ စကားကို သောင်းသောင်းဖြဖြ အားပေး ထောက်ခံခဲ့ပါတယ်။
ထရမ့်ရဲ့ လုပ်ရပ်တွေကို တုံ့ပြန်ဖို့ ဘယ်ကနေ ဘယ်လို စရမှန်းတောင် မသိလောက်အောင် ခက်ခဲ ရှုပ်ထွေးနေကြောင်း၊ လက်ရှိ ကာလမှာ အိမ်ဖြူတော် ကိုယ်တိုင်က လူတွေကို ဥပဒေမဲ့မှု၊ အဆင်ခြင်မဲ့မှု၊ ဆိုးညံ့တဲ့ စိတ်ထားတွေ နိုးကြားစေမှု၊ ရူးမိုက်မှုတွေ ဖြစ်လာအောင် လမ်းဖွင့်ပေးနေလို့ဖြစ်ကြောင်း အိုဘားမားက ဆိုပါတယ်။
နောက်ပြီး မိတ်ဖက်တွေ အပါအဝင် ကုန်သွယ်ဖက် နိုင်ငံတွေအပေါ် အခွန်တိုးမြှင့် စည်းကြပ်မှုတွေကို လက်နက်တစ်ခုလို အသုံးချနေတဲ့ ထရမ့်ရဲ့ မူဝါဒတွေက ရှက်စရာ ကောင်းလွန်းတယ်လို့ သူက ဝေဖန်ခဲ့ပြီး အမေရိကန်က မြို့ကြီးတွေထဲ လုံခြုံရေး အကြောင်းပြပြီး စစ်တပ်တွေ ခေါ်သွင်းခဲ့တဲ့ လုပ်ရပ်ကိုလည်း ရှုတ်ချခဲ့ပါတယ်။ ဒါ့အပြင် လွှတ်တော်ထဲက ရီပတ်ဘလစ်ကန် ပါတီဝင်တွေဟာ သူတို့ပါတီ ကိုယ်စားပြု သမ္မတက စည်းလွတ်ဝါးလွတ် ဖြစ်နေမှန်း သိလျက်နဲ့ မဟန့်တားရဲ၊ ထောက်မပြရဲကြဘူးလို့လည်း အိုဘားမားက ပြစ်တင် ပြောဆိုသွားပါတယ်။
မကြာသေးခင်ကလည်း အိုဘားမားဟာ အမေရိကန် အစိုးရက ဘတ်ဂျတ်ကိစ္စ ညှိနှိုင်းမှု အဆင်မပြေလို့ shutdown ချထားရတဲ့ ကာလမျိုးမှာ ထရမ့်က အိမ်ဖြူတော်ကို သူ့စိတ်တိုင်းကျ ပြန်ပြင်ပြီး မွမ်းမံ တည်ဆောက်နေတဲ့အပေါ် သရော်ခဲ့ပါသေးတယ်။ အစိုးရ shutdown ဖြစ်နေတာနဲ့ ပတ်သက်လို့ ထရမ့်က အတော်လေး အရေးကြီးတဲ့ ကိစ္စတွေကို အာရုံစိုက်နေပုံ ပေါ်ကြောင်း၊ ဥပမာ အိမ်ဖြူတော်ရဲ့ ရို့စ်ဂါးဒန်းဖက်မှာ လူတွေရဲ့ ဖိနပ်တွေ ရွှံ့မစင်ရအောင် ဂရုစိုက်ပေးတာမျိုး၊ အိမ်ဖြူတော်ရဲ့ ball roomကို ချဲ့ထွင်စေတာမျိုးတွေကို အရေးတကြီး လုပ်ဆောင်နေကြောင်း အိုဘားမားက လှောင်ပြောင်သွားပါတယ်။
ကိုးကား: Reuters


















































