Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သဘောမကျတဲ့သူ နယူးယောက် မြို့တော်ဝန် ဖြစ်လာရင် ရန်ပုံငွေ ထောက်ပံ့မှုတွေ ဖြတ်တောက်မယ်လို့ ထရမ့်ခြိမ်းခြောက်

သဘောမကျတဲ့သူက နယူးယောက် မြို့တော်ဝန် ဖြစ်လာမယ်ဆိုရင် ဖက်ဒရယ် အစိုးရရဲ့ ရန်ပုံငွေ ထောက်ပံ့မှုတွေကို လျှော့ချပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

မြို့တော်ဝန်လောင်း ဇိုဟ်ရန် မမ်ဒါနီ (ဓာတ်ပုံ - Getty Images)

သဘောမကျတဲ့သူက နယူးယောက် မြို့တော်ဝန် ဖြစ်လာမယ်ဆိုရင် ဖက်ဒရယ် အစိုးရရဲ့ ရန်ပုံငွေ ထောက်ပံ့မှုတွေကို လျှော့ချပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

သူက နယူးယောက် မြို့တော်ဝန် ရွေးကောက်ပွဲမှာ အန်ဒရူး ကူအိုမိုကို ထောက်ခံကြောင်း ကြေညာခဲ့ပြီး မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့လည်း လက်ဝဲယိမ်း မြို့တော်ဝန်လောင်း ဇိုဟ်ရန် မမ်ဒါနီကို စွန့်ပယ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

နယူးယောက်သားတွေ အနေနဲ့ ကူအိုမိုကို ပုဂ္ဂိုလ်ရေးအရ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မဲပေးကြရမှာ ဖြစ်ကြောင်း၊ တခြားရွေးစရာလည်း မရှိကြောင်း၊ ကူအိုမိုကလည်း ထူးခြားပြောင်မြောက်တာတွေ လုပ်ဆောင်ပြဖို့ သူမျှော်လင့်ကြောင်း ထရမ့်က လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

ထရမ့်က ကူအိုမိုဟာ ထူးထူးခြားခြား စွမ်းဆောင်မှုတွေ လုပ်ပြနိုင်မှာ ဖြစ်ပေမယ့် မမ်ဒါနီဆီကတော့ ဘာမှ မျှော်လင့်စရာ မရှိဘူးလို့ ဝေဖန်သွားပါတယ်။ ကူအိုမိုရော၊ မမ်ဒါနီပါ ထရမ့်ရဲ့ ပြိုင်ဘက် ဒီမိုကရက်တစ် ပါတီဝင်တွေ ဖြစ်ကြပြီး လူထုအမြင် စစ်တမ်းတွေမှာတော့ မမ်ဒါနီက အသာစီး ရနေပါတယ်။

Public Service Announcement

Public Service Announcement

ကူအိုမိုကတော့ သူ့ကို ထရမ့်က ထောက်ခံတယ်ဆိုတဲ့အပေါ် ဘာမှ မခံစားရဘူးလို့ ပြောပါတယ်။ တကယ်တမ်းကျတော့ ထရမ့်ဟာ သူ့ကို ထောက်ခံနေတာ မဟုတ်ဘဲ မမ်ဒါနီကို ဆန့်ကျင်ချင်တာသာ ဖြစ်တယ်လို့ ကူအိုမိုက ပြောပါတယ်။

ထရမ့်က သူ့ရဲ့ဇာတိဖြစ်တဲ့ နယူးယောက်မြို့မှာ မမ်ဒါနီသာ မြို့တော်ဝန်အဖြစ် တင်မြှောက်ခံရရင် ဖက်ဒရယ် အစိုးရရဲ့ ရန်ပုံငွေ ခွဲဝေပေးမှုတွေကို အနိမ့်ဆုံးအဆင့်မျိုးထိ လျှော့ချဖို့ စဉ်းစားထားကြောင်းလည်း အရိပ်အမြွက် သတိပေးထားပါတယ်။ နယူးယောက် မြို့တော်ဝန် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု ကားတစ် ဆလီဝါလည်း ပါဝင် ယှဉ်ပြိုင်နေပေမယ့် ဒီမိုကရက်တစ် ပြိုင်ဘက်နှစ်ယောက်ထက် အပြတ်အသတ် လူကြိုက်နည်းနေပါတယ်။

ထရမ့်က သူ့ရဲ့ ရီပတ်ဘလစ်ကန် ပါတီဝင် လုပ်ဖော်ကိုင်ဖက် ဆိုပေမယ့် ဆလီဝါကို ထောက်ခံမှာ မဟုတ်ကြောင်း ပြောပါတယ်။ ဆလီဝါကို ထောက်ခံလိုက်တာဟာ မမ်ဒါနီကို ထောက်ခံလိုက်တာနဲ့ အတူတူပဲ ဖြစ်ကြောင်း၊ မမ်ဒါနီသာ နယူးယောက် မြို့တော်ဝန် ဖြစ်လာရင် သူ့ရဲ့ ဇာတိမြို့ဟာ အနိမ့်ဆုံး လိုအပ်ချက် သတ်မှတ်ထားတဲ့ ပမာဏထက်ပိုပြီး ဖက်ဒရယ် ရန်ပုံငွေတွေ လက်ခံရရှိနိုင်တော့မယ် မထင်ကြောင်း ထရမ့်က ဆိုပါတယ်။

ထရမ့်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း မမ်ဒါနီကို ကွန်မြူနစ် တစ်ဦးလို့ စွပ်စွဲ ပုတ်ခတ်ခဲ့ပါသေးတယ်။ နယူးယောက်ကို ကွန်မြူနစ် တစ်ယောက်က ခြယ်လှယ် အုပ်ချုပ်နေတဲ့ အခါမှာ အမေရိကန် သမ္မတ အနေနဲ့ ဒါကို ထောက်ခံပြီး ငွေကြေးတွေ အများကြီး ပံ့ပိုးပေးဖို့ တွေးရခက်သွားပြီလို့ သူက ပြောပါတယ်။ ကွန်မြူနစ် မြို့တော်ဝန် တစ်ယောက်ဆီ ပေးပို့တဲ့ ငွေကြေး မှန်သမျှဟာ ဖြုန်းတီးမှုသက်သက် ဖြစ်လာလိမ့်မယ်လို့လည်း ထရမ့်က မှတ်ချက်ပေးသွားပါတယ်။

မမ်ဒါနီကတော့ ထရမ့်ရဲ့ စကားတွေဟာ ဥပဒေနဲ့ ညီညွတ် ဆီလျော်မှု မရှိဘဲ ခြိမ်းခြောက်မှု သက်သက်တွေသာ ဖြစ်ကြောင်း၊ ဥပဒေတွေနဲ့ ကိုက်ညီမှုလည်း မရှိကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။ နယူးယောက်မြို့ဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေး နှစ်တုန်းက ဖက်ဒရယ် အစိုးရဆီကနေ ဒေါ်လာ ၇.၄ ဘီလီယံ လက်ခံရရှိခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

သတင်း

ကြားကာလ ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ ဆက်လက် အနိုင်ရပြီး လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် အမေရိကန် နိုင်ငံသားတွေကို ဒေါ်လာ ၅၀၀၀ စီ ပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

Facebook