ကချင်၊ကယား၊ ကရင်၊ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နင့် ရှမ်း အပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံမှ ဆရာဝန်များ၊ ကျန်းမာရေးပညာရှင်များ၊ ကိုယ်စားလှယ်များ ပါဝင်မည့် ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ(FHPC)ကို အမျိုးသားကျန်းမာရေးကော်မတီ (NHC)က ဖွဲ့စည်းလိုက်သည်။
နွေဦးတော်လှန်ရေး ဆင်နွှဲလျက်ရှိသော တော်လှန်ရေးကြားကာလ အတွင်း နှင့် တော်လှန်ရေးအောင်မြင်ပြီး အသွင်ကူးပြောင်းရေးကာလ တွင် ကျန်းမာရေးပညာရှင် လုပ်သားအင်အားစုများအားလုံး၏ အကျိုးစီးပွားကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝဖြင့် ဖော်ဆောင်ပေးရန် ရည်ရွယ်ပြီး ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းယနေ့(ဒီဇင်ဘာ ၁ရက်)ထုတ်ပြန်သည်။

အဆိုပါကောင်စီတွင် ဒေါက်တာခင်မောင်လွင် ၊ ဒေါက်တာခင်စောဝင်း ၊ ဒေါက်တာဆလိုင်းပါကျင် ၊
၊ဒေါက်တာမြင့်ချို ၊ ဒေါက်တာစင်သီယာမောင် ၊ ဆရာစောလားဆာ ၊ ဆရာစောနေထူး ၊ ရှမ်းကျန်းမာရေးအဖွဲ့မှ တစ်ဦး ၊ချင်းကျန်းမာရေးအဖွဲ့မှ တစ်ဦး ၊ကချင်ကျန်းမာရေးအဖွဲ့မှ တစ်ဦး ၊ရခိုင်ကျန်းမာရေးအဖွဲ့မှ တစ်ဦး၊ ဒေါက်တာနိုင်ရွှေသိန်း ၊ ဆရာခူးပလူးရယ် ၊ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့မှ ကိုယ်စားပြုသူများ ၊အခြား ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်သည်။ထိုအပြင်အဖွဲ့ဝင်ဦးရေကို
တိုးချဲဖွဲ့စည်းသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ၏ ရည်ရွယ်ချက်များမှာ အရည်အသွေးပြည့်ဝ၍ ထိရောက်မှုနှင့် လုံခြုံမှုရှိသော ကျန်းမာရေးစောင့်ရှောက်မှုကို ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော တိုင်ရင်းသားလူမျိုးစုအားလုံး တစ်ပြေးညီ ခံစားခွင့် ရရှိကြစေရန်အတွက်ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

ထို့ပြင် ကျန်းမာရေးပညာရှင် လုပ်သားအင်အားစုများအားလုံး၏ ဆေးပညာဗဟုသုတ၊ ကျန်းမာ ရေးစောင့်ရှောက်မှု အရည်းအသွေးနှင့် အဆင့်အတန်းကို အသိအမှတ်ပြုပြီး အစဉ်တစိုက် ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ရန်၊ တိုင်းရင်းသားဒေသအသီးသီးတွင် ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်နေသော လုပ်သား အင်အားစုများကို အသိအမှတ်ပြုရန်၊ ဖွင့်လှစ်ဆောင်ရွက်နေသော ကျန်းမာရေး သင်တန်းအသီးသီးတို့၏ အရည်အသွေးကို မြှင့်တင်ဆောင်ရွက်ရန်၊ ကျန်းမာရေးလုပ်သားအင်အားစုအတွင်း ဆေးပညာရပ်ဆိုင်ရာ တိုးတက်မှုများကို ခေတ် နှင့်အညီ စဉ်ဆက်မပြတ် လေ့လာဆည်းပူးနိုင်ရေးနှင့် ကျင့်ဝတ်သိက္ခာများကို လိုက်နာ စောင့်ထိန်းရေး စသည်တို့ကို ကြပ်မတ်ထိန်းသိမ်းရန် တို့အတွက်လည်း ရည်ရွယ်ကြောင်း ဖော်ပြထားသည်။
ကျန်းမာရေးလုပ်သားအင်အားစုများ ရရှိခဲ့သည့် ဘွဲ့ဒီဂရီအလိုက် အသိအမှတ်ပြု လက်မှတ်များ၊ ထောက်ခံချက်များ၊ လုပ်ငန်းလိုင်စင်များ ထုတ်ပေးနိုင်ရေး စီစဉ် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။
ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များအဖြစ် ကြားကာလနှင့် အသွင်ကူးပြောင်းရေးကာလများအတွင်း ဖက်ဒရယ်ပြည်ထောင်စုအတွင်းရှိ ဆေးပညာရပ်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများက မွေးထုတ်ပေးလိုက်သော အင်အားစုများအား အသိအမှတ်ပြု လိုင်စင်ထုတ်ပေးရေး၊ ကျန်းမာရေးလုပ်သားအင်အားစုများ၏ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးနှင့် အဆင့်အတန်းကို ထိန်းသိမ်းမြှင့်တင်နိုင်ရန် လေ့လာဆန်းစစ်ခြင်း၊ လိုအပ်သလို ပြုပြင် ဆောင်ရွက်ခြင်းများ ပြုလုပ်ရေး စသည့်အချက်များကို လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်သည်။
ထို့ပြင်ကျန်းမာရေးလုပ်သားအင်အားစုများ၏ နစ်နာမှုများကို ကြားနာစစ်ဆေးပြီး ခုခံကာကွယ် ပေးရေး၊ ကျင့်ဝတ် သိက္ခာများလိုက်နာထိန်းသိမ်းရန်ပျက်ကွက်မှုများနှင့်ပတ်သက်၍ပြုပြင်တည့်မတ်ပေးရေးနှင့် သင့်တင့် လျောက်ပတ်သည့် အရေးယူမှုများ ဆောင်ရွက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုအတွင်းရှိ ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း ကို လုံခြုံစိတ်ချမှုရှိစေရန် လိုအပ်သော စံချိန်စံညွှန်းများ သတ်မှတ်ထုတ်ပြန်ခြင်း၊ ဆန်းစစ်ခြင်းနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်ရန် ကူညီကြီးကြပ်ပေးရေး၊ တိုင်းရင်းသားလူမျိုးစု အားလုံးတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း မြင့်မားလာစေရန် သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့ အစည်းများအားလုံးနှင့် ဆွေးနွေး၊ တိုင်ပင်ရေး၊ အကြံဉာဏ်များ ညှိနှိုင်းဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့ကိုလည်း ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။


















































